မြန်မာနိုင်ငံတွင် အဓိကရုဏ်းများ ဖြစ်ပေါ်လာပါက လူ့အခွင့်အရေး စံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် အဓိကရုဏ်း ထိန်းချုပ်ရေး သင်တန်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ဥရောပ သမဂ္ဂ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ရဲလုပ်ငန်း အတွေ့အကြုံရှိသော နိုင်ငံခြားသား ရဲအရာရှိ ကြီးများက ရန်ကုန်မြို့တွင် စတင် သင်တန်းပေးနေပြီ ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ရဲလုပ်ငန်း ဆောင်ရွက်တဲ့အခါ၊ လူစုလူဝေးတွေကို ထိန်းသိမ်းတဲ့နေရာမှာ တတ်နိုင်သလောက် သူများ ထောက်ပြစရာ မဖြစ်အောင်၊ ဥပဒေနဲ့အညီ လုပ်နိုင်တဲ့ အပိုင်းလေးတွေ ဖြစ်လာအောင် ကူညီပေးတာပါ။ သင်တန်းမှာက ကျနော်တို့ လုပ်နေတဲ့ အစဉ်အလာတွေကို နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ကူညီပံပိုးမှုတွေ ပေးတယ်။ အရင်ကတော့ ကိုယ့်စံနှုန်းနဲ့ ကိုယ်သွားနေတဲ့ အပိုင်းတွေ ရှိတာပေါ့” ဟု နေပြည်တော် အခြေစိုက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကိုကိုအောင်က ဧရာဝတီသို့ ပြောကြားသည်။
သမ္မတ ဦးသိန်းစိန်၏ ဥရောပ ခရီးစဉ်တွင် ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အဆင့်မြှင့်တင်နိုင်ရန် ဆွေးနွေးခဲ့ပြီး နောက်ပိုင်း EU ကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ လူစုလူဝေး အဓိကရုဏ်းများကို ဥပဒေနှင့် အညီ ထိန်းသိမ်းရေး စသည်တို့ကို သင်တန်းများပေးရန် သဘောတူညီ ခဲ့ကြခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
၂၀၁၃ ခုနှစ် သြဂုတ်လမှ စတင်ကာ ဥရောပသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ ရဲလုပ်ငန်း အတွေ့အကြုံရှိသူများက ရန်ကုန်တွင် သင်တန်းများ စတင်ပေးခဲ့ပြီး ယခုလ ၄ ရက်နေ့တွင်လည်း ရန်ကုန်မြို့ ပျဉ်းမပင်ရှိ အမှတ် ၈ ရဲတပ်ရင်းတွင် အဓိကရုဏ်း ထိန်းချုပ်ရေး သင်တန်းကို စတင် ဖွင့်လှစ်နိုင်ခဲ့သည်။
အဓိကရုဏ်းများ ဖြိုခွဲရာတွင် နိုင်ငံတကာ စံနှုန်းများနှင့် အညီ အဆင့်ဆင့် ဖြိုခွဲရမည် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ထင်ရှားခဲ့သော ရွှေဝါရောင် တော်လှန်ရေး၊ လက်ပတောင်းတောင် အရေးတို့တွင် အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များသည် လုပ်ထုံးလုပ်နည်း များနှင့် မညီဘဲ လူ့အခွင့်အရေး ချိုးဖောက်ကာ အကြမ်းဖက် ခံခဲ့ရကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ တောင်သူလယ်သမား ရေးရာ ဒုတာဝန်ခံ ဦးမျိုးသန့်က ပြောဆိုသည်။
“အဓိကရုဏ်း ဖြိုခွဲရင် သူ့အဆင့်တွေ ရှိပေမယ့် ရဲက လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန် လုပ်ဆောင်တာမျိုးတွေ ရှိခဲ့တယ်။ ပစ်မိန့် ဆိုတာမျိုးက တရားသူကြီးရဲ့ ခွင့်ပြချက်လိုတယ်။ အမိန့်ပေးတဲ့သူက တရားသူကြီး ဖြစ်ရမှာ။ ပြီးတော့ လူစုခွဲဖို့၊ ရေပိုက်နဲ့ ထိုးဖို့ လုပ်ရမှာ။ ရွှေဝါရောင်တုန်းကဆိုရင် ရေပိုက်နဲ့တောင် မထိုးဘူး။ တန်းပစ်ခဲ့တာ” ဟု ဦးမျိုးသန့်က
ပြောသည်။
အဓိကရုဏ်း နှိမ်နင်းရေး သင်တန်းပေးခြင်းကို ရဲတပ်ရင်းများ အတွက် ဦးစားပေး ဆောင်ရွက်နေသော်လည်း မြေပြင်တွင် လက်တွေ့မကြာခဏ တွေ့ကြုံရသည့် မြို့နယ် ရဲစခန်းများကိုလည်း သင်တန်းပေးစေ လိုကြောင်း ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်မှ နယ်ထိန်းအဖွဲ့ ခေါင်းဆောင် ဒုရဲအုပ် ထွန်းနိုင်ဇော်က ဧရာဝတီသို့ ပြောသည်။
“ရဲတပ်ရင်းတွေက လူစုပြီးသားဆိုတော့ သင်တန်းပေးရတာ ပိုအဆင်ပြေတာပေါ့။ မြေပြင်မှာကတော့ အောက်ခြေ ရဲစခန်းတွေက ပိုထိတွေ့ရတာ။ ကျနော်တို့လည်း အဲဒီလို သင်တန်းမျိုး လိုအပ်တယ်။ အခု ဆန္ဒပြနေတဲ့သူတွေ အော်တာက သူတို့ဟာ ဥပဒေကို ချိုးဖောက်တာ မဟုတ်ဘူး၊ လူထု အခွင့်အရေးကို တောင်းဆိုနေတာ ဆိုပြီး အော်နေပေမယ့် တည်ဆဲ ဥပဒေတွေကို လိုက်နာဖို့လိုတယ်။ ကျနော်တို့မှာက ရဲလုပ်ငန်းလည်း ပြီးစီးအောင် ပြည်သူလူထုလည်း အထင်အမြင် မလွဲအောင် လုပ်ရတာ အခက်အခဲတွေ အများကြီး ရှိပါတယ်” ဟု ဒု ရဲအုပ် ထွန်းနိုင်ဇော်က ဆိုသည်။
ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ် သင်တန်းကို EU အကူအညီဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်
ရဲစခန်းများ အားလုံးတွင် စတင်နိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လက်အောက်ခံ ရဲတပ်ရင်း ၁၀ ရင်းကို သင်တန်းပေးရန် စီစဉ်လျက်ရှိပြီး သင်တန်းကာလကို ၁၈ လ သတ်မှတ်ထားကြောင်း၊ သင်တန်းကုန်ကျစရိတ် အပါအဝင် အဓိကရုဏ်း ဆောင်ရွက်ရာတွင် လိုအပ်သော ရဲအသုံးအဆောင် ပစ္စည်းများကိုပါ ဥရောပသမဂ္ဂမှ ကူညီ ပံ့ပိုး ပေးထား ကြောင်း သိရသည်။
“EU အပြင် ICRC တို့ UNDP တို့ကလည်း ရဲလုပ်ငန်းတွေကို ပံ့ပိုးကူညီမှုတွေ ပေးနေပါတယ်။ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကိုက်ညီဖို့ ICRC က သင်တန်းတွေ ပေးနေတယ်။ နေပြည်တော်မှာ လုပ်ပြီးသွားပြီ။ ရခိုင်မှာလည်း ဆက်လုပ်ဖို့ ရှိပါတယ်။ လူ့အခွင့်အရေး ဆိုင်ရာ သင်တန်းတွေမှာ ထိတွေ့တာ၊ ဖမ်းဆီးတာ၊ ထိန်းချုပ်တာ တွေကို ဥပဒေနဲ့ အညီဖြစ်ဖို့
လုပ်နေပါတယ်” ဟု ရဲမှူးကြီး ကိုကိုအောင်က ဆိုသည်။
ရန်ကုန်မြို့ အချက်အခြာကျသော မြို့နယ် ရဲစခန်းများနှင့် ဘာသာခြားဦးရေ များပြားသော မြို့နယ်များတွင် ဥရောပသမဂ္ဂမှ ရဲအရာရှိများက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ လာရောက်ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပြီး ယခုအခါ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် နိုင်ငံခြားသား ရဲအရာရှိ တဦးဖြင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်ကို စတင် လုပ်ဆောင်နိုင်ရန်
စီစဉ်လျှက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ သိရသည်။