မကွေးတိုင်း မင်းဘူးမြို့နယ် နန်းတော်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် နှစ်ပေါင်း ၃၀ ခန့် ထားရှိသော ဆရာတော် ဦးနန္ဒိယ ၏ ရုပ်ကလာပ်သည် လွန်ခဲ့သည့် သီတင်းပတ်အတွင်း ပျောက်ဆုံးသွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဧရာဝတီ ကို ပြောသည်။
“သော့ကတော့ ပိတ်ရက်သား ရှိတယ်။ သော့ ဖွင့်ကြည့်လိုက်တဲ့အခါ အဲဒီအထဲမှာ ထားတဲ့ ဆရာတော် ရုပ်ကလာပ် တခုလုံး မရှိတော့ဘူး”ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းသူက ပြောပြသည်။
ဆရာတော် ဦးနန္ဒိယသည် သက်တော် ၈၆ နှစ်၊ ဝါတော် ၆၆ ဝါ၊ ၁၉၈၃ ခု ဇန်နဝါရီလ ၁၂ နေ့က ပျံလွန်တော် မူသွားခြင်းဖြစ်ပြီး ရုပ်ကလာပ် ကို မှန်ခေါင်းတလားဖြင့် ထားရှိခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
ဆရာတော် ဦးနန္ဒိယ၏ ရုပ်ကလာပ်အား ဘုန်းကြီးကျောင်းအတွင်းရှိ ဓမ္မရိပ်သာတွင် ပကတိအတိုင်း ထားရှိ ကိုးကွယ်လာခဲ့ ရာ ဆေးစိမ်ခြင်းမရှိဘဲ ပုပ်သိုးခြင်းလည်း မရှိသည့် ရုပ်ကလာပ်တော်ဖြစ်ကြောင်း၊ ဘုရားဖူး ခရီးသည်များလည်း လာရောက် ဖူးမြော်လေ့ ရှိကြောင်း ဒေသခံများက ပြောသည်။ နန်းတော်ကုန်း ကျေးရွာသည် လူဦးရေ ၂၀၀၀ ကျော် ရှိကြောင်း သိရ သည်။
အောက်တိုဘာ ၂၇ ၇က်နေ့က အဆိုပါကျောင်းတွင် ကထိန်ပွဲ ရှိကြောင်း၊ ဘုရားဖူးတချို့သွားရောက်ဖူးမြော်ရာတွင် ကျောင်း ဒကာ တဦးက ထိုနေ့က ရုပ်ကလာပ်၏ လက်တဘက် ပျောက်ဆုံးနေသည်ကို သတိထားမိ၍ ပြန်လည် ပြောပြကြောင်း၊ ၂၇ ရက်နေ့ ညပိုင်းတွင် ဆရာတော်ကြီး၏ ရုပ်ကလာပ် တခုလုံး ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ဦးဝင်းသူ က ပြောသည်။
“လက်တဘက် ပျောက်တာကို သိလိုက်တဲ့ သူက မပြောဘဲနဲ့ ထားလိုက်တာ၊ နောက်တနေ့ ၂၈ ရက်နေ့ မနက်ကျမှ သွားပြောတာ၊ လက်တဘက် ပျောက်သွားတဲ့ ၂၇ ရက်နေ့ ညပိုင်း ၁၁ နာရီ နောက်ပိုင်းမှာ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တခုလုံး ဘယ်အချိန် ပျောက်လို့ ပျောက်မှန်း မသိဘူး”ဟု သူက ဆိုသည်။
ယခုကဲ့သို့ ဆရာတော်ကြီး၏ ရုပ်ကလပ် ပျောက်ဆုံးသွား၍ ရဲစခန်းတွင် ဂေါပက အဖွဲ့က အမှုဖွင့်ထားကြောင်းလည်း သိရသည်။
ရုပ်ကလာပ် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မင်းဘူး ရဲစခန်းက အတည်ပြုဖြေကြားခဲ့သော်လည်း မည်သို့ ပျောက်ဆုံး သွားရ သည်ဆိုသည်ကို မသိရှိကြောင်း တာဝန်ကျ ဒု ရဲအုပ် ဇော်ကြီးက ဧရာဝတီကို ပြောသည်။
“ကျနော်က အခုမှ ပြောင်းလာတာဆိုတော့ ဘယ်လို ပျောက်ဆုံးသွားတယ် ဆိုတာတော့ ကျနော် မသိပါဘူး”ဟု သူက ဆို သည်။
ဆရာတော် သက်ရှိထင်ရှားရှိစဉ် ကျေးရွာသူ၊ ရွာသားများက ဆရာတော်၏ သြဝါဒအတိုင်း လိုက်နာကျင့်သုံး နေထိုင်ကြကြောင်း၊ ဆရာတော်သည် စည်းကမ်းကြီးသူဖြစ်ပြီး အနီးတဝိုက် ဒေသများကလည်း အလွန်ရိုသေလေးစား ကြည်ညိုကြကြောင်း သိရသည်။
“ကျနော်တို့မှာ ဘယ်လိုမှ အစားထိုးလို့မရတဲ့ ဆုံးရှုံးခြင်းပေါ့ဗျာ။ ဘယ်လိုမှ ပြန်မရတဲ့ ဆုံးရှုံးမှုမျိုး။ ဒီက ရွာသူ ရွာသားတွေက အကုန် ဝမ်းနည်း နေကြတာပေါ့ဗျာ”ဟု ဦးဝင်းသူက ပြောဆိုသည်။
ဆရာတော်၏ ရုပ်ကလာပ်ကို မသမာသူ လောဘသားတချို့က ခိုးယူသွားသည်ဟု သံသယရှိကြောင်းလည်း သူက ဆက် ပြော သည်။
“ကျနော်တို့ကတော့ သူခိုး ခိုးတယ်လို့ပဲ ယူဆတယ်။ တချို့ လောကီသမားတွေက လောကီ အစီအမံတွေပေါ့၊ ကာယ သိဒ္ဓိ၊ ပီယ သိဒ္ဓိ တို့ ဘာတို့အတွက်များ ခိုးသွားသလားပေါ့။ ဒါမျိုးတွေကို တချို့ အခုအထိ ယုံကြည်နေကြသေးတာ”ဟု ဦးဝင်းသူ က ဆိုသည်။
ဆရာတော်၏ ရုပ်ကလပ် ပျောက်ဆုံးမှုသတင်းသည် ယခုအခါ မကွေးတိုင်း၊ မင်းဘူးနယ်တခွင်သာမက ပျံ့နှံ့နေပြီး လူအများ စိတ်ဝင်တစား ဖြစ်ကြကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ပျံလွန်တော်မူသွားသည်တိုင် မပုပ်မသိုးဘဲရှိသည့် ဆရာတော်ကြီးများ၏ ရုပ်ကလာပ်တော် များစွာရှိရာ အထင်ရှားဆုံးတွင် မြင်းခြံ စွန်းလွန်းဂူကျောင်း ဆရာတော် ဦကဝိ ၏ ရုပ်ကလာပ် အပါအဝင် ဖြစ်သည်။