[irrawaddy_gallery]
ကချင်ပြည်နယ်မှာ အခုရက်ပိုင်း ကျင်းပခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက တဆင့် အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား ပူးတွဲကြေညာချက်သာ ပေါ်ထွက် လာပေမယ့် သေချာ ရေရာတဲ့ သဘောတူညီမှု တစုံတရာမှ ထွက်မလာခဲ့ပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းက လိုင်ဇာမြို့မှာ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)က ကမကထပြု ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲကနေ ငြိမ်းချမ်းရေးအတွက် ဘုံ သဘောတူညီချက် ၁၁ ချက် ပေါ်ထွက်ခဲ့ပါတယ်။
အဲဒီအပြင် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး ကော်မတီဆိုတဲ့ အဖွဲ့ဝင် ၁၃ ဦးပါ ကော် မတီ တခုလည်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
လိုင်ဇာဆွေးနွေးပွဲမှာ လက်နက်ကိုင် အဖွဲ့ ၁၁ နဲ့ ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုစုပေါင်း ၁၆ ဖွဲ့ ပါဝင် တက်ရောက်ပါတယ်။ ၁၉၈၈ ခုနှစ်နောက် ပိုင်း ကရင်ပြည်နယ်က မဲသရောထ ညီလာခံအပြီး တိုင်းရင်းသား စုံစုံလင်လင် ပါဝင်တဲ့ ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။
ဒါပေမယ့် လိုင်ဇာ ဆွေးနွေးပွဲကို “ဝ”ပြည်သွေး စည်းညီညွှတ်ရေး တပ်မတော်(UWSA) နဲ့ မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA) ဆိုတဲ့ အဖွဲ့ ၂ ဖွဲ့ကတော့ မတက်ရောက်ခဲ့ပါဘူး။
လိုင်ဇာ ဘုံ သဘောတူညီချက် မှာလည်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) က အဖွဲ့ရဲ့ မူအရ ဆိုပြီး ပါဝင် လက်မှတ်မထိုးသလို ၁၃ ဦးကော်မတီမှာလည်း ပါဝင်ခြင်း မရှိပါဘူး။
ဒါပေမယ့် EURO Burma Office က ဦးဟန်ညောင်ဝေကတော့ RCSS အဖွဲ့ဝင် အနေနဲ့ လိုင်ဇာ သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးတော့ အဖွဲ့အနေနဲ့ လက်မှတ်ထိုးတာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ RCSS ဟာ UNFC မှာ မပါဝင်ပေမယ့် ကရင်အမျိုးသား အစည်းအရုံး(KNU) နဲ့တော့ မဟာမိတ် လုပ်ထားပါတယ်။
လိုင်ဇာ ဘုံသဘောတူညီချက်မှာ ဖက်ဒရယ် တပ်မတော်သာ ရှိရေးနဲ့ တပ်မတော်ဟာ အရပ်ဘက် အုပ်ချုပ်ရေး အောက်မှာသာ ရှိရေး၊ ရဲတပ်ဖွဲ့ကိုလည်း သီးခြား ခွဲထားရေးဆိုတဲ့ မူဝါဒလည်း ချမှတ်ခဲ့ပါတယ်။ ဒီအပြင် နိုင်ငံရေးဆွေးနွေးပွဲ ပြီးမှ နိုင်ငံ ရေး အာမခံချက်ရပြီးမှ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးလိုမယ်လို့ ပါဝင်ပါတယ်။
အဲဒီ လိုင်ဇာ ဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာလည်း ပို့သလို နိုဝင်ဘာ ရေဒီယို မိန့်ခွန်းကတဆင့် ရေးထိုးပြီး ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အဆင့်ဆင့်ကို ထပ်လောင်းအတည်ပြုလိုကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပွဲကို ဖြစ်မြောက်ဖို့ မျှော်လင့်ကြောင်းနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို လည်း ဆက်လှမ်းချင်ကြောင်း ပြောခဲ့ပါတယ်။
လိုင်ဇာဆွေးနွေးပွဲရဲ့ရလဒ်တွေနဲ့ အတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း အစိုးရနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ဟာ မူဘောင်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါတယ်။ ဆွေးနွေးပွဲ အစကတည်းက အခြေအတင်တွေနဲ့ စတင်ခဲ့ကြ တာ ပါ။
လိုင်ဇာ ဘုံသဘောထား ၁၁ ချက်ထဲက ဖက်ဒရယ် တပ်မတော် ကိစ္စနဲ့ တော်လှန်ရေး အင်အားစု စကားရပ် ကိစ္စ ၂ ခု အပါအဝင် အရေးပါတဲ့ အချက်တချို့ကို အစိုးရဘက်က မလိုလားတဲ့ အတွက် မြစ်ကြီးနား ဆွေးနွေးပွဲမှာ ညှိနှိုင်းလို့ အဆင်မပြေ ခဲ့ပါဘူး။
အစိုးရအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမှုကို ဦးစားပေး အဆင့်ထားပြီး လုပ်ချင်တဲ့အတွက် အစိုးရဘက်က မူကြမ်းကို တင်ပြဆွေးနွေးရာမှာ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းလို့မရ ဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့် အခု ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အရင်တုန်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလို အစိုးရက တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေကို လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တာ ဆိုပြီး လက်နက်ချရေးလမ်းစဉ် လိုက်ခိုင်းတာမျိုး မဟုတ်ဘဲ အပေးအယူ၊ အလျှော့အတင်းတွေနဲ့ ညှိနှိုင်းလာတာကတော့ ထူးခြားတဲ့ လက္ခဏာပါ။
ဒါကြောင့် မြစ်ကြီးနားဆွေးနွေးပွဲ အပြီးမှာ တိုင်းရင်းသားတွေဘက်က အသံတချို့က နိုင်ငံရေးဆွေးနွေးပွဲ လုပ်ပါမယ်လို့ အာမခံချက် ရရင် တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကြမယ်လို့ ဆိုလာပါတယ်။
နှစ်ဘက်စလုံးက ဆွေးနွေးမှုတွေ အားရကြောင်း အပြုသဘောဆောင် ပြောကြပေမယ့် အစိုးရဘက်က သဘောထားတွေကို ဆွေးနွေးကြရာမှာတော့ ညှိနှိုင်းလို့မရဘဲ ဘာ သဘောတူညီချက်တွေမှ မရခဲ့ပါဘူး။ ဒါကြောင့် လာမယ့် ဒီဇင်ဘာလ အတွင်း ကရင်ပြည်နယ် ဘားအံမြို့မှာ ဆက်ပြီး ဆွေးနွေးမယ်လို့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ရပါတယ်။
အစိုးရက မျှော်လင့်ထားသလို နိုဝင်ဘာလထဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကြီး ဆိုတာ ဖြစ်လာမှာ မဟုတ်တော့ဘူးလို့လည်း အစိုးရဘက်က တပ်မတော် ကိုယ်စားလှယ် ဒု ဗိုလ်ချုပ်ကြီး မြင့်စိုးက ထုတ် ပြောခဲ့ပါတယ်။ သူဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အထူး အာဏာကုန် လွှဲအပ်ခြင်းခံရတဲ့သူ ဖြစ်တယ်လို့လည်း သိရပါတယ်။
နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ် ချုပ်ငြိမ်းပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ သေနတ်သံ ရပ်စဲသွားဖို့ ဆိုတာ တထိုင် တည်း ဆွေးနွေးညှိနှိုင်းလို့ မရနိုင်ပါဘူး။ ထာဝရ ငြိမ်းချမ်းရေးရဖို့ လုံလောက်တဲ့ အချိန်တခုတော့ ယူကြရမှာပါ။
တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး စကားပြောဆိုမှုဖြစ်စဉ်တွေမှာ အစိုးရနဲ့ တိုင်းရင်း သား အဖွဲ့တွေကြား ကွဲလွဲမှုတချို့ရှိနေသလို တိုင်းရင်းသား အဖွဲ့ အချင်းချင်းနဲ့ တိုင်းရင်းသား တဖွဲ့တည်းမှာကိုပဲ သဘော ထား ကွဲလွဲမှုတွေလည်း ရှိနေတာပါ။
အစိုးရနဲ့ တိုင်းရင်းသားတွေအကြား တဖက်နဲ့ တဖက် ယုံကြည်မှု အပြည့်အ၀ မရှိကြသေးသလို စိုးရိမ်မှုတွေကလည်း ရှိနေ ဆဲပါ။ အရင် စစ်အစိုးရတွေ လက်ထက် ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးတွေမှာ မရိုးသားမှုတွေ ရှိခဲ့တာကြောင့် တိုင်းရင်းသားတွေက အစိုးရအပေါ် ယုံကြည်မှု အားနည်းနေတာပါ။
ခိုင်မာတဲ့ နိုင်ငံရေး အာမခံချက် မရသေးဘဲ တိုင်းရင်းသားတွေဘက်က လက်နက် စွန့်ဖို့ အဆင်သင့် မဖြစ်နိုင်သေးဘူးလို့ ကောက်ချက်ချလို့ ရနိုင်ပါတယ်။
တိုင်းရင်းသားတချို့က တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး ၄ လအတွင်း နိုင်ငံရေး ဆွေးနွေး ပွဲတွေ ပေါ်ပေါက်ဖို့ မူဘောင်တွေ ဆွေးနွေးဖို့ရှိသလို တချို့ကတော့ နိုင်ငံရေးဆွေးနွေးပွဲ ပြီးမှ သို့မဟုတ် နိုင်ငံရေး ဆွေးနွေးမှု လုပ်မယ် ဆိုတဲ့ အာမခံချက်ရှိမှသာ တနိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်လက်မှတ်ကို ထိုးမယ်လို့ ပြောနေတာတွေလည်း ရှိပါတယ်။
UNFC ကတော့ အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေမှာ UNFC ထဲက အဖွဲ့ဝင် တဖွဲ့ချင်းမဟုတ်ဘဲ UNFC အနေနဲ့ပဲ ဆွေးနွေးလိုတယ်။
ထူးခြားတာက KNU ပါပဲ။ UNFC ထဲ ရောက်နေတဲ့ KNU ကိုယ်စားလှယ်တွေက UNFC နဲ့ တသားတည်း သဘောထားရှိ ပေ မယ့် KNU ခေါင်းဆောင်ပိုင်းတချို့က အစိုးရနဲ့ သီးခြား ဆွေးနွေးတာတွေ ရှိပါတယ်။
အစိုးရဘက်ကလည်း လက်နက်ကိုင် အဖွဲ့ တဖွဲ့ချင်းစီကို တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမှုမှာ ပါဝင်လာရေး ဆွေးနွေး ပြောဆိုနေပါတယ်။
တချိန်တုန်းက ချင်း၊ ကချင်၊ ရှမ်း၊ ကရင် အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ရင်းတွေ ရှိခဲ့ဖူးသလို အဲဒီအထဲက တ ချို့ဟာ နိုင်ငံတော်စရိတ်နဲ့ တောခိုသွားတဲ့ သမိုင်း နောက်ခံတွေလည်းရှိခဲ့ဖူးတော့ ဖက်ဒရယ် တပ်မတော် အပေါ် အစိုးရနဲ့ စစ်တပ်က စိုးရိမ်မှု ရှိနိုင်ပါတယ်။
တိုင်းရင်းသားတွေ ဘက်ကလည်း စိုးရိမ်မှု နဲ့ ယုံကြည်မှု နည်းပါးတာတွေ ရှိပါတယ်။ အရေးအကြီးဆုံး ယုံကြည်မှု အားနည်း ရခြင်း အကြောင်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ စစ်တပ်က လိုအပ်လာရင် နိုင်ငံတော် အာဏာ ၃ ရပ်လုံးကို ထိန်းသိမ်း ပိုင်ခွင့်ပြုထားတဲ့ အချက်ဟာ တိုင်းရင်းသား အားလုံးရဲ့ အစိုးရိမ်ဆုံး အရာလို့ ဆိုရမှာပါ။
နောက်ထပ် ယုံကြည်မှုအားနည်းချက်က လူနည်းစု တိုင်းရင်းသား အများစု ရှိတဲ့ ပြည်နယ်တွေနဲ့ ဗဟို အစိုးရ အကြား အာဏာခွဲဝေမှုမှာ ကြွင်းကျန်အာဏာကို ဗဟို အစိုးရက ယူထားလို့ပါပဲ။
သက်ဆိုင်ရာ ပြည်နယ်ဒေသတွေရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင် ၃ ခုရဲ့ အာဏာခွဲဝေမှု လုပ်ပိုင်ခွင့် တွေနဲ့ အတူ ကြွင်းကျန်အာဏာဆိုတဲ့ သယံဇာတ အပါအဝင် ကဏ္ဍတချို့မှာ နိုင်ငံခြား တိုင်းပြည်တွေနဲ့ စီးပွားရေး ဆိုင်ရာ လုပ်ပိုင်ခွင့်တွေက ၂၀၀၈ ဖွဲ့စည်းပုံအရ ဗဟိုအစိုးရကိုသာ အပ်နှင်းထားပါတယ်။
UNFC ကတော့ လက်ရှိဖွဲ့စည်းပုံကို ပြင်ဆင်ရခက်ခဲလို့ ဆိုပြီး လူမျိုးကို အခြေခံတဲ့ ၈ ပြည်ထောင်မူနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အသစ်ကို ရေးဆွဲဖို့ ရှိတယ်လို့ ပြောထားတယ်။ ဒါပေမယ့် KNU ကတော့ UNFC အဖွဲ့ဝင် ဖြစ်လင့်ကစား ဖွဲ့စည်းပုံ ပြင် ဆင်ရေးဆွဲရေးကိုပဲ သဘောတူတယ်လို့ ပြောထားပါတယ်။
နောက်တခုက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ လုပ်နေချိန်မှာပဲ အစိုးရ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပေါ်နေတာနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို လည်း မတရားအသင်း အဖြစ်က ပယ်ဖျက်ပေးတာမျိုး မရှိသေးတဲ့အချက်ပါ။
ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးအတွင်း မတရားအသင်း အက်ဥပဒေ ပုဒ်မကို ပယ်ဖျက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြည်ထဲရေး ဒု ဝန်ကြီး က ဖြေကြားသွားပါတယ်။ မတရားအသင်း ဥပဒေ ၁၇/၁ ၊ ၁၇/၂ ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ရည်ညွှန်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေရဲ့ နောက်ကွယ်မှာ အစိုးရရဲ့ စီးပွားရေး လုပ်ပိုင်ခွင့် မက်လုံးပေး လုပ်ကိုင်နေ တာ တွေ ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရအကြား ခိုင်မာတဲ့ယုံကြည်မှုမျိုး တည်ဆောက်တာလို့ ပြောလို့ မရပါဘူး။
ဒီလို ယုံကြည်မှု အားနည်းချက်တွေကြောင့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရင် နိုင်ငံရေး ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ လွှတ်တော် အမတ်တွေ၊ သမ္မတ အပါအဝင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ နိုင်ငံတကာက သမ္မတဟောင်း၊ ဝန်ကြီးချုပ်ဟောင်း တချို့နဲ့ ထင်ရှားသူတွေပါ အသိသက်သေ အဖြစ် ပါဝင်ရေး အဘက်ဘက်က လိုလားနေကြတာပါ။
ဒါပေမယ့်လည်း တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသားအားလုံး ပါဝင်ပြီး တပြိုင် တည်း လက်မှတ်ရေးထိုး ဖို့လည်း တိုင်းရင်းသားတွေဘက်က အဆင်သင့် မဖြစ်သေးပါဘူး။
အစိုးရဘက်ကတော့ ငြိမ်းချမ်းရေး အလှူရှင်တွေနဲ့ နိုင်ငံတကာကို ပြသနိုင်ဖို့ နိုင်ငံတဝန်း အပစ်ရပ် လက်မှတ်ရေး ထိုးရေး ဟာ အပူတပြင်း ရှိနေတာလို့ ယူဆရပါတယ်။ ဒါကြောင့် အစိုးရဘက်က လက်မှတ် မထိုးနိုင်သေးတဲ့အဖွဲ့တွေကို လက်မှတ် ထိုးနိုင်တဲ့အထိ လမ်းဖွင့် ပေးထားမယ်လို့ ဆိုတာပါ။
အခုဖြစ်ပေါ်လာတဲ့ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်တွေဟာ အစိုးရက စတင်ဦးဆောင်ခဲ့တာပါ။ တိုင်းရင်းသား တွေ ဘက်က ဒီလို စကားပြောဆိုမှုတွေ ဖြစ်ပေါ်လာတာကတော့ တပ်မတော်ရဲ့ စစ်ရေး ဖိအားပေးမှုတွေကြောင့် ရပ်တည်ရေး ခက်ခဲ လာမှုတွေလည်း ပါဝင်ပါတယ်။
မြန်မာတပြည်လုံး သေနတ်သံတွေ လုံး၀ ရပ်စဲသွားပြီး ထာဝရ ငြိမ်းချမ်းရေး အတွက် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စတဲ့ သက်ဆိုင်သူ အားလုံးမှာ ရှိနေတဲ့ လိုအပ်ချက်တွေကို ဖြည့်စွက် ညှိနှိုင်းမှုတွေ လုပ်ရမှာပါ။
လိုအပ်ချက်တွေ ပြည့်မီစေရေးအတွက် အပြန်အလှန် အသိအမှတ်ပြုမှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ယုံကြည်မှုတွေကို ရှေ့တိုး တည်ဆောက်ကာ အတူပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတွေနဲ့ ပွင့်လင်းမြင်သာမှုတွေ၊ တာဝန်ခံမှု၊ တာဝန်ယူမှုတွေနဲ့သာ ကျော်လွှားသွားလို့ ရနိုင်ပါလိမ့်မယ်။
ယုံကြည်မှု အပြန်အလှန်ရရှိစေဖို့ အစိုးရ၊ တပ်မတော် အပိုင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပြင် အခြားနိုင်ငံရေး ပါတီတွေ၊ လူမှု အသင်းအဖွ့ဲတွေနဲ့ နိုင်ငံသားတွေအပိုင်းကပါ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အားဖြည့်ပေးနိုင်မယ့် လမ်းတွေ ပွင့်ဖို့ လည်း လိုအပ်နေပါတယ်။
အခုနောက်ပိုင်း ဆွေးနွေးမှုတွေမှာ ပွင့်လင်းမြင်သာပြီး ပွဲစားမလို တိုက်ရိုက် ဆွေးနွေးမှုတွေက ပိုပြီး ငြိမ်းချမ်းရေးနဲ့ နီးစပ် လာမယ်လို့ သုံးသပ်မိပါတယ်။
တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး အမှန်တကယ် ဖြစ်ရင်တော့ သက်ဆိုင်ရာ တိုင်းရင်းသား ဒေသတွေမှာလည်း ဒေသဖွံ့ဖြိုးရေး၊ နယ်မြေအေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတွေ အားကောင်းလာနိုင်မှာ ဖြစ်ပါတယ်။
ဒေသခံ ပြည်သူတွေရဲ့ ဘ၀ အိုးအိမ်၊ စည်းစိမ်လုံခြုံမှု အာမခံချက်တွေ ပေးနိုင်လာပြီး သာယာတဲ့ လူ့ဘောင်ကို ဖန်တီး တည်ဆောက်နိုင်မှာလည်း ဖြစ်ပါတယ်။
ခိုင်မာပြီး အာမခံချက်ရှိတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ လူမှုဘ၀ ဖွံ့ဖြိုးမှုတွေအတွက်လည်း အဓိက အခန်းကဏ္ဍက အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ ။