ရန်ကုန်တိုင်း အစိုးရက အမျိုးသား ထောက်လှမ်းရေး အဖွဲ့ကဲ့သို့ ထောက်လှမ်းရေး အဖွဲ့ပြန်လည် ဖွဲ့စည်းရေး ဆောင်ရွက်ပေးရန် ပြည်ထောင်စုဗဟိုအစိုးရထံသို့ တင်ပြတိုက်တွန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၅ ရက်နေ့ ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ သစ် ပါတီမှ တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးကျော်က နိုင်ငံတော်လုံခြုံရေး အတွက် အမျိုးသားထောက်လှမ်းရေးအဖွဲ့ ကဲ့သို့ အဖွဲ့အစည်း တခု အမြန်ဆုံး ဖွဲ့စည်း တာဝန်ပေးအပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြည်ထောင်စုအစိုးရသို့ တင်ပြပေးရေး အဆိုတရပ် တင်သွင်းခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သဖြင့် ရန်ကုန်တိုင်း အစိုးရက ယင်းအဆိုကို ပြည်ထောင်စုအစိုးရထံသို့ တင်ပြမည်ဖြစ်ကြောင်း သိရှိရသည်။
အမျိုးသား ထောက်လှမ်းရေး အဖွဲ့ အမြန်ဆုံး ဖွဲ့စည်းရေး အဆိုတင်သွင်းသူ လွှတ်တော်အမတ် ဦးကျော်က မြန်မာနိုင်ငံ သည် အာဆီယံဥက္ကဋ္ဌ ရာထူး၊ ဆီးဂိမ်းပြိုင်ပွဲများကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ မည့် ဖြစ်စဉ်များကြောင့် ဒေသတွင်း လုံခြုံရေးကို ထောက်လှမ်းနိုင်မည့် ထောက်လှမ်းရေးအဖွဲ့ လိုအပ်နေ ကြောင်း၊ နိုင်ငံတိုင်း တွင် ထောက်လှမ်းရေး အဖွဲ့ များရှိနေပြီး မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံလုံခြုံရေးအတွက် ထောက်လှမ်းရေး အဖွဲ့ ရှိရမည်ဖြစ်ကြောင်း ပြောသည်။
“နိုင်ငံတိုင်းမှာ ထောက်လှမ်းရေးအင်အား က နိုင်ငံလုံခြုံရေးအတွက် အခရာကျတယ်။ အမေရိကန်မှာဆိုရင် FBI အဖွဲ့က သမ္မတကြီးနဲ့ တိုက်ရိုက်ဆက်သွယ်ပြီးဆောင်ရွက်ရတယ်။ CIA က နိုင်ငံရေးဆိုင်ရာကို ခွဲယူသွားတဲ့အပိုင်းပေါ့။ အင်္ဂလန်မှာဆိုရင် MI 5 က လုံခြုံရေးကို တိုက်ရိုက်ကိုင်တွယ်တယ်။ အဲဒါ အစ္စရေးမှာဆိုရင် MOSSAD ၊ ရုရှားမှာဆိုရင် KGB ဆိုပြီးရှိတယ်လေ။ နိုင်ငံကို ကိုယ်စားပြုတဲ့ အင်အားစုက လိုလာပြီလေ။ လောလောဆယ် ကျနော်တို့က ဆီးဂိမ်း ကျင်းပရတော့မယ်။ စိုးရိမ်စိတ်ရှိပါတယ်။ အာဆီယံဥက္ကဋ္ဌ ရာထူးကလည်းယူရဦးမယ်။ ဥက္ကဋ္ဌ ရာထူးယူဖို့က ဒေသတွင်း လုံခြုံရေးက အဓိက ဖြစ်နေတယ်။ လုံခြုံရေးကို ထိပါးလာမယ့် အဖျက်အမှောက်လုပ်ငန်းတွေကို ကာကွယ်ဖို့ လိုလာပြီ´´ဟု ဦးကျော်က ဧရာဝတီသို့ ပြောသည်။
အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းရာတွင် ယခင်စစ်အစိုးရလက်ထက် ထောက်လှမ်းရေးအဖွဲ့၏ လုပ်ကိုင်မှုများကို ပြန်လည် ဖော်ထုတ် အပြစ်ပုံချနေရန် မလိုအပ်ကြောင်း၊ အပြစ်ပုံချနေလျှင် နိုင်ငံအတွက် ရှေ့ခရီးဆက် နိုင်မည် မဟုတ် ကြောင်း၊ ထောက်လှမ်းရေး အဖွဲ့ ဖွဲ့စည်းပါက သမ္မတ၊ ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် အပါအဝင် အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက တိုက်ရိုက်ကိုင်တွယ်လိမ့်မည်ဟု ထင်မြင်ကြောင်း ဦးကျော်က ဆက်လက်ပြောသည်။
“အခုက ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေပြီဆိုတော့ အတိတ် နှစ် ၂၀ တုန်းက လုပ်ခဲ့တာတွေကို လက်ညှိုးထိုးပြီးပြောဖို့ မလိုအပ် တော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် အပြစ်ပုံချနေရင် ရှေ့ဆက်ခရီးဆက်လို့မရဘူး။ ဟိုတုန်းက လုပ်ခဲ့တာတွေကို အပြစ်ပုံ နေရင် ရှေ့ဆက်လို့မရဘူး။ ဒီထောက်လှမ်းရေးဖွဲ့ဖို့ ကိစ္စ ပြည်ထောင်စုအစိုးရဆီ ရောက်သွားရင် ဒီကိစ္စက အမျိုးသားလုံခြုံရေးကောင်စီက တိုက်ရိုက် ကိုင်တွယ်ရမယ့် ကိစ္စဖြစ်တယ်။ ကျနော့်အမြင်တော့ ဒီထောက်လှမ်းရေး အဖွဲ့က လုံခြုံရေးကောင်စီ အောက်မှာ တိုက်ရိုက်ရှိနေမှာပေါ့´´ ဟု ဦးကျော်က ဆိုသည်။
ဦးကျော်၏ထောက်လှမ်းရေး ဖွဲ့စည်းရေး အဆိုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်က ထောက်ခံ ဆွေးနွေးခဲ့ပြီး ယခင် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွှန့်က ထိန်းသိမ်းခံနေရသော ထောက်လှမ်းရေး တပ်မှူး ၂၂ ဦး ပြန်လည် လွှတ်ပေးရန် သမ္မတဦးသိန်းစိန််ထံ စာတင်ပြထားကြောင်း၊ ထောက်လှမ်းရေး ရှိလျှင် ၅ လောင်း ပြိုင် လူသတ်မှုနှင့် အကျင့်ပျက်ခြစားမှုများ ဖော်ထုတ်နိုင်မည်ဟု ပြောဆိုကြောင်း သိရှိရသည်။
“ဦးမြင့်ကြည်က အဲဒါတွေပြောတာ မှန်ပါတယ်။ ကျနော့်အဆို ထောက်ခံဆွေးနွေးရင်း စကားရပ်အနေနဲ့ ထည့်သွင်းတဲ့ သဘောပါ။ ထောက်လှမ်းရေး ပေါ်လာရင် အကျင့်ပျက်ခြစားမှုတွေ၊ ငါးလောင်းပြိုင် လူသတ်မှုလိုဟာမျိုး ဖော်ထုတ်နိုင်မယ် လို့ သူက ပြောသွားပါတယ်။ သူက စကားကို ဖြည့်စွက်ပြောတဲ့သဘောပါပဲ´´ ဟု ဦးကျော်က ဆိုသည်။
ယခင်စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီးခင်ညွှန့်ဦးဆောင်သော စစ်ထောက်လှမ်းရေးသည် အဓိကအားဖြင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများကို နှိပ်စက် ဖမ်းဆီး ထောင်ချခြင်း၊ ကျောင်းသားအင်အားစု၊ တိုင်းရင်းသားအင်အားစုများ၏ နိုင်ငံရေး လှုပ်ရှားမှုကို ဖိနှိပ်မှုများကိုသာ အဓိက လုပ်ဆောင်ခဲ့ပြီး ထိုလုပ်ရပ်များကြောင့် ထောက်လှမ်းရေးဆိုသော စကားလုံး ကြားရုံမျှဖြင့် ပြည်သူလူထုက ရွံ့ရှာကြကြောင်း ပြည်တွင်းနိုင်ငံရေးသမားများက သုံးသပ်ပြောဆိုသည်။
ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ထောက်လှမ်းရေး အဖွဲ့ ဖွဲ့စည်းမည်ဆိုပါက ပြည်သူလူထု၏ ဒီမိုကရေစီအခွင့်အရေးကို အာမခံပြီး မထိခိုက်သော ထောက်လှမ်းရေး အဖွဲ့ဆိုင်ရာ ဥပဒေ တရပ် ရေးဆွဲပြဋ္ဌာန်းပြီးမှ ဖွဲ့စည်းသင့်ကြောင်း၊ ထောက်လှမ်းရေး အဖွဲ့ ဖွဲ့စည်းရေးကိုသာ ဦးစားပေး လုပ်ဆောင်မှုသည် မှန်ကန်သော လုပ်ရပ်မဟုတ်ဟု သုံးသပ်သည်။
“ထောက်လှမ်းရေးဖွဲ့မယ်ဆိုရင် ဥပဒေ ပြုပြီးမှ ဖွဲ့ရင် ပိုကောင်းမယ်။ ကျနော်တို့ဆီမှာရှိခဲ့တာက စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီး ခင်ညွှန့် လုပ်ခဲ့တဲ့ ထောက်လှမ်းရေးပဲ။ အဲဒီကောင်က လုံခြုံရေးသတင်းတွေကို ထောက်လှမ်းခဲ့တာ။ အဓိက သူလုပ်တာ နိုင်ငံရေးသမား တွေကို နှိပ်ကွပ်တယ်။ အကြမ်းဖက်မှု မပါတဲ့ နိုင်ငံရေးပြောဆိုဆွေးနွေးမှုတွေကို ဖမ်းဆီး ထောင်ချတယ်။ ပြည်သူတွေ ရဲ့လုံခြုံရေး တကယ်စေတနာရှိရင်တော့ ဥပဒေ တခု ထိထိရောက်ရောက် လုပ်ပေးရမှာပေါ့။ လွှတ်တော် က ဥပဒေပြု ပေးရမယ်။ အဲဒီမှာ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့် တွေကို အနှောင့်အယှက် မဖြစ်စေတဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို အာမခံတဲ့ ပြဋ္ဌာန်းချက်တွေကို သေချာပြဋ္ဌာန်းပြီးမှ လုပ်ရင် ပိုကောင်းမယ်။ အဖွဲ့ဖွဲ့ရေး ဆိုတာကို ဦးစားပေး လုပ်ရင် သိပ် မမှန်လှဘူး´´ ဟု ဦးရဲထွန်းက ဆိုသည်။
ရန်ကုန်တိုင်းအစိုးရက အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းရေး ပြည်ထောင်စုအစိုးရထံ တင်ပြမည့် အစီအစဉ် နှင့်ပတ်သက်၍ ဧရာဝတီ သတင်းဌာနက ရန်ကုန်တိုင်း အစိုးရ၏ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းကို ဆက်သွယ် မေးမြန်း သော်လည်း ဖြေဆိုရန် ငြင်းဆန်သည်။