နေပြည်တော်ကောင်စီက နေပြည်တော် တည်ဆောက်ရေးစီမံကိန်းများအတွက် ကျပ် ငွေ ၂၀၀ ဘီလျံကျော် တောင်းခံထားသည့်အပြင် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ၂၆ ဘီလျံ ထပ်မံတောင်းခံလာသောကြောင့် နေပြည်တော်ကောင်စီ ဘတ်ဂျက်ကို ပြည်ထောင်စုလွှတ်တော်တွင် အပြင်းအထန် ဝေဖန်ဆွေးနွေးမှုများ ရှိနေသည်။ ထပ်မံတောင်းခံလာသော ငွေအလုံးငွေရင်း အသုံးစရိတ်ကို လွှတ်တော်က အပြည့်အဝခွင့်မပြုဘဲ ကျပ်သန်းပေါင်း ၁.၃ ဘီလျံကို လွှတ်တော်က စိစစ်ဖြတ်တောက်လိုက်ကြောင်းလည်း လွှတ်တော်အမတ်များက ဧရာဝတီ်သို့ ပြောဆိုသည်။
” နေပြည်တော်ကောင်စီနယ်မြေမှာ ကျေးရွာအုပ်စုပေါင်း ရာနဲ့ချီပြီးတော့ ရှိတယ်။ နေပြည်တော်မှာ ဖွံဖြိုးတိုးတက်တယ်ဆိုတာက လယ်မြေယာမြေ အသိမ်းခံရတဲ့နေရာတွေမှာ လမ်းတွေဖောက်တယ်။ မူလက တည်ရှိခဲ့တဲ့ တပ်ကုန်း၊ ပျဉ်းမနား ၊ လယ်ဝေး မြို့ပေါ်အခြေအနေတွေကအစ လမ်းတွေ၊ သန့်ရှင်းသပ်ရပ်မှုတွေက ဘာမှတိုးတက်မှု မရှိဘူး။ အဲဒါတွေကို ထည့်တွက်ရင် နေပြည်တော်ကြီး ဖွံဖြိုးတိုးတက်တယ်ဆိုတာ ဟုတ်ရဲ့လား”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥတ္တရသီရီမြို့နယ် ပြည်သူ့လွှတ်တော်အမတ်က ဦးမင်းသူက မေးခွန်းထုတ်သည်။
” နေပြည်တော် တည်ဆောက်ရေးစီမံကိန်းတွေက ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ ဘာတွေတည်ဆောက်တယ်။ ဘယ်လိုတွေ သုံးနေတယ်ဆိုတာလည်း မသိရဘူး။ စီမံကိန်းတခုအတွက် ဘတ်ဂျက်ငွေချထားပေးလိုက်ပြီဆိုရင် ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးပွားလာရမယ်။ ဝင်ငွေတိုးလာပြီး လူနေမှု အဆင့်အတန်းတွေ မြင့်လာရမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး မတွေ့ရဘူး။ ဘတ်ဂျက်သန်းပေါင်းများစွာ တောင်းခံနေပေမယ့် နေပြည်တော်ဒေသခံတွေရဲ့ လူမှုစီးပွား ဖွံဖြိုးတိုးတက်လာတာ မရှိဘူး။ နေပြည်တော်ကောင်စီဟာ စီးပွားရေးလုပ်ငန်းအမျိုးမျိုးဆီက အခွန်ငွေများစွာရနေပေမယ့် ဒေသခံလူထုကို ချပြတာမျိုးလည်း မရှိဘူး။ ဒီလောက်များတဲ့ ငွေတွေအတွက် ဒေသခံတွေက တစုံတရာ အကျိုးခံစားခွင့်တော့ ရသင့်တယ်” ဟု ဦးမင်းသူက ဆိုသည်။
ထို့ပြင် ပြည်သူ့ဘဏ္ဍာ ကျပ်ဘီလျံပေါင်းများစွာ ကုန်ကျခဲ့သော်လည်း နေပြည်တော်တည်ဆောက်ရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် လိုင်စင်ရ ကန်ထရိုက်များ၏ အရည်အသွေးကြောင့် နေပြည်တော် လွှတ်တော်အဆောက်အဦပင်လျှင် ခေါင်မိုးပြိုသည့်အဆင့်သို့ ရောက်နေကြောင်း သိရသည်။
” နေပြည်တော်မှာ ရှိတဲ့ အဆောက်အဦတွေကလည်း တည်ဆောက်ထားတဲ့ ကာလက မကြာသေးဘူး။ ဆောင်လုပ်ခွင့်ရထားတဲ့ ကုမ္ပဏီတွေရဲ့ လက်စွမ်းတွေကြောင့် အဆောက်အဦတွေရဲ့ အရည်အသွေးပိုင်းတွေကလည်း မေးခွန်းထုတ်စရာတွေ ရှိလာတယ်။ အမြန်လမ်းမကြီးကို ကြည့်ရင် မြေတွေနိမ့်သွားတယ်။ ယာဉ်တိမ်းမှောက်မှုတွေ ဖြစ်လာတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလွှတ်တော်ကြီးတောင် မကြာခင်ကမှ အမိုးတွေပြိုကျလို့ မှန်တွေကွဲလို့ ဆိုတာမျိုးတွေဖြစ်တော့ ဒီလောက်ကြီးမားတဲ့ အဆောက်အဦကြီးတွေကိုတောင် ဟန်ချက်ညီအောင်ထိန်းနိုင်တဲ့ အရည်အသွေးမျိုးတွေ မရှိဘူး”ဟု ဦးမင်းသူက ပြောသည်။
လေယာဉ်အတက်အဆင်း မရှိသေးသော နေပြည်တော် နိုင်ငံတကာအဆင့်မီ လေဆိပ်ကြီးကို ငွေကျပ်သန်းပေါင်းများစွာ အကုန်ကျခံတည်ဆောက်ထားသော်လည်း မိမိတို့ ရခိုင်ပြည်နယ်တွင် သဘောၤဆိပ်ခံကောင်းကောင်းပင် မရှိသေးကြောင်း၊ ဖွံဖြိုးမှု မညီမျှခြင်း၊ တန်းတူအခွင့်အရေး မရှိခြင်းတို့က နိုင်ငံတော် အစိုးရကြွေးကြော်နေသော တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို အကြီးအကျယ်ထိခိုက်စေနိုင်ကြောင်း ရခိုင်ပြည်နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းကလည်း ဧရာဝတီသို့ ပြောဆိုသည်။
” ရခိုင်မှာတော့ လေယာဉ်ကွင်းဆိုတာ အဖြစ်လောက်ရှိတာ။ ကားလမ်းတွေကလည်း ဆုတ်ပြတ်သတ်နေတော့ ကျနော်တို့ ရခိုင်ပြည်ကိုဆိုရင် ကားတွေတောင် မတက်ချင်ကြဘူး။ အဲဒါမျိုးမညီမျှမှုတွေက ဒီခေတ်မှာ မရှိသင့်တော့ပါဘူး။ အခုလို ဖွံဖြိုးမှု မညီမျှမှုတွေက တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ထိခိုက်စေတယ်။ ဒီလိုကိစ္စမျိုးတွေက တိုင်းရင်းသားတွေကို ခံစားချက်တွေ ဖြစ်စေတယ်”ဟု ဦးဖေသန်းက ဆိုသည်။
လွှတ်တော်မှာ ယခင် စစ်အစိုးရ လက်ထက်က သိခွင့်မရှိသော အကြောင်းအရာများကို သိခွင့်ရှိသော အဆင့်သာရှိသေးပြီး အစိုးရလုပ်ဆောင်ချက်များကို ဝေဖန်ထောက်ပြစောကျော်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များတွင်လည်း အရည်အချင်းများစွာလိုသေးကြောင်း ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောဆိုသည်။
မြန်မာနိုင်ငံ၏ လွှတ်တော်တွင် အစိုးရလုပ်သမျှကို စောင့်ကြည့်နိုင်မည့် စာရင်းစစ်ကော်မတီ မရှိသောကြောင့် လွှတ်တော် အမတ်များမှာ အစိုးရတင်သမျှကို မျက်စိမှိတ် ယုံနေရကြောင်း၊ အင်္ဂလန်နိုင်ငံတွင် စာရင်းစစ်ချုပ်မှာ လွှတ်တော်ကို တာဝန်ခံရသောကြောင့် လွှတ်တော်ကိုယ်စားလှယ်များက အကုန်သိခွင့်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် စာရင်းစစ်ချုပ်မှာ သမ္မတကို တာဝန်ခံရသောကြောင့် လွှတ်တော်ကိုယ်စားလှယ်များမှာ အကန့်အသတ်ဖြင့်သာ သိခွင့်ရှိကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကလည်း ပြောသည်။
”အခုပန်းဥယျာဉ်ကို သိန်းတစ်ထောင် သုံးတယ်ဆိုပါစို့။ ဘယ်သူတွေလုပ်တယ်။ ဘယ်လိုလုပ်တယ်ဆိုတာ မသိတော့ ဝင်ပြောဖို့က မလွယ်ဘူး။ သူတို့တောင်းတဲ့ ပမာဏတွေကို တကယ် ကိုက်ညီရဲ့လားဆိုတာကို မစိစစ်နိုင်ပါဘူး။ လွှတ်တော်ဘက်ကလည်း အားနည်းချက်တွေ ရှိပါတယ်”ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။