[irrawaddy_gallery]
အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းထဲကို ရောက်သွားချိန်မှာ ကျွန်း၊ ပိတောက်၊ ပျဉ်းက တိုး၊ အင်၊ တမလန်း စတဲ့ အဖိုးတန် သစ်ပင်၊ သစ်တောတွေ အပြိုင်းအရိုင်း ရှိနေသေးတာကို လက်တွေ့မြင်လိုက်ရပါတယ်။
“သစ်တောတွေ ဒီလောက်ကျန်နေသေးတာဟာ လူသူအရောက်ပေါက် နည်းလို့ပဲ” လို့ အလောင်းတော်ကဿပ ဘုရားဂေါပက ဦးဆောင်သည့် ဖိုဝင်တောင်ဆရာတော် ဥူးသုမနက မိန့်ပါတယ်။
အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းဟာ ပွင့်လင်းရာသီ ရောက်မှသာ ပြည်တွင်းပြည်ပ ဘုရားဖူး ခရီးသွားတွေ လာတတ်ကြတဲ့အတွက် လူအစည်ကားဆုံး အချိန်ဟာ တနှစ်မှာ ၃ လလောက်သာ ရှိပါတယ်။
သစ်တောကြိုးဝိုင်းအဖြစ် စတင်သတ်မှတ်ခံခဲ့ရတဲ့ ၁၉၈၄ ခုနှစ် ဝန်းကျင်ကာလတွေမှာ ဆင်၊ ကျား၊ ကျားသစ်၊ ချေ (ဂျီ) ၊ သမင်၊ မျောက်၊ ပသျှူးဝက်ဝံစတဲ့ တောနေသတ္တဝါတွေ အစုံကျင်လည် ကျက်စားခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ လုံးဝနီးပါး မျိုးသုန်းပျောက်ကွယ်လာတယ်လို့ ဒေသခံတွေရဲ့ အပြောအရ သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော်လောက်က ဒေသခံတွေဟာ လမ်းပေါ်မှာ တောကောင်တွေကို မြင်ခဲ့ဖူးပေမယ့် အခု နောက်ပိုင်းမှာတော့ တောဆင်ရိုင်း ၆ ကောင်အုပ်စုလောက်ကလွဲရင် အခြားတောတွင်း တိရိစ ္ဆာန်တွေကို မမြင်ရ တော့ဘူးလို့ ဆရာတော်က မိန့်ပါတယ်။
ဆရာတော်က ဆက်လက်ပြီး “အစိုးရအဆက်ဆက်က တာဝန်ရှိသူတွေ လာတဲ့အခါ ဒီတောကြီးက အရှေ့တောင်အာရှမှာ အကောင်းဆုံးတော လို့ ပြောခဲ့ကြပေမယ့် အခုချိန်ထိ ထိထိရောက်ရောက် ထိန်းသိမ်းရေးတွေကို လုပ်တာမမြင်ရသေးဘူး”လို့ ဧရာဝတီကို မိန့်ကြားပါတယ်။
လက်ရှိအနေအထားအရ သစ်တောကြိုးဝိုင်းထဲမှာ ဆင်စခန်း ၂ ခုရှိပြီး၊ ဆင်အကောင်ရေ ၂၅ ကောင်ရှိပါတယ်။ ဘုရားဖူးရာ သီဆိုရင်တော့ တခြားသစ်ထုတ်လုပ်ရေးစခန်းက ဆင်တွေပါလာပြီး လာရောက်လည်ပတ်သူတွေကို ပို့ဆောင်တဲ့အလုပ်ကို လုပ်ကြတဲ့အချိန်မှာတော့ အကောင်ရေ ၁၀၀ ကျော်ဖြစ်လာပါတယ်။
မိုင် ၆၀ ပတ်လည်လောက် ကျယ်ပြန့်တဲ့ အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်း ထိန်းသိမ်းရေးအတွက် လက်နက်ကိုင် ပြည်သူ့စစ်အင်အား ၂၀ ကျော်က လက်နက်အင်အား ၂၀ ခန့်နဲ့တာဝန်ယူထားရပါတယ်။
ပြည်သူ့စစ်တွေ ဖွဲ့စည်းထားပေမယ့် တာဝန်နဲ့လူအင်အားမမျှတာကြောင့် တခါတခါ သစ်တောထဲ ကင်းလှည့်တဲ့ အခါ ဆင်စခန်းတွေက ဆင်ဦးစီးတွေကပါ ဝိုင်းဝန်းကူညီပေးရတယ်လို့ ဆင်ဦးစီး ကိုဝင်းကျော် က ဆိုပါတယ်။
ဒါ့အပြင် သစ်တောကြိုးဝိုင်း ထိန်းသိမ်းရေးအတွက် ခန့်ထားတဲ့ ဆင်ဦးစီးနဲ့ ပြည်သူ့စစ်တွေထဲမှာ အတည်ခန့် ဝန်ထမ်းက ထက်ဝက်လောက်သာ ရှိနေသေးပြီး တော်တော်များများကတော့ နေ့စားဝန်ထမ်းပုံစံမျိုးနဲ့သာ လုပ်ကိုင်နေကြရတယ်လို့ သူက ရှင်းပြပါတယ်။ ဝန်ထမ်းအင်အားမမျှနဲ့ ထိန်းသိမ်းကိုင်တွယ်နိုင်မှု အားနည်းချက်တွေကြောင့် လက်ရှိအချိန်မှာ သစ်ခိုးထုတ်သူ တွေ ရှိနေဆဲဖြစ်တယ်လို့ ဆရာတော် ဥူးသုမနက မိန့်ပါတယ်။
“ဒီလောက်ဝန်ထမ်းလေးတွေနဲ့ ထိန်းသိမ်းဖို့ဆိုတာ လက်တွေ့မှာ ဖြစ်နိုင်ပါ့မလား။ တကယ်တမ်းလုပ်ရမှာက အစိုးရပဲ။ လက်ရှိအုပ်ချုပ်ရေးမှူးကတော့ သူတတ်နိုင်သလောက် သစ်ခိုးထုတ်တဲ့သူတွေ၊ တောလိုက်မုဆိုးတွေ ကို ဖမ်းပါတယ်။ အရင် အုပ်ချုပ်ရေးမှူး ၂ ဦးတုန်းကဆိုရင် သစ်တောထဲကိုတောင် ရောက်ဖူးခဲ့တဲ့သူတွေ မဟုတ်ဘူး” လို့ ဆရာတော် ဥူးသုမနက ဆက်လက်မိန့်ကြားပါတယ်။
လက်ရှိအချိန်မှာ သစ်ခိုးထုတ်ကြသူတွေနဲ့ မုဆိုးတွေကို လူကိုယ်တိုင် လက်ပူးလက်ကြပ် ဖမ်းမိခြင်းမရှိပေမယ့် ၎င်းတို့၏ လက်နက်တွေနဲ့ အသုံးအဆောင်တွေကို မကြာခဏ ဖမ်းမိလေ့ရှိပြီး၊ မိမိတို့အနေနှင့်လည်း ရက်ခြားပြီး ကင်းလှည့်စောင့်ကျပ်မှုများ ပြုလုပ်လေ့ရှိတယ်လို့ အလောင်းတော် ကဿပအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ဧရာဝတီကို ရှင်းပြပါတယ်။
ယခင်အချိန်တွေတုန်းက ဆိုရင် တောလိုက်မုဆိုးတွေကြောင့် တောဆင်ရိုင်းတွေနဲ့တကွ တောနေတိရစ္ဆာန်တွေ အများအပြား သတ်ဖြတ်ခံခဲ့ရပြီး၊ အလောင်းတော် ကဿပအနောက်ဘက်နဲ့ မြောက်ဘက်တောတွေမှာ ချင်းတိုင်းရင်းသား မုဆိုးတွေ ဝင်ရောက်လို့ တောဆင်ရိုင်းတွေက အရှေ့ဘက်ကို စားကျက်ပြောင်းလာ တယ်လို့ သူက ဆိုပါတယ်။
ယခင်အချိန်တွေက သစ်တောကြိုးဝိုင်းထိန်းသိမ်းရေး ဝန်ထမ်းတွေမှာ လက်နက်ပေးမထားတဲ့အတွက် တောလိုက်မုဆိုးတွေနဲ့ သစ်ခိုးထုတ်သူတွေရဲ့ ရန်ကိုကာကွယ်နိုင်ဖို့အတွက် အခက်အခဲရှိခဲ့ပြီး၊ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် ကြောက်ရွံ့ခဲ့ရတယ်လို့ သူက ဆက်လက်ပြောပါတယ်။
“ကျနော်ကတော့ တတ်နိုင်သမျှ သစ်တောထိန်းသိမ်းရေးဘက်ကို ဦးတည်လုပ်နေတာပဲ။ ကျနော်ကိုယ်တိုင် ကလည်း သစ်တောကို ချစ်တဲ့သူ ဆိုတော့ ဒီလိုလုပ်ရတာကို တကယ်သဘောကျတယ် သစ်ခိုးထုတ်တဲ့သူတွေ၊ မုဆိုးတွေက လက်နက်တွေပဲ အမိခံပြီး လူလွတ်ပြေးကြတယ်။ လက်နက်ကိုင်ထား တော့မှ သူတို့က သိပ်မဝင် တော့တာ။ ဒါပေမယ့် ကျနော်တို့မှာရှိနေတဲ့ လက်နက်တွေက အားနည်းတဲ့အပြင် ကျည်ဆံ တွေကလည်း ကျည်အ (ယမ်းမပေါက်တဲ့ ကျည်) တွေများတယ်” လို့ ဦးမြင့်ကျော်က သူတို့ရဲ့ အခက်အခဲကို ရှင်းပြပါတယ်။
အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ရှိနေပေမယ့် ပုလဲ၊ ဂန့်ဂေါ်၊ ကလေး၀ စတဲ့နယ်တွေနဲ့ နယ်နမိတ်ချင်း ထိစပ်နေပါတယ်။ အုပ်ချုပ်ရေးပိုင်းရဲ့ ဥပဒေစိုးမိုးမှုကလည်း အရှေ့ ဘက်အခြမ်းတွေကိုသာ ဖိဖိစီးစီး အုပ်ချုပ်နိုင်လို့ ကျန်တဲ့နေရာတွေမှာ ကင်းစခန်းတွေရှိပေမယ့် ထိန်းသိမ်းရေး ဘက်မှာ အားနည်းချက်တွေ ရှိနေတာ တွေ့ရပါတယ်။
အခုဆိုရင် ကမ္ဘာ့သားရဲတိရိစ္ဆာန်များ ထိန်းသိမ်းရေး (Wilelife Conservation Society-WCS) ကလည်း တောဆင်ရိုင်းတွေရဲ့ အရေအတွက်ကို တိတိကျကျ စာရင်းကောက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ WCS က တောဆင်ရိုင်း စီမံကိန်းတာဝန်ခံ ဒေါက် တာ စောထူးသာဖိုးက ဧရာဝတီကို ပြောပါတယ်။
တောဆင်ရိုင်းတွေနဲ့ ပတ်သက်လို့ ထိန်းသိမ်းရေး စီမံချက်ကို ဒီနှစ်မှာ စတင်အကောင်အထည် ဖော်နေပြီး အဓိက တောဆင်ရိုင်းတွေ ကျက်စားတဲ့နေရာနဲ့ တောဆင်ရိုင်းအရေအတွက်ကို စရင်းကောက်ယူဖို့ စတင်နေပြီ လို့ သူက ဆိုပါတယ်။
တောကောင်တွေ ရှားပါးလာရတဲ့ အကြောင်းရင်းတွေထဲမှာ လွန်ခဲ့တဲ့ ၆ နှစ်လောက်က နိုင်ငံခြားကုမ္ပဏီတစ်ခုက သစ်တောကြိုးဝိုင်းထဲမှာ ရေနံလာရှာဖွေခဲ့တာကလည်း အဓိကအကြောင်းရင်း တခုဖြစ်မယ်လို့ အလောင်းတော် ကဿပ ဆင်စခန်းက ဆင်ဦးစီးတွေရဲ့ခေါင်းဆောင်ကလည်း ဧရာဝတီကို ပြောပါတယ်။
“အဲဒီအချိန်မတိုင်ခင်က တောကောင်တွေ တော်တော်လေးတွေ့ရသေးတယ်။ သူတို့က ရေနံလာရှာတယ် ဆိုပြီး တောထဲ မှာစခန်းချ နေထိုင်ရင်း တောကောင်တွေကို ပစ်ခတ်ခဲ့တာ။ အဲဒီခေတ် အစိုးရအဖွဲ့နဲ့ ချိတ်ဆက် လုပ်နေတာဆိုတော့ ကျနော်တို့က ဘာသွားပြောလို့ရမှာလဲ” လို့ သူကဆိုပါတယ်။
အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းထဲမှာ နို့တိုက်သတ္တဝါမျိုးစိတ် ၃၃ မျိုး၊ တွားသွားနဲ့ ကုန်းနေ၊ ရေနေ သတ္တဝါ မျိုးုစိတ် ၉၄ မျိုး၊ လိပ်ပြာမျိုးစိတ် ၂၅၀ မျိုး၊ ငှက်မျိုးစိတ် ၂၈၀ မျိုး၊ အင်းဆက်မျိုးစိတ် ၄၂ မျိုး ကျင်လည် ကျက်စားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းတွေအရ သိရပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်က ဒီသစ်တောကြိုးဝိုင်းထဲမှာ ကျက်စားနေကြတဲ့ တောဆင်ရိုင်းတွေကို ရေဒီယို ကော်လာစက်တပ်ပြီး လေ့လာချက်အရ အိန္ဒိယနိုင်ငံအထိ ရွှေ့ပြောင်းကျက်စားကြတယ်လို့လည်း မှတ်တမ်းတွေက ဆိုပါတယ်။
“ကျနော်တို့ ထောင်ချောက်ကင်မရာတွေ တပ်ဆင်ခဲ့ဖူးသေးတယ်။ ဒါပေမယ့် အဲဒီကင်မရာတွေကို သစ်ခိုး ထုတ်တဲ့သူတွေ၊ မုဆိုးတွေက ဖျက်ဆီးခဲ့တဲ့အတွက် အခုဆိုရင် ကင်မရာတော်တော်များများက သုံးမရတော့ဘူး။ အရင်က ရှိခဲ့တယ်ဆိုတဲ့ ကျားသစ်တွေဆိုရင်လည်း အခုဆို တခါတခါ အသံသာကြားရတယ်။ အကောင်မတွေ့ တော့ဘူး။ သူတို့ သွားလာခဲ့တဲ့ ခြေရာ၊ အညစ်အကြေးတွေလောက်ပဲ တွေ့ရတယ်” လို့ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ဆိုပါတယ်။
အရင်အချိန်များက အလောင်းတော်ကဿပ သစ်တောထဲကို သစ်ခွမုဆိုးများရော၊ ငှက်ဖမ်းသူများရော လာရောက် ခဲ့ကြတယ်လို့ ဆင်ဦးစီး ကိုမင်းမင်းကပြောပါတယ်။
တချို့နိုင်ငံခြားသားတွေက ငှက်တွေကို ဖမ်းဆီးကာ ရင်ခွဲ၊ ဆေးစိမ်ပြီးယူသွားတတ်ကြပြီး၊ ရှားပါးသစ်ခွတွေကို ခွာယူကာ စီးပွားဖြစ်ရောင်းစားသူတွေလည်း ရှိခဲ့တယ်လို့ သူကဆက်ပြောတယ်။
ကိုမင်းမင်းက “အရင်အချိန်တုန်းက သစ်ခိုးထုတ်တာတို့၊ မုဆိုးတို့ကို ကျနော်တို့ကဖမ်းပြီးသက်ဆိုင်ရာတွေဆီ ပို့ပေးတယ်။ ဒါပေမယ့် တကယ်တမ်းအရေးတယူလုပ်တာမတွေ့ရတော့ နောက်ပိုင်း ပို့ဖို့သိပ်မလုပ်တော့ဘူး။ အခု အုပ်ချုပ်ရေးမှူး အသစ်ရောက်လာတော့ သစ်ခိုးထုတ်တဲ့သူတွေရော၊ မုဆိုးတွေကိုရော နိမ်နင်းတော့ ကျနော်တို့ထိန်းသိမ်းရေးလုပ်ရတာ အားပြန်ဖြစ်လာတယ်။ ဟိုတလောလေးကပဲ နိုင်ငံခြားသားပါ ပါတဲ့ သစ်ခိုးအဖွဲ့ မိသွားသေးတယ်” လို့ ဆိုပါတယ်။
လက်ရှိအချိန်အထိအလောင်းတော် ကဿပ တောလမ်းက မိုးတွင်းကာလတွင် ခရီးသွားလာရ ခက်ခဲ့တဲ့အတွက် အခုလို သစ်တောကောင်းစွာ ကျန်နေသေးတာ၊ နွေ၊ မိုး၊ ဆောင်းသုံးရာသီလုံး အသုံးပြုလို့ရတဲ့ လမ်းမျိုးသာ ဖြစ်လာခဲ့မယ်ဆိုရင် သစ်တောပြုန်းတီးမှု ဖြစ်မှာလို့ ဆရာတော် ဥူးသုမနက မိန့်ပါတယ်။
လမ်းကောင်းသွားမယ်ဆိုရင် နည်းမျိုးစုံနဲ့သစ်ခိုးထုတ်ကြသူတွေ လာရောက်နိုင်တဲ့အပြင် အရင်အတွေ့အကြုံ တွေအရ ကုမ္ပဏီကသစ်ထုတ်လုပ်သည့်နေရာမှာ အသုံးပြုတဲ့ လမ်းတွေကိုပင် သစ်ခိုးထုတ်ကြသူတွေ အသုံးပြုခဲ့ ကြတယ်လို့ ဆရာတော်က ဆက်မိန့်ပါတယ်။
“ဒီတော ဒီတောင်ကို တကယ်ထိန်းသိမ်းချင်တယ်ဆိုရင် ဝန်ထမ်းအင်အားလည်း ထပ်တိုးချဲ့ဖို့လိုသလို ထိထိ ရောက်ရောက်နဲ့ တစိုက်မတ်မတ် လုပ်စေချင်တယ်။ မြန်မာနိုင်ငံမှာ ဒီလိုတောမျိုးကျန်တာ နေရာများများ မရှိတော့ဘူး။ အခုက အရှေ့ပိုင်းတွေလောက်ပဲ အင်တိုက်အားတိုက် ထိန်းသိမ်းရေးလုပ်နိုင်တာ။ ဒီတော၊ ဒီတောင်တွေ ပျက်စီးရင် ဒီထဲမှာ ကျက်စားကြမယ့် တိရိစ္ဆာန်တွေရဲ့အနေအထားလည်း အားလုံးပျက်စီးမှာပဲ။ ပါးစပ်ပြောတွေနဲ့ ထိန်းသိမ်းရေး လုပ်နေတာ မျိုးမလိုချင်တော့ဘူး” လို့ ဆရာတော်က မိန့်ကြားပါတယ်။