လာမည့် ဘဏ္ဍာရေးနှစ်တွင် ရဲတပ်ဖွဲ့ အသုံးစရိတ်နှင့် အမှုလိုက် စရိတ်များကို တနိုင်ငံလုံး တိုးမြှင့်ရရှိတော့မည် ဖြစ်ရာ အမှုအခင်း ရင်ဆိုင်ရသူများအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေသည့် ငွေကြေးကုန်ကျမှုနှင့် ရဲဝန်ထမ်းတချို့၏ အဂတိလိုက် စားမှုများ လျော့ကျလာနိုင်မည် ဖြစ်ကြောင်း သိရသည်။
ယခင်က အမှုလိုက်စရိတ်များနှင့် လိုအပ်သော ကုန်ကျစရိတ်များကို နိုင်ငံတော်မှ လောက်ငှစွာ ထုတ်ပေးခဲ့ခြင်း မရှိသည့်အတွက် အမှုသည်များထံမှ လမ်းစရိတ်၊ အထွေထွေ ကုန်ကျစရိတ်တို့ကို တောင်းခံမှုများနှင့် ကိုယ်ပိုင်ငွေကို စိုက်ထုတ် သုံးစွဲခဲ့ရခြင်းများ ရှိခဲ့ကြောင်း အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းက ဧရာဝတီသို့ ပြောသည်။
ရဲမှူး ဇော်ဝင်းက “အရင်တုန်းကဆိုရင် ရဲတပ်ဖွဲ့ဘတ်ဂျက်က ကာကွယ်ရေး ဘတ်ဂျက်ထဲက လာတာ။ အခုဆိုရင် ခွဲလိုက်ပြီ။ သေမှုသေခင်းဖြစ်လို့ သေသွားတဲ့သူရဲ့ မိသားစု မပေါ်ဘူးဆိုရင် ရဲတပ်ဖွဲ့ကနေ သင်္ဂြိုဟ်ပေးရတာတွေ ရှိတယ်။ ဝေးလံတဲ့ဒေသတွေကို သွားပြီး ဖမ်းပေးရတာမျိုးဆိုရင် အမှုတခုကို ၅ ထောင်ကနေ ၁ သိန်းအထိ ကုန်ကျတယ်။ အဲဒီစရိတ်တွေကို ပြန်ချပေးဖို့အတွက် စီစဉ်နေပါပြီ” ဟု ပြောသည်။
အမှုအခင်းများနှင့် ပတ်သက်၍ အမှုကြီး၊ အခြားအမှုနှင့် ကြိုတင်ကာကွယ်မှုဟူ၍ ၃ မျိုးရှိရာ အမှုလိုက် စရိတ်များကို ပြန်လည် ချထားပေးမည့် ငွေပမာဏမှာ လူသတ်မှု၊ မုဒိန်းမှု စသည့် အမှုကြီးဆိုလျှင် ကျပ် ၃ သောင်း၊ ရန်ဖြစ်မှု၊ သာမာန် နာကျင်စေမှုကဲ့သို့ အခြားအမှုများအတွက် ကျပ် ၂ သောင်း ချဲထီဖမ်းခြင်း၊ အရက်ဖမ်းခြင်းစသည့် ကြိုတင် ကာကွယ်မှုများ အတွက် ကျပ် ၁ သောင်းနှုန်း သတ်မှတ်ကာ ထုတ်ပေးတော့မည် ဖြစ်ကြောင်း သူက ဆက်လက်ရှင်းပြသည်။
ကမာရွတ်မြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မာင်မောင်ဦးကလည်း “နယ်တွေကို တရားခံ သွားဖမ်းဖို့အတွက် ဘတ်ဂျက် မရခဲ့ဘူး။ ကျနော်တို့နည်း ကျနော်တို့ဟန်နဲ့ပဲ လုပ်ခဲ့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခင်က လူသတ်မှု၊ မုဒိန်းမှုစသည့် အမှုများအတွက် ဓာတုဗေဒ စစ်ဆေးစရိတ်၊ နေပြည်တော်သို့ ပို့ဆောင်ရသည့် လမ်းပန်းဆက်သွယ်ရေး ကုန်ကျစရိတ် ကဲ့သို့သော စရိတ်စကများ အတွက်လည်း လာမည့် ဘဏ္ဍာရေးနှစ်တွင် တနိုင်ငံလုံးရှိ ရဲတပ်ဖွဲ့များသို့ ချထားပေးမည်ဟု သိရှိထားကြောင်း ရဲမှူး ဇော်ဝင်းက ပြောသည်။
ဒုရဲမှူး မောင်မောင်ဦးက “အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် ကိုယ့်အိတ်ကိုယ် စိုက်လုပ်နေရတာတွေ၊ အခြား ကိုယ်နည်းကိုယ့်ဟန်နဲ့ လုပ်နေရတာတွေ၊ အဂတိလိုက်စားတာတွေ ပျောက်သွားနိုင်တယ်လို့ ယူဆပါတယ်။ ချက်ချင်းကြီး ပျောက်သွားမယ်လို့တော့ မပြောလိုဘူး။ အမြစ်စွဲနေတဲ့ဟာတခုကို ဖြတ်ရတာ ချက်ချင်းကြီးတော့ မရဘူးပေါ့။ ဒါပေမယ့် ဖြည်းဖြည်းချင်းတော့ ပျောက်သွားမှာပါ” ဟု ပြောသည်။
ရဲတပ်ဖွဲ့အသုံးစရိတ်များ မထုတ်ပေးခဲ့စဉ်က စာရွက်စာတမ်းကြေးများကိုလည်း အိတ်စိုက် သုံးစွဲခဲ့ရကြောင်း၊ ယခုနောက်ပိုင်းတွင် စာရွက်စာတမ်းကြေးနှင့် ဝန်ဆောင်စရိတ်များ၊ ရိက္ခာ စသည်ဖြင့် ထပ်မံ ချပေးလာခြင်းကြောင့် အနည်းငယ် အဆင်ပြေခဲ့ကြောင်း၊ အမှုလိုက်စရိတ်များကို ထပ်မံ ချထားပေးမည်ဆိုပါက အမှုသည်များကို အားကိုးရန် လိုတော့မည် မဟုတ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်အေးက ပြောသည်။
“တော်ရုံတန်ရုံလုပ်ငန်း ပိုမြန်သွားတာပေါ့ဗျာ။ ရဲဝန်ထမ်းတွေက အမှုလိုက်ဖို့အတွက် သွားမယ်လာမယ် ဆိုရင် ကားမရှိရင် ကာယကံရှင်တွေက ကားရှာပေးရတာမျိုးတွေ၊ စရိတ်စကတွေနဲ့ ပြည်သူလူထု ဝန်ထုတ်ဝန်ပိုး လျော့သွား တာပေါ့” ဟု ရဲမှူး မြင့်အေးက ဆက်လက်ပြောသည်။
ယင်းသို့ အမှုလိုက်စရိတ်များ တိုးမြှင့်ချထားပေးနိုင်ရန် မျှော်မှန်း ဘဏ္ဍာငွေ ရေးဆွဲခြင်းများကို ပြုလုပ်ကာ တင်ပြထားပြီးဖြစ်ရာ လာမည့် ဧပြီလ ဘတ်ဂျက်ခွဲဝေမှုတွင် ရရှိမည်ဟု မျှော်မှန်းထားကြောင်း အထက်ပါ ရဲအရာရှိများထံမှ သိရသည်။