ဧရာဝတီမြစ်ကမ်းဘေးတွင် ထိုင်ရင်း အဖြူရောင် လက်ဝါးကပ်တိုင် သင်္ကေတတခုကို ညွှန်ပြဖို့အတွက် မဆန်းခွန်က သူ လုပ်လက်စ အလုပ်ကို ခဏ ရပ်လိုက်သည်။
“အဲဒီတောင်ကုန်းထိပ်မှာ ကျမတို့ မနက်တိုင်း ဝတ်ပြုဆုတောင်းကြပါတယ်။ ဒါက ကျမတို့အတွက် အရေးကြီးတဲ့နေရာပါ။ ကျမတို့ ဒါကိုလေးစားပါတယ်။ အဲဒီမှာ ဘုရားကျောင်းတခုဆောက်ဖို့ တောင်မှ စီစဉ်ထားခဲ့ပါတယ်” ကချင်ပြည်နယ်မှ လူ အများစုလိုပင် ခရစ်ယာန် ဘာသာဝင်ဖြစ်သော ကချင်တိုင်းရင်းသူ အမျိုးသမီးကပြောသည်။
သို့သော်လည်း တရုတ်အစိုးရပိုင် ကုမ္ပဏီတခုက မြစ်ပေါ်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ဖို့အတွက် ဆည်ကြီးတခုဆောက်ဖို့ ရောက်လာသည့်အတွက် သူတို့ အစီအစဉ်ကို လွန်ခဲ့သော နှစ်အတော်ကြာကထဲက ရပ်နားဆိုင်းခဲ့ရသည်။ “သူတို့က မြေတွေသိမ်းလိုက်တယ်။ ကျမတို့တွေ ထွက်ခွာသွားဖို့လည်း ဖိအားပေးခဲ့ကြတယ်” ဟု မြစ်ကမ်းပါးမှာ မုန့်ပဲသရေစာနှင့် အအေး၊ ကော်ဖီ စသည့်တို့ရောင်းသည့် ယာယီဆိုင်ခန်းငယ်လေး ဖွင့်ဖို့ ပြင်ဆင်ရင်း မဆန်းခွန်က ဆိုသည်။
မေခနှင့် မလိခမြစ်နှစ်ခုပေါင်းဆုံကာ ဧရာဝတီမြစ်ဖြစ်ပေါ်လာခဲ့သည့် မြစ်ဆုံဒေသတွင် မြစ်ဆုံဆည်ကို ဆောက်ဖို့ စီစဉ် ခဲ့သည်။ ကွန်ကရစ်နံရံ အချို့ တည်ဆောက်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်က ကန့်ကွက်ခဲ့ကြသည့် ဒေသခံပြည်သူတို့၏ ဆန္ဒကို လိုက်လျောသည့်အနေဖြင့် စီမံကိန်းကို ရွှေ့ဆိုင်းပေးလိုက်သည့်အတွက် အားလုံးပြီးစီးအောင် မတည်ဆောက်နိုင်ခဲ့ပါ။
မြစ်ဆုံဒေသသည် ယခင်က တောင်တန်းများ၏ သဘာဝအလှ နှင့် တောင်ကုန်းများ၊ ကျောက်တုံးများဖြင့် တန်ဆာဆင် ထားသည့် မြစ်ကမ်းပါးတို့ကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် ထင်ရှားသည့် နေရာတခုဖြစ်ခဲ့သည်။ ယခုအချိန်တွင်တော့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည် သိပ်မတွေ့ရတော့ကြောင်း ဒေသခံများက ပြောကြသည်။
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် နေထိုင်သော ဦးခင်မောင်က သူ ငယ်စဉ်တုန်းက ဧရာဝတီမြစ်ဆီသို့ သွားရောက် လည်ပတ်ရသည်ကို မှတ်မိနေသည်။
“ဧရာဝတီရဲ့ အလှက တကယ်ကို အံ့မခန်းပါပဲ။ ကျနော်တို့ ကလေးဘ၀ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်ကဆိုရင် တောင် တွေပေါ်မှာ ဒေါင်းတွေ အများကြီးရှိတယ်။ လှေတစီးလာတဲ့ အသံကြားရင် ဧရာဝတီမြစ်ထဲကို ပျံဆင်းလာကြတယ်။ ဒါပေ မယ့် အခု ဧရာဝတီမြစ်ထဲမှာ ဒေါင်းတွေ မတွေ့ရတော့ဘူး။ အရင်တုန်းက ရေလည်း အရမ်းကြည်တယ်။ အခုတော့တွေ့ တဲ့ အတိုင်းပဲ ရေက နောက်ကျိနေတာပဲ” ဟု သူကပြောပြသည်။
ဆည်စီမံကိန်းကို ရွှေ့ဆိုင်းခြင်းမပြုမီ ၂၀၁၀ နှင့် ၂၀၁၁ ကာလများတွင် မြစ်ဆုံဒေသ၌ နေထိုင်သော မိသားစုများသည် မူရင်းနေရပ်ကို စွန့်ခွာပြီး အစိုးရကတည်ထောင်ပေးသည့် ကျေးရွာများသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။ အောင်မြင်သာ ကျေးရွာသို့ ပြောင်းရွှေ့ပေးခဲ့ရသူများက နေရာသစ်တွင် စိုက်ပျိုးရေးလုပ်ငန်းဖြင့် ရေရှည် အသက်မွေးရပ်တည်၍ မဖြစ်နိုင်ဟု ဆို ကြသည်။
“ကျမတို့ အောင်မြင်သာမှာ စိုက်ပျိုးရေးလုပ်လို့ မရဘူး။ ငှက်ပျောပင်တောင်မှ စိုက်လို့မရဘူး။ မြေက ကျောက်တုန်းတွေနဲ့ ပြည့်နေပြီးတော့ မြေကြီးထဲမှာလည်း ကျောက်တွေရှိတယ်။ ဒါကြောင့် စားဝတ်နေရေး အတွက် နေ့တိုင်းခရီးသွားပြီး အစား အသောက် ရောင်းနေရတယ်” ဟု မဆန်းခွန် က ပြောပြသည်။
မြစ်ဆုံဒေသသည် ရွှေထွက်သော နေရာလည်းဖြစ်သည်။ ဧရာဝတီ မြစ်ကမ်းပါးများတွင် တနိုင်တပိုင် ရွှေကျင်သူများက ရိုးရာနည်းလမ်းများကို အသုံးပြု၍ အဖိုးတန်သတ္တုစ အနည်းငယ်ရဖို့ ရှာဖွေနေကြသည်။ သူတို့က မြစ်ထဲမှ သဲတွေကိုဆယ်ယူပြီး ရေနှင့်မကျင်မီ ဝါးစင်ပေါ်တွင် လွှမ်းထားသည့် ပလပ်စတစ်လွှာတွေပေါ်သို့ လောင်းချကြသည်။
တချိန်တုန်းက ဒေသခံတွေ ဘုရားကျောင်းဆောက်ဖို့ ရည်ရွယ်ထားသည့်နေရာမှာလည်း ရွှေများများထွက်ကြောင်း သိရသည်။ “ဒါပေမယ့် အဲဒီနေရာက ဆည် စီမံကိန်းနယ်မြေဖြစ်သွားပြီလေ။ တရုတ်က ယူသွားပြီ။ မြေတွေကိုလည်း ယူသွားတယ်။ သူတို့ ရွှေတွေ အများကြီးတွေ့တယ်လို့ ကျမတို့ ကြားရတယ်” ဟု မဆန်းခွန်က ပြောသည်။
အောင်မြင်သာမှ သူ၏ အိမ်နီးချင်းတယောက်ဖြစ်သော လီဆူးတိုင်းရင်းသူ မဟွန်ရာက တနိုင်တပိုင် ရွှေကျင်သည့် အလုပ်ကို လုပ်နေသူဖြစ်သည်။ “ကျမတို့ ရွှေတွေရောင်းပြီးတဲ့ အခါ တနေ့ကို ကျပ် ၅၀၀၀ ဒါမှမဟုတ် ၆၀၀၀ လောက်ရပါတယ်။ ကျမတို့က လက်နဲ့ပဲ တူးတာဆိုတော့ အများကြီးမရဘူး။ အရင်ကတော့ တရုတ်တွေက စက်တွေသုံးပြီး လာတူးတော့ သူတို့က တနေ့ တနေ့ကို ရွှေတန်ချိန် အများကြီးရတယ်” ဟု မဟွန်ရာ ကပြောသည်။
ဆည်တည်ဆောက်ရေးလုပ်ငန်းကို ရွှေ့ဆိုင်းလိုက်သဖြင့် တရုတ်ရွှေတူးဖော်သူများနှင့် အင်ဂျင်နီယာများ ထွက်ခွာသွားခဲ့ ကြသော်လည်း လုံခြုံရေး အစောင့်အချို့ ကျန်ရှိနေဆဲဖြစ်သည်။ ဧည့်သည်များ သွားရောက်ခွင့် တားမြစ်ပိတ်ပင်ထားသည့် စီမံကိန်းနယ်မြေသို့ သွားရာလမ်းပေါ်တွင် ရဲအဖွဲ့က စစ်ဆေးရေးစခန်း တခုဖွင့်လှစ်ထားသည်။
သူတို့၏ မြေများအတွက် မျှတသော နစ်နာကြေး မရရှိခဲ့ဟုလည်း ဒေသခံတို့က ပြောကြသည်။
“ကျမတို့ကို တရုတ်ကုမ္ပဏီက ပေးမယ်လို့ ကတိပေးထားတဲ့ နစ်နာကြေး ခုထိမရသေးပါဘူး။ ဆောက်လုပ်ရေး လုပ်ငန်း တွေ ရပ်နားထားရတဲ့ အတွက် လျော်ကြေးပေးဖို့ကိုလည်း ဆိုင်းငံ့ထားတယ်လို့ သူတို့ကပြောပါတယ်” ဟု မဆန်းခွန်က ဆိုသည်။
လျှပ်စစ်ဓာတ်အား ၆၀၀၀ မဂ္ဂါဝပ်ထွက်ရှိမည့် မြစ်ဆုံဆည်သည် တရုတ်အစိုးရပိုင် Chinese Power International (CPI) ၏ စီမံကိန်းတခုဖြစ်သည်။ သို့သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှုများဖြစ်လာနိုင်သည်ကို သတိ ပေးမှုများ ပြည်သူအများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် မြန်မာ အစိုးရက စီမံကိန်းကို ရွှေ့ဆိုင်းလိုက်သည်။
ဦးသိန်းစိန်က သူ၏ သမ္မတသက်တမ်းကာလအတွင်းတွင် စီမံကိန်းကို ပြန်လည်စတင်မည်မဟုတ် ဟု ပြောခဲ့သော်လည်း တရုပ်ဖက်ကမူ နောက်ဆုံးတွင်လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် မျှော်လင့်နေကြောင်းကို ရှင်းလင်းစွာပင် ထုတ်ဖော်ပြော ခဲ့သည်။ CPI က စီမံကိန်းလုပ်ငန်းခွင်တွင် ဝန်ထမ်း အဖွဲ့ငယ်တခု ဆက်လက်ထားရှိကြောင်းလည်း သိရသည်။