ပြည်ထောင်စု လွှတ်တော်က မီတာခ တိုးမြှင့် ကောက်ခံမှု လျှော့ချရေး အရေးကြီး အဆိုကို ယနေ့ အစည်း အဝေးတွင် အတည်ပြု လိုက်ပြီး လွှတ်တော် သို့ တိုးမြှင့်ထားသည့် မီတာခ နှုန်းထားများ လျှော့ချရေး စဉ်းစား သုံးသပ် မည့် အစီအစဉ် ကို တင်ပြရန် နှင့် သုံးသပ်နေသည့် ကာလအတွင်း အစိုးရအနေဖြင့် မီတာခ တိုးမြှင့် ကောက်ခံခြင်း မပြုရန် ဖိအားပေး လိုက်ကြောင်း သိရှိရသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက နိုဝင်ဘာလမှ စတင်ပြီး လျှစ်စစ်မီတာခများကို တိုးမြှင့်ရန် ကြေညာချက် ထုတ်ပြန် ခဲ့ပြီး နောက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေချိန် ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မလှိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က မီတာခ ပြန်လည်လျှော့ချရေး အရေးကြီးအဆိုတရပ် တင်သွင်းခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြောင်း၊ ယင်းအတည်ပြုချက်ကြောင့် လျှပ်စစ်ဝန်ကြီးဌာန အနေဖြင့် နိုဝင်ဘာလ တိုးမြှင့်ကောက်ခံမည့် မီတာခများကို ပြန်လည်သုံးသပ်ရမည်ဖြစ်ပြီး သုံးသပ်ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။
“ဒီနေ့ တင်သွင်းတာက လျှပ်စစ်ဓာတ်အားခတွေ မြှင့်တင်ထားတာကို လျှော့ချရေးပေါ့။ အဲဒီမှာ ၂ ပိုင်းရှိတယ်။ အဲဒီမှာ သာမန် လူတန်းစားတွေအတွက် တရာယူနစ် သတ်မှတ်တယ်ဆိုတာကို ယူနစ် ၂၀၀ မှ ၃၀၀ လုပ်ပေးပါလို့ အဆိုမှာ ပြောထား တယ်။ ကျန်တဲ့ဈေးနှုန်းတွေကလည်း နိုင်ငံတကာမှာလို သတ်မှတ်ပေးဖို့။ နိုင်ငံတကာမှာလိုဆိုတာက Commercial လုပ်တဲ့သူ၊ Production လုပ်တဲ့သူ အလိုက်ပေါ့ သင့်တင့်တဲ့ဈေးနှုန်းနဲ့ လုပ်ပေးဖို့။ မီတာခကို အခုလိုကြီး ၂ ဆ မမြှင့်ဖို့။ နောက်တခါ တိုင်းနဲ့ ပြည်နယ်တွေမှာ မျှမျှတတ သုံးစွဲခွင့်ရဖို့။ မီတာခသတ်မှတ်တဲ့နေရာမှာ လေလွင့် နေတာ တွေကို စိစိစစ်စစ်လုပ်ဖို့။ ပြည်နယ်၊ တိုင်းနှုန်းထားတွေက တပြေးညီဖြစ်ဖို့။ ရခိုင်မှာ မီတာခ တယူနစ် ၄၀၀၊ ၅၀၀ ဖြစ်နေ ချိန်မှာ ပြည်မမှာ တယူနစ် ၃၅ ကျပ်ဖြစ်နေတာမျိုးတွေက မတရားဘူးလေ။ အဆိုက အတည်ဖြစ်တယ်´´ဟု မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ဧရာဝတီသို့ပြောသည်။
လျှပ်စစ်ဝန်ကြီးဌာနသည် မီတာခတိုးမြှင့်ကောက်ခံမှုကို ပြန်လည်သုံးသပ်ပြီး အနီးဆုံး ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြရမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဝန်ကြီးဌာနသည် မီတာခကို ပြန်လည်သုံးသပ်နေသည့် ကာလအတွင်း မီတာခများ တိုးမြှင့်ကောက်ခံခြင်းမပြုရန် လွှတ်တော်က တောင်းဆိုထားပြီး လျှပ်စစ်ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် အတိုင်း ဆောင်ရွက်ပေးမည်ဟု သိရှိရသည်။
“အဆိုက အတည်ပြုထားတော့ ဒီပြဿနာကို ပြန်လည်လေ့လာပါ၊ ဆန်းစစ်ပါ၊ သုံးသပ်ပါ။ သုံးသပ်ပြီးတော့ အနီးဆုံး ပြည်ထောင်စု လွှတ်တော်ကို ပြန်လည်တင်ပြပါ။ သုံးသပ်လေ့လာဆောင်ရွက်နေတဲ့အချိန်မှာ ဒီဈေးနှုန်းကို ဆက်မတိုးပါနဲ့။ ပြည်သူလူထုက အရမ်းနစ်နာတယ်။ ပြည်သူလူထုမှာ စိတ်ပူသလို စိတ်ဆင်းရဲနေရတယ်။ အဲဒီတော့ သူတို့ဘက်ကလည်း ဒီကိစ္စ အ၀၀ကို ပြန်လည်ပြီးတော့ တင်ပြမယ်လို့ ပြောပါတယ်။ အနီးဆုံးဆိုတာက ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာ လ ၁၂ ရက်နေ့မှာ ရှိသေးတယ်။ အဲဒီရက်မှာ မတင်ပြနိုင်ရင်တော့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်လောက်ဖြစ်မှာပေါ့။ နိုဝင်ဘာလမှာ တိုးကောက်မယ့် မီတာခတွေက ပျက်ပြယ်ဖို့ ပြောလိုက်ပြီ´´ဟု ဦးအေးမောက်က ဆက်ပြောသည်။
လတ်တလော ရန်ကုန်မြို့တွင် မီတာခတိုးမြှင့်မှုကို ဆန့်ကျင်ကန့်ကွက်သည် လူထုဆန္ဒပြပွဲများဖြစ်ပေါ်လျက်ရှိရာ အစိုးရက မီတာခ ချက်ချင်း မပြင်ဆင်ပေးလျှင် နောက်ဆက်တွဲများ ဖြစ်ပေါ်လာနိုင်သည်ဟု ဦးအေးမောက် က သတိပေးလိုက်သည်။
“မဖြစ်သင့်မဖြစ်ထိုက်တဲ့ဈေးနှုန်းတွေ။ အစိုးရက လွှတ်တော်ကိုလည်း အသိမပေးဘူး။ ပြည်သူကိုလည်း အသိမပေးဘဲနဲ့ တက်လိုက်တာလေ။ ဆန္ဒပြမှုတွေကတော့ ဆက်ဖြစ်နေမှာပဲ။ အစိုးရဘက်က မြန်မြန်ပြန်ပြင်နိုင်မယ်ဆိုရင်တော့ ပြေလည် သွားမယ်။ အစိုးရအချိန်ကြာကြာဆွဲလုပ်ရင်တော့ တမျိုးဖြစ်သွားလိမ့်မယ်´´ ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက လျပ်စစ် ဓာတ်အားမီတာခတိုးမြှင့်မှု သည် အုပ်ချုပ်ရေးအဖွဲ့၏ တာဝန် တခုတည်း မဟုတ်ဘဲ လွှတ်တော်တွင်လည်း တာဝန်ရှိကြောင်း၊ ပြည်သူလူထုအပေါ် သက်ရောက်မည့် ကိစ္စ ပြည်သူ့ ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်က ဖြေရှင်းပေးရန် တာဝန်ရှိသည်ဟု ပြောဆိုသည်။
လျှပ်စစ်ဝန်ကြီးဌာနက လက်ရှိကောက်ခံနေသော လျှပ်စစ်ဓာတ်အားခသည် အရှုံးပေါ်နေပြီး တလျှင် ငွေကျပ် ၁၈၅ ဘီလျံ အရှုံးပြလျက်ရှိသည့်အပြင် တလ ဓာတ်အား ယူနစ်သန်းပေါင်း ၂၅၀၀ ကျော် လေလွင့်ပျောက်ဆုံးလျက်ရှိကြောင်း၊ တိုးမြှင့် ကောက်ခံလိုက်သော မီတာခကြောင့် အရှုံးပေါ်နေမှု သက်သာမည်ဟု ပြောဆိုသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှ စ၍ ဓာတ်အား သုံးစွဲခများ တိုးမြှင့်ကောက်ခံရာတွင် အိမ်သုံး လျှပ်စစ်ဓာတ်အားခမှာ ၁ ယူနစ်မှ ၁၀၀ ယူနစ်အတွင်း သုံးစွဲလျှင် ၁ ယူနစ် ၃၅ ကျပ်၊ ၁၀၁ နှင့် အထက် သုံးစွဲပါက ၁ ယူနစ် လျှင် ၅၀ ကျပ်၊ စက်မှု စီးပွား လုပ်ငန်းများ အတွက် ၁ ယူနစ်မှ ၅၀၀၀ အတွင်း သုံးစွဲပါက ၁ ယူနစ်လျှင် ၁၀၀ ကျပ်နှုန်း ၊ ၅၀၀၁ နှင့် အထက် သုံးစွဲပါက ၁ ယူနစ်လျှင် ၁၅၀ ကျပ်နှုန်း နှင့် အစိုးရ ရုံးသုံး အတွက် ၁ ယူနစ်လျှင် ၅၀ ကျပ် ၊ အစိုးရ စက်မှုသုံး အတွက် ၁ ယူနစ်လျှင် ၁၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။