လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှ မိုင်းခွဲမှုကြောင့် လယ်တီဆရာတော်ကြီး၏ သိမ်ကျောင်း အက်ကွဲမှုများ ရှိ၊ မရှိ သွားရောက် ကြည့်ရှုခွင့် မရသဖြင့် သပိတ်စခန်းများ ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ယင်းစီမံကိန်းက အောက်တိုဘာ ၃၁ ရက် ညနေ ၃ နာရီခန့်တွင် မိုင်းခွဲခဲ့ရာ လယ်တီ ဆရာတော်ကြီး၏ သိမ်ကျောင်း အက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ကြားသိရသော်လည်း ဒေသခံများကို သွားရောက် ကြည့်ခွင့် မပြုသဖြင့် သပိတ်စခန်းကို နိုဝင်ဘာ ၂ ရက်နေ့မှ စတင်၍ ပြန်လည် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာမှ ခွင့်မပြုပါက ကြီးမားသည့် အင်အားသုံးကာ ဆက်တိုက် သပိတ်စခန်းများ ခွဲဖွင့်သွားမည် ဖြစ်ကြောင်း သပိတ်စခန်းဖွင့်ရာတွင် ပါဝင်သည့် ဆရာတော် ဦးဝိမလက ဧရာဝတီသို့ မိန့်သည်။
“လယ်တီဆရာတော် သိမ်ကျောင်း ပျက်စီးသွားလား ဆိုတာ သွားကြည့်ဖို့ပါပဲ။ သွားကြည့်ခွင့် မရတဲ့အတွက် ထိုင်သပိတ် စခန်း ဖွင့်ပြီး တောင်းဆိုနေတာပါ။ စီးပွားရေးကြောင့် လယ်တီဆရာတော် သိမ်ကျောင်း ပျက်စီးတာ မဖြစ်စေချင်ဘူး” ဟု အဆိုပါ ဆရာတော်က ဆိုသည်။
လယ်တီဆရာတော်ကြီးသည် မြန်မာပြည်တွင် သာမက ကမ္ဘာက လေးစားကြည်ညိုသည့် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ် ဖြစ်ပြီး ယင်းသိမ်ကျောင်းသည် ဆရာတော် တည်ဆောက်ခဲ့သည့် ကျောင်းဖြစ်ကြောင်း၊ လက်ရှိ လယ်တီဆရာတော်
သိမ်ကျောင်း နေရာမှနေ၍ မည်သည့် နေရာသို့မှ ပြောင်းရွှေ့မည် မဟုတ်ကြောင်း၊ သာသနာပိုင် နေရာကို မဖျက်ဆီး နိုင်ရန်
ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ဆရာတော် ဦးဝိမလက ထပ်မံမိန့်ကြားသည်။
“အခု သပိတ်စခန်းမှာက ဆရာတော်တွေနဲ့ ဒေသခံတွေ စုစုပေါင်း အယောက် ၁၅၀ ကျော် ရှိပါတယ်။ ကျနော်တို့ အနေနဲ့ ဝင်ကြည့်ပြီး ပျက်စီးမှုက စိုးရိမ်ရရင်တော့ ဆက်ပြီး သပိတ်မှောက် သွားမယ်။ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး အစီအရင်ခံချက်ကို မထီမဲ့မြင် လုပ်နေတယ်လို့ မြင်ပါတယ်” ဟု သပိတ်စခန်းကော်မတီမှ ပြန်ကြားရေး တာဝန်ခံ ကိုနိုင်ဝင်းက
ဧရာဝတီသို့ ပြောသည်။
လက်ရှိ သပိတ်စခန်းကို လယ်တီ သိမ်ကျောင်းတွင် မဖွင့်လှစ်ထားဘဲ ရာသီဥတု အခြေအနေနှင့် ဆရာတော်များအား ထပ်မံ အကြမ်းဖက်မှုများ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် အင်ကြင်းတောင်ပေါ်တွင် ဖွင့်လှစ်ထားကြောင်း၊ စီမံကိန်းကို ဆက်လက် လုပ်ဆောင် နေခြင်းသည် ပြည်သူလူထု၏ ဆန္ဒနှင့် စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာကို လိုက်နာမှုမရှိသည်မှာ ပေါ်လွင်နေကြောင်း၊ ဒေသခံပြည်သူများ၏ ဘဝဖွံ့ဖြိုးမှု များစွာ လိုအပ်နေသေးကြောင်း ကိုနိုင်ဝင်းက ဆိုသည်။
ကြေးနီးစီမံကိန်း ရပ်တန့်ရန် တောင်းဆို သပိတ်မှောက်သည့် သပိတ်စခန်းကို ၂၀၁၂ နိုဝင်ဘာ ၂၉ ရက်နေ့ မိုးသောက်ချိန်တွင် ရဲတပ်ဖွဲ့များက အင်အားသုံး ဖြိုခွင်းခဲ့ခြင်းကြောင့် သံဃာအပါး ၁၀၀ ကျော်နှင့် လူတချို့ မီးလောင်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
လက်ပံတောင်းတောင်ရှိ လယ်တီ ဆရာတော်ဘုရားကြီး၏ ဘုရားစေတီနှင့် သိမ်တော်ကို မဖျက်သိမ်းရေး လွှတ်တော်တွင် ဆွေးနွေးနေစဉ် ကာလအတွင်း မပျက်မစီး၊ နေရာမရွေ့ဘဲ မူလနေရာ အတိုင်း ထားရှိရန် သဘောတူညီမှုကို စက်တင်ဘာ
၃၀ ရက်နေ့တွင် ရရှိခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၃ ရက်နေ့က လက်ပံတောင်း တောင်၏ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာကို ရှင်းလင်းရန် အတွက် ယင်းကျေးရွာသို့ သွားရောက်စဉ် လယ်တီတောရ ဆရာတော်၏ သိမ်နှင့် စေတီမှာ သမိုင်း အထောက်အထားအရ မရှိကြောင်း၊ ဆရာတော် သီတင်း သုံးလျှင်လည်း တနှစ်သာ သီတင်းသုံး ခဲ့ကြောင်း ပြောကြားခဲ့သည်။
သို့သော် ယင်းသိမ်နှင့် စေတီမှာ လယ်တီ ဆရာတော်ဘုရားကြီး ကိုယ်တိုင် ဆောက်လုပ်ခဲ့သော သိမ်နှင့် စေတီဟု သမိုင်းကြောင်း အရ သော်လည်ကောင်း၊ စာအုပ်စာတမ်းများ အရသော်လည်ကောင်း အတိအကျ မပြောနိုင်သော်လည်း ဆရာတော် ဘုရားကြီးသည် လက်ပံတောင်းတောင် ဝန်းကျင်တွင် ဝါ ၃ ခါ ဆိုခဲ့ဖူးသည်ကို ၎င်း ရေးသားထားသည့် ဒီပနီကျမ်းများ စာအုပ်၏ နောက်ဆုံး အပိုဒ်တွင် ကြည့်က သိနိုင်ကြောင်း မုံရွာမှ ဆရာတော် ဦးတိက္ခ ဉာဏက ဧရာဝတီသို့ မိန့်ကြားခဲ့ ဖူးသည်။