ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဆောင်ရွက်နေသည့် အဖွဲ့များ၏ ထောက်ပံ့ရေး လုပ်ငန်းများကို နှောင့်နှေးကြန့်ကြစေရန် ဒေသခံဗုဒ္ဓဘာသာဝင်များက ပြုလုပ်ခဲ့ကြသည်ဟု အဆိုပါ အဖွဲ့ များက ပြောကြသည်။ အကူအညီပေးရာတွင် မွတ်ဆလင်များကိုသာ ဦးစားပေး ဘက်လိုက် ဆောင်ရွက်သည်ဟု စွပ်စွဲပြီး ယခုအပတ်အတွင်းတွင် ရန်လိုသည့်အပြုအမူများ ပိုမိုတိုးပွားလာသည်ဟုလည်း ၎င်းတို့က ဆိုသည်။
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့များ အနေဖြင့် မြန်မာနိုင်ငံ အနောက်ဖက်ခြမ်းမှ ယမန်နှစ် အတွင်းက ဖြစ်ပွားခဲ့သည့် ဒေသတွင်း ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် လူထောင်ပေါင်းများစွာထံသို့ အရေး ပေါ် ကူညီထောက်ပံ့မှုများ ပေးပို့ရာတွင် လုပ်ငန်းများဆောင်ရွက်ရာ၌ ကြုံတွေ့ရသည့် အခက်အခဲများ တိုးပွားလာနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (OCHA) ၏ ပြောရေးဆိုခွင့်ရှိသူ Pierre Pe’ron က ဗုဒ္ဓဟူးနေ့တွင် ဧရာဝတီသို့ ပြောကြားခဲ့သည်။
နိုင်ငံတကာ အဖွဲ့အစည်းများသည် မြန်မာအစိုးရ၏ ဖိတ်ခေါ်မှုကြောင့် လာရောက်ဆောင်ရွက်ပေးနေကြခြင်းဖြစ်ကြောင်း ရှင်းလင်းပြနိုင်ဖို့ အားထုတ်ခဲ့သော်လည်း အကူအညီပေးရာတွင် ဘက်လိုက်မှုရှိသည် ဆိုသော အမြင်ဖြင့် ဒေသတွင်းမှ အတိုက်အခံပြုမှုများ ကြီးထွားလာပြီး အကူအညီပေးဝန်ထမ်းများကို ထပ်တလဲလဲ ခြိမ်းခြောက်မှုများနှင့် အကြပ်ကိုင်မှုများ တိုးပွားလာနေခြင်းတို့က အန္တရာယ်ကြီးသည့် အခြေအနေတခု ပေါ်ပေါက်လာအောင် ဖန်တီးသလိုဖြစ်ခဲ့သည်ဟု သူကဆို သည်။ အခြေအနေအချို့တွင် ထိုကဲ့သို့ အနှောက်အယှက်ပေးမှုများသည် ထိခိုက်ခံစားခဲ့ရသည့် မိသားစုများကို အကူအညီပေးရေးလုပ်ငန်းများကို ရှုပ်ထွေးသွားစေသည် ဟုလည်း Pierre Pe’ron က ထပ်ပြောသည်။
ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များကလည်း ကုလသမဂ္ဂအဖွဲ့များသည် ဒေသခံ ဗုဒ္ဓဘာသာဝင်များထက် ရိုဟင်ဂျာမွတ်ဆလင်များကို ကူညီထောက်ပံ့မှုများ ပိုပေးသည်ဟု ပြောဆိုစွပ်စွဲခဲ့ကြသည်။
ယမန်နှစ်က ဖြစ်ပွားခဲ့သော ဒေသတွင်း ဆူပူအကြမ်းဖက်မှုများကြောင့် ဗုဒ္ဓဘာသာဝင်များနှင့် တိုင်းရင်းသား ကမန် မွတ်ဆလင်များလည်း နစ်နာဆုံးရှုံးခဲ့ရသော်လည်း ဓားစာခံဖြစ်ခဲ့ရသူ အများစုမှာ ရိုဟင်ဂျာ မွတ်ဆလင်များ ဖြစ်သည်။ ယမန်နှစ် ဇွန်လ နှင့် အောက်တိုဘာလများအတွင်း ၂ ကြိမ်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူ ၂၀၀ ခန့် သေဆုံးပြီး ၁၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ကုလသမဂ္ဂ၏ အစီရင်ခံစာများတွင် ဖော်ပြထားသည်။
ယခုအပတ်အတွင်း ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် နောက်ဆုံးဖြစ်ပေါ်ခဲ့သော ပဋိပက္ခတွင် Medecins Sans Frontieres (MSF) နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ဒဏ်ရာရသူ မွတ်ဆလင် ၃ ဦးကိုသာ ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည့်အတွက် အခြားဖြစ်စဉ်တခုတွင် ထိခိုက်ဒဏ်ရာရသူများ ဖြစ်သည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆေးကုမှုခံယူနိုင်ဖို့ လုပ်ဆောင်ခဲ့ရပြီးနောက်တွင် MSF အဖွဲ့လည်း ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကျေးရွာတရွာ အနီးတွင် လှံရှည်များ ကိုင်ဆောင်ထားသည့် မွတ်ဆလင်ယောက်ျားများ၏ တိုက် ခိုက်မှုကြောင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှု သည် မွတ်ဆလင် အမျိုးသား တယောက်၏ အလောင်းကိုတွေ့ရှိခဲ့ရခြင်းနှင့် ဆက်သွယ်မှုရှိသည် ဟုလည်း သိရသည်။
ဗုဒ္ဓဘာသာဝင်များက MSF ၏ အကူအညီပေးမှုတွင် ဘက်လိုက်ခြင်းများ ရှိနေသည်ဟု စွပ်စွဲခဲ့ကြသည်။ သို့သော်လည်း ဒေသခံခေါင်းဆောင်များနှင့် အစိုးရတာဝန်ရှိသူများဘက်က ဒဏ်ရာရရှိသည့် အမျိုးသမီးများကို အရေးပေါ်ဆေးဝါး ကုသမှု ပေးရန် သို့မဟုတ် ဆေးရုံသို့ ပို့ဆောင်ပေးရန် ဆယ်သွယ်အကူအညီတောင်းခံခြင်း မရှိခဲ့ဟု MSF ကဆိုသည်။
“တကယ်လို့ ဆက်သွယ်လာခဲ့မယ်ဆိုရင် MSF အနေနဲ့ အရေးပေါ်ဆေးဝါးကုသမှုပေးဖို့နဲ့ ဆေးရုံကို ဆက်လက်ပို့ဆောင် ပေးဖို့ အဆင်သင့်ပါပဲ။ အရင်ကလည်း အခြေအနေ တော်တော်များများမှာ ဒီလိုအကူအညီတွေ ပေးခဲ့ပါတယ်” ဟု MSF အဖွဲ့၏ ဒုတိယ အကြီးအကဲ Vickie Hawkins က ဧရာဝတီသို့ ပြောကြားခဲ့သည်။
ယခုအပတ်အတွင်း ဘက်လိုက်မှုရှိသည့် အကူအညီများကို ဆန္ဒပြရန် အတွက် ဗုဒ္ဓဘာသာဝင်များက ၂ ရက်ကြာ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့မှ လူ့အခွင့်အရေး လှုပ်ရှားသူတယောက် ဖြစ်သော ဦးထွန်းလှိုင် က ဆိုသည်။
“ကျနော်တို့ ဆန္ဒပြခွင့်တောင်းခံထားပြီးတော့ အဲဒါကို စောင့်နေပါတယ်။ ကုလသမဂ္ဂ အဖွဲ့တွေရဲ့ ဘက်လိုက်တဲ့ ကူညီမှု တွေကြောင့် ကျနော်တို့ စိတ်မချမ်းမသာ ဖြစ်ရပါတယ်” ဟု သူကပြောသည်။
လူသာချင်းစာနာထောက်ထားမှု အဖွဲ့များကလည်း စစ်တွေမြို့၌ အင်္ဂါနေ့က အစည်းအဝေးတခုကျင်းပပြီး ၎င်းတို့၏ ဝန်ထမ်းများ ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည် ဟု သိရသည်။ ခြိမ်းခြောက်နှောက်ယှက်မှုများ နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ ကိုလည်း တင်ပြထားသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (OCHA)က ပြောသည်။
“နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ အစိုးရဦးဆောင်တဲ့ လုပ်ငန်းတွေမှာ ကူညီလုပ်ကိုင်ပေးနေတာ ဖြစ်ပြီးတော့ အခြား နိုင်ငံတွေက ဒုက္ခသည်တွေကိုလည်း ဒီအတိုင်းပဲ ကူညီနေတယ် ဆိုတာနဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင် ဒုက္ခသည် အရေအတွက်ဟာ တခြား ဗုဒ္ဓဘာသာဝင် ဒုက္ခသည် အရေအတွက်ထက် များနေတယ် ဆိုတာကို ရခိုင်ပြည်နယ် အစိုးရ အနေနဲ့ လူထုသိအောင် အရေးယူ ဆောင်ရွက်ပြ၊ ပြောပြနေပေမယ့် တင်းမာမှုတွေနဲ့ ဒေသတွင်း ခုခံ တားဆီးမှုတွေက ဆက်ပြီးတော့ရှိနေတုန်းပါပဲ။ အကူအညီပေးရေးကို ဟန့်တားပိတ်ပင်တာက နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တာပါပဲ” ဟု Pierre Pe’ron က ဧရာဝတီသို့ အီးမေးလ်မှ တဆင့် ပြောသည်။
အစိုးရကလည်း ထိုသို့ တားဆီးနှောင့်ယှက်ခြင်းများကို သည်းခံမည် မဟုတ်ကြောင်းနှင့် ဥပဒေ ချိုးဖောက်သူများကို အရေး ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်ဟု သူကဆိုသည်။ အခုအချိန်အထိ ပြည်နယ်နှင့် ပြည်ထောင် စုအဆင့်မှ နေ၍ အကူအညီပေးရေးဝန်ထမ်းများ ယာယီစခန်းများတွင် နေထိုင်နေကြသော ဒုက္ခသည်များကို ကူညီရာတွင် လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ရေးနှင့် အဖွဲ့အစည်းများအပေါ် နားလည်မှု လွဲမှားနေခြင်းများ ပြေလည်သွားအောင် ကူညီရေး အတွက် ပိုမိုလုပ်ဆောင်ပေးရန် လိုအပ်နေဆဲဖြစ်ကြောင်းလည်း သူကပြောသည်။
စစ်တွေမြို့တွင် ဖွဲ့စည်းထားသော ရခိုင်သွေးလှူရှင်များအဖွဲ့မှ ကိုမောင်မောင်က တင်းမာမှုများ မြင့်တက်နေကြောင်း ပြော သည်။ “တချို့ တက်ကြွလှုပ်ရှားသူတွေက NGO တွေကို အိမ်မငှားဖို့ ဒေသခံပြည်သူတွေကို တိုက်တွန်းတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲကြတယ်” ဟု သူက ဆိုသည်။
ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှ အမည်မဖော်လိုသူ အကူအညီပေးရေး ဝန်ထမ်းတယောက်က NGO ဝန်ထမ်းများ ရင်ဆိုင် တွေ့နေရသည့် ခြိမ်းခြောက်မှု တခုအကြောင်းပြောပြသည်။ “သူတို့က NGO ဝန်ထမ်းတွေနေတဲ့ အိမ်တွေကို စာတွေပို့တယ်။ တခါတလေကျရင် သူတို့ အိမ်ကနေ ၄၈ နာရီအတွင်း ထွက်သွားရမယ်။ မသွားဘူးဆိုရင် အိမ်ကို မီးရှို့ ပစ်မယ်လို့ ခြိမ်းခြောက်ကြတယ်” ဟု သူက ပြောသည်။