Ethnic Issues

မြစ်ကြီးနား ဆွေးနွေးပွဲ မတင်မကျ ပြီးဆုံး

This article has been converted from Zawgyi One to Unicode

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သော အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့၏ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ခိုင်မာသော မည်သည့်သဘောတူညီချက်မှ ပေါ်ထွက်မလာဘဲ မည်သူမျှ လက်မှတ်ထိုးထားခြင်း မရှိသည့် ပူးတွဲကြေညာချက်ကို ဖြန့်ဝေခဲ့ကာ သတင်းစာရှင်းလင်းပွဲလည်း မလုပ်ခဲ့ပေ။

ဆွေးနွေးပွဲ ဒုတိယမြောက်နေ့ဖြစ်သော ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ ဆွေးနွေးပွဲသည် အဆင်ပြေ ချောမွေ့ပုံ မပေါ်ဘဲ အချိန်အနည်းငယ်မျှ အပြန်အလှန်ဆွေးနွေးပွဲအပြီး အချင်းချင်း သီးခြားစီ ထပ်မံတွေ့ဆုံကြသည်။ ညနေတွင် ပင်မ ဆွေးနွေးပွဲ ကျင်းပရာ မဂျွယ်ခန်းမမှ တိုင်းရင်းသားကိုယ်စားလှယ်များ ထွက်ခွာသွားအပြီး မြန်မာ ငြိမ်းချမ်းရေး စင်တာမှ အဆိုပါ ပူးတွဲထုတ်ပြန်ကြေညာချက်ကို သတင်းထောက်များကို လာရောက်ဝေငှကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

ထုတ်ပြန်ကြေညာချက်အရ မြစ်ကြီးနားဆွေးနွေးပွဲသည် လိုင်ဇာသဘောတူညီချက်ကို တိုင်းရင်းသားများဘက်မှ “တရားဝင် ပေးအပ်ခြင်း”ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီကလည်း အစိုးရ၏ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို တိုင်းရင်းသားများထံ အပြန်အလှန် ပေးခဲ့ခြင်းသာ ဖြစ်သည်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် လိုင်ဇာတွင် ဖွဲ့စည်းလိုက်သော တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့တို့ လာမည့် ဒီဇင်ဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့၌ ဒုတိယအကြိမ်တွေ့ ဆုံသွားမည်ဟု ဖော်ပြထားသည်။

နိုင်ငံရေးသဘောတူညီချက်များရရှိနိုင်ရေး တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ဆိုင်ရာ မူဘောင်များနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်ရမည်ဟု နှစ်ဘက်သဘောတူကြောင်း ထုတ်ပြန်ကြေညာချက်က ဆိုသည်။

ယင်းထုတ်ပြန်ကြေညာချက်အပေါ် သဘောထားများကို ဧရာဝတီက တောင်းခံရာ “ဒီထဲကအတိုင်း တိုင်းရင်းသားတွေက သဘောတူပါတယ်။ အဲဒီတိုင်း သဘောတူပါတယ်”ဟု ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောသော်လည်း တိုင်းရင်းသားများဘက်ကမူ မည်သည့် သဘောထားမှတ်ချက်မျှ မပေးလိုသေးကြောင်း ဖြေဆိုကြသည်။

ယမန်နေ့  ဆွေးနွေးပွဲ မစတင်ခင်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှ တိုင်းရင်းသား ခေါင်းဆောင်များကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရာတွင် ဒို့တာဝန်အရေးသုံးပါးနှင့် “ဒီမိုကရေစီကျင့်စဉ်အရ” ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ လိုက်ပါဆောင်ရွက်ရန် တောင်းဆိုခဲ့သည့်အပေါ်တွင် တိုင်းရင်းသားအများစုမှာ လက်ခံနိုင်သည့်မူဝါဒ မဟုတ်ဟု ပြောဆိုလာခဲ့ကြပြီး တိုင်းရင်းသားများ၏ လိုင်ဇာ ဘုံသဘောတူညီချက်တွင်ပါသည့် “ဖယ်ဒရယ်”ပြည်ထောင်စုဟူသော ဝေါဟာရကို ပြင်ပေးရန် အစိုးရဘက်က တောင်းဆိုလာခဲ့ရာ အစိုးရက ကနဦး ရည်မှန်းထားသော နိုဝင်ဘာလအတွင်း အဖွဲ့ပေါင်းစုံပါဝင်သော တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ကြေညာနိုင်ရေး အလှမ်းဝေးနေဦးမည့်ပုံ ပေါက်နေသည်။

Loading