သတင်း

ပုဒ်မ ၁၈ ပယ်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ်ရန် စီစဉ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် သူများကို အဟန့်အတား ဖြစ်စေသော ပုဒ်မ ၁၈ ပယ်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ်မည် ဖြစ်ကြောင်း မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave-GW) က ပြောကြားလိုက်သည်။

လူ့အခွင့်အရေး အဖွဲ့များ၊ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့များ၊ ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသူ နှင့် ဖမ်းဆီး ခံထားရသူများ စုပေါင်း၍ ယမန်နေ့က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်း၌ ဆွေးနွေးညှိနှိုင်းပြီး လုပ်ငန်းစဉ် ၄ ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း GW မှ ကိုမိုဃ်းသွေးက ပြောသည်။

“ပုဒ်မ ၁၈ နဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ သဘောထား ကောက်ယူသွားဖို့၊ ဖမ်းဆီး၊ တရားစွဲ ခံထားရတဲ့ လူစာရင်းတွေ ကောက်ယူဖို့၊ ကျနော်တို့လိုပဲ ပုဒ်မ ၁၈ ကို ဖျက်သိမ်းရေး၊ ပြင်ဆင်ရေး လုပ်နေတဲ့ အခြားအင်အားစုတွေနဲ့ ဆက်သွယ် လုပ်ဆောင်ဖို့နဲ့ ရရှိတဲ့ အချက်အလက်တွေနဲ့ အစိုးရ၊ လွှတ်တော်တွေကို တင်ပြတောင်းဆို သွားဖို့ပါ”ဟု ကိုမိုဃ်းသွေးက ပြော ပြသည်။

ပုဒ်မ ၁၈ သည် မြန်မာနိုင်ငံတွင် မရှိသင့်သည့် ဥပဒေတခုဟု ရှုမြင်ကြောင်းလည်း သူက ပြောသည်။

“ဘာကြောင့်လဲ ဆိုတော့ ဒါက အခြေခံ ဥပဒေထဲမှာ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်ကို အာမခံထားပြီး ဖြစ်တယ် ဆိုတော့ ဒီလို နိုင်ငံသား ရပိုင်ခွင့်၊ နိုင်ငံသား အခွင့်အရေးကို အတိအလင်း ချိုးဖောက်နေတဲ့ ဒီလို ဥပဒေမျိုး မရှိသင့်ဘူးပေါ့”ဟု ပုဒ်မ ၁၈ ဖြင့် တရားရင်ဆိုင်နေရသူ တဦးလည်းဖြစ်သည့် ကိုမိုဃ်းသွေး က ပြောဆိုသည်။

အထက်ပါ ဆွေးနွေးပွဲမှ “လွတ်လပ်စွာ ထုတ်ဖော်ခွင့် ကွန်ရက်”ဟုအမည် ပေးထားသည့် ကွန်ရက်တခုလည်း ဖွဲ့စည်းပေါ်ထွက် ခဲ့ကြောင်း၊ ယင်းကွန်ရက်တွင် အဖွဲ့ပေါင်း ၂၀ ခန့် ပါဝင်ကြောင်းလည်း သိရသည်။

နိုဝင်ဘာ ၆ ရက် ညနေပိုင်းက အစိုးရ၏ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်သော ငြိမ်းချမ်းစွာ ဆန္ဒ ဖော် ထုတ်သည့် မျိုးဆက်သစ် လူငယ်များ (Generation Youth) အဖွဲ့မှ ကိုတင်ထွဋ်ပိုင်၊ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့မှ ကိုသိန်းမြင့်အောင် အပါအဝင် အနည်းဆုံး ၄ ဦး တို့ကို ကျောက်တံတားနှင့် ပန်းဘဲတန်း ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အရေး ယူရန်ရှိကြောင်း ရဲစခန်း တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

ယခုအခါ ပုဒ်မ ၁၈ ဖြင့် တရားရင်ဆိုင်နေရသူ ၁၂၃ ဦး၊ ထောင်ဒဏ်ချခံရသူ ၅၂ ဦး၊ ပြန်လည် လွတ်မြောက်လာသူ ၁၇ ဦး နှင့် လက်ရှိအကျဉ်းထောင်တွင်း ၃၅ ဦး ကျန်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည် က ဧရာဝတီကိုပြောသည်။

ပုဒ်မ ၁၈ နှင့်ပတ်သက်၍ ခွင့်ပြုချက်တောင်းခံရခြင်းမျိုးမဟုတ်ဘဲ အသိပေး အကြောင်းကြားခြင်းမျိုးသာ ဖြစ်သင့်ကြောင်း လည်း သူက ဆက်ပြောသည်။

“ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဖို့ ခွင့်ပြုမိန့် မလိုပါ။ ခွင့်ပြုမိန့် တောင်းခံခိုင်းခြင်းကို AAPP အနေနဲ့ ကန့်ကွက်ပါတယ်။ ပုံမှန် ဆန္ဒပြ ပွဲတွေအတွက် လုံခြုံရေး အစီအမံပြုလုပ်နိုင်ရန် ဆန္ဒပြသူများဘက်မှ ရက်အနည်းငယ် ကြိုတင်အသိပေးရန် လိုအပ်ပါတယ်” ဟု ဦးဘိုကြည်က ဆိုသည်။

ရုတ်တရက် ပေါ်ပေါက်လာသည့် အကြောင်းအရာကြောင့် ဖြစ်ပေါ်လာမည့် ငြိမ်းချမ်းစွာ ဆန္ဒပြမူတွေအတွက် ပုဒ်မ ၁၈ နှင့် ကင်းလွတ်ခွင့်ကို အစိုးရဘက်က သတ်မှတ်ပေးရန်လိုပြီး ဆန္ဒပြခွင့်ရှိသည့် နေရာကို အစိုးရဘက်က တိတိကျကျ သတ်မှတ် ပေးထားရန် လိုကြောင်းလည်း သူက ဆက်ပြောသည်။

သမ္မတရုံး ဝန်ကြီး အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အရေး လှုပ်ရှားသည့် အဖွဲ့များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ နှင့် နိုင်ငံရေးပါတီများ စသဖြင့် စုဖွဲ့ထားသည့် လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ အစည်းအဝေးများ တွင် လည်း ပုဒ်မ ၁၈ နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးများတွင် ပုဒ်မ ၁၈ ဖြင့် အမှု ရင်ဆိုင်နေရခြင်းများကို အမြန်ဆုံး အဆုံးသတ်ရေး အတွက် အစိုးရဘက် ကို တိုက်တွန်းပြောဆိုနေကြောင်း၊ အချို့အမှုရင်ဆိုင်နေသည်မှာ နှစ်ချီ၍ပင်ကြာနေပြီဖြစ်ကြောင်း AAPP က တင်ပြဆွေးနွေး ခဲ့သည်ဟု ဆိုသည်။

“ဒါက အစိုးရဘက်က တက်ကြွ လူပ်ရှားနေသူတွေရဲ့ လွတ်လပ်စွာသွားလာခွင့်ကို ပုဒ်မ ၁၈ ကို အသုံးပြုပြီး ချုပ်ချယ်နေ တာပါ။ AAPP အနေနဲ့ လုံး၀ လက်ခံနိုင်ခြင်းမရှိပါ”ဟု ဦးဘိုကြည်က ဧရာဝတီကို ပြောဆိုသည်။

သမ္မတ ဦးသိန်းစိန် အစိုးရက “ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ” ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

ယင်း ဥပဒေ ပုဒ်မ ၁၈ တွင် “မည်သူမဆို ခွင့်ပြုမိန် မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ပြုကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေ ဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ရမည်” ဟု ပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading