ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့အနီးရှိ ငဝန်မြစ်အတွင်း၌ လက်ထိတ် သုံးစုံ ခတ်လျှက်သား အနေအထားဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေးအမှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၅ ဦး အနက် ၄ ဦးကို ရာထူးတဆင့်လျှော့၊ ပြစ်ဒဏ်ချ၍ အချုပ်မှ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
လိန်ကုန်း ကျေးရွာအုပ်စု သပြေပင်ကျေးရွာနေ ဦးအုန်းသန်း၊ ဒေါ်မြင့်မြင့်သန်းတို့ နေအိမ်မှ ရွှေ ၁၀ ကျပ်သား ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ သံသယတရားခံ အဖြစ် ဖမ်းဆီးပြီး အမှုစစ်ဆေးနေစဉ် လက်ထိတ်တန်းလန်းဖြင့် ရေထဲခုန်ချပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သူ မသန်းသန်းအေးအတွက် တာဝန်ရှိသည့် တပ်ကြပ်ကြီး ကြည်လင်း၊ တပ်ကြပ် နေထွန်း၊ တပ်ကြပ်
ကျော်လင်းနိုင်နှင့် ဒု တပ်ကြပ် ဇော်မင်းထွန်းတို့အား ရာထူးတဆင့်စီ လျှော့ချ၍ ယခုလ ၅ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန် ပြန်လည်ထမ်းဆောင် နေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထိပ်တန်း အရာရှိတဦးက ဧရာဝတီကို ပြောသည်။
“မသန်းသန်းအေး သေတဲ့ကိစ္စနဲ့ ပတ်သတ်လို့ ၄ ယောက်တော့ အမိန့်ချပြီးပြီ။ တပ်ကြပ်ကြီး ကြည်လင်းကို တပ်ကြပ် လုပ်ပစ်လိုက်တယ်။ တပ်ကြပ် နေထွန်းနဲ့ တပ်ကြပ် ကျော်လင်းနိုင်ကို ဒုတပ်ကြပ်အဆင့်ကို လျှော့ပစ်လိုက်တယ်။ ဒုတပ်ကြပ်
ဇင်မင်းထွန်းကို ရဲတပ်သားအဖြစ် လျှော့ပစ်လိုက်တယ်။ ရာထူးလျှော့တဲ့ အဆင့်ပေါ့။ အခုတော့ ပြန်ခန့်ထားပြီ။ တာဝန် ပြန် ထမ်းဆောင်နေပြီ” ဟု သူက ပြောသည်။
မသန်းသန်းအေး သေဆုံးမှုနှင့် ပတ်သက်၍ ပုသိမ်မြို့တဘက်ကမ်း သင်္ဘောကျင်း ရဲစခန်းမှ ဒု ရဲအုပ် တဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးအား ပြီးခဲ့သည့်ဇွန်လ ၂၀ ရက်နေ့က ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး အစီအစဉ်ဖြင့် ဖမ်းဆီး ချုပ်နှောင်ထားခြင်း ဖြစ်ပြီး အချိန် ၄ လကျော် အကြာတွင် မြန်မာနိုင်ငံ ရဲချုပ်က အမိန့်ချခဲ့ခြင်း ဖြစ်သည်။
သင်္ဘောကျင်း စခန်းမှူး ရဲအုပ်ကြည်လင်းကိုမူ “လက်အောက် ငယ်သားများအား ကောင်းမွန်စွာ မကွပ်ကဲသည့် အတွက်
ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း” မြန်မာနိုင်ငံ ရဲချုပ်၏ အမိန့်စာတွင် ဖော်ပြထားသည်။
မသန်းသန်းအေး သေဆုံးမှုတွင် အဓိကတာဝန်ရှိသူ အဖွဲ့ခေါင်းဆောင်နှင့် အမှုစစ်ဖြစ်သူ ဒူရဲအုပ် နိုင်အောင်ကျော်ကိုမူ
ရဲတရားရုံးဖြင့် စစ်ဆေးပြီးစီးသွားပြီ ဖြစ်ပြီး ရဲချုပ်အမိန့်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း၊ ၎င်းမှာ အရာရှိဖြစ်နေသဖြင့် ရဲစည်းကမ်းအရ တခြားအဆင့်များနှင့် ရောနှော အမိန့်ချ၍ မရသည့်အတွက် သီးသန့် အမိန့်ချမည် ဖြစ်ကြောင်း တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ အရာရှိက ပြောသည်။
လက်ထိတ် နောက်ပြန်ခတ်လျှက် အနေအထားဖြင့် သေဆုံးခဲ့သူ မသန်းသန်းအေးမှာ ပုသိမ်မြို့နယ် လက်ပံကျေးရွာတွင် ခင်ပွန်းဖြစ်သူ ကိုနန်းဝင်းနှင့်အတူ နေထိုင်သူဖြစ်သည် ရွှေပျောက်မှုနှင့် ပတ်သက်၍ ခင်ပွန်းဖြစ်သူကို သင်္ဘောကျင်း ရဲစခန်းမှ ဒုရဲအုပ် နိုင်အောင်ကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လ ၁၁ ရက်နေ့တွင် မသန်းသန်းအေးအား သံသယ တရားခံအဖြစ် ဆက်လက် ဖမ်းဆီးခဲ့သည်။
ရဲများက မသန်းသန်းအေးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (မြက်တိုစခန်း)၊ အမှတ် – ၁ (အသည်ကြီးစခန်း) နှင့် ပုသိမ်တဘက်ကမ်း သင်္ဘောကျင်း ရဲစခန်းတို့တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ချုပ်နှောင် စစ်ဆေးခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့ ညပိုင်းတွင် တာဝန်ရှိသူရဲများ စောင့်ကြပ်နေသည့် ကြားမှ ရေနစ် သေဆုံးခဲ့ခြင်းဖြစ်သည်။
သပြေပင် ကျေးရွာသို့ သက်သေခံ ရွှေထည်ပစ္စည်းများ လိုက်လံပြသပြီး အပြန် ပုသိမ်မြို့ ကြက်တန်း ကူးတို့ဆိပ် အနီးတွင် ရဲများရှေ့၌ပင် လက်ထိတ်တန်းလန်းဖြင့် ရေထဲသို့ ခုန်ချသွားခြင်း ဖြစ်ကြောင်း လှေပေါ်တွင် အတူစီးနင်း လိုက်ပါခဲ့သူ မျက်မြင်သက်သေ များက ဆိုသည်။
မသန်းသန်းအေးအား ဖမ်းဆီးထားစဉ် ကာလအတွင်း အမှုနှင့် ပတ်သက်၍ ရဲများက နှိပ်စက် ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ရေနစ်သေဆုံးမှုအား သက်ဆိုင်ရာ ရဲစခန်းမှ မိဘဆွေမျိုးများထံ အကြောင်းမကြားဘဲ ထိန်ချိန်ထားခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူ ကိုနန်းဝင်းကိုလည်း ခိုးမှုကို ဝန်ခံစေရန် ရဲများက ရိုက်နှက်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
“နန်းဝင်းကို ထုပ်တန်းမှာ တွဲလောင်းချည်ပြီး ကန်ကျောက်၊ ရိုက်နှက်တာတွေ လုပ်တော့ အခု သူ့မှာ ရင်ဘတ်တွေ၊ ကျောတွေ အောင့်တယ်။ အသက်ရှူမဝတာတွေ ခံစားနေရတယ်လို့ ပြောတယ်။ အဒေါ်တို့လည်း ထောင်ဝင်စာ တွေ့တဲ့အချိန် ဆေးလုံး လေးတွေလောက်ပဲ ပေးနိုင်တယ်။ လိမ်းဆေး ပုလင်းတွေ ဘာတွေ ပေးလို့မရဘူး။ ထောင်ဆရာဝန်နဲ့ ပြတော့လည်း
အဆင် မပြေဘူး ပြောတယ်” ဟု ကိုနန်းဝင်း၏မိခင် ဒေါ်စန်းရီက ပြောသည်။
ကိုနန်းဝင်းအား အချုပ်ခန်းထဲတွင် နှိပ်စက်သူများအနက် သင်္ဘောကျင်း စခန်းမှူး ရဲအုပ်ကြည်လင်း ကိုယ်တိုင် ပါဝင် သော်လည်း ၎င်းအား တစုံတရာ အရေးယူမှုမရှိသည့် အပေါ် ကျေနပ်မှုမရှိကြောင်း၊ ကျူးလွန်ခဲ့သည့် ပြစ်ဒဏ်အရ ဥပဒေအတိုင်း အရေးယူ ပေးစေလိုကြောင်း ဒေါ်စန်းရီက ဆက်ပြောသည်။
လက်ရှိတွင် ကိုနန်းဝင်းမှာ ပုသိမ်ထောင်၌ ချုပ်နှောင်ခံနေရပြီး ပုသိမ်မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင် နေရသည်။
ရွှေပျောက်မှုနှင့် ပတ်သက်၍ အဓိက သက်သေခံ ပစ္စည်းများဖြစ်သည့် ရွှေထည်များကို ယနေ့တိုင် ရှာဖွေတွေ့ရှိခြင်း မရှိသေးသည့် အတွက် တရားရုံးတော်သို့ တင်သွင်းနိုင်ခြင်း မရှိသေးပေ။
မသန်းသန်းအေး မသေဆုံးမီ ဇွန်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက ဒုရဲအုပ် နိုင်အောင်ကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် များသည် မသန်းသန်းအေးကို သပြေပင် ကျေးရွာသို့ ခေါ်ဆောင်သွားပြီး သက်သေခံ ပစ္စည်းများ ထားသည့်နေရာကို
ပြသခိုင်း၍ ရှာဖွေသော်လည်း မည်သည့် ရွှေထည်ပစ္စည်းမှ မတွေ့ခဲ့ရကြောင်း သိရသည်။
ရွှေထည်များအား ခိုးယူပါသည်ဟု ကိုနန်းဝင်းက ရဲစခန်း၌ ဝန်ခံထားသော်လည်း ယင်းမှာ ရဲများ၏ ရိုက်နှက် နှိပ်စက်မှု များကြောင့် ဝန်ခံခဲ့ရခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။ ကိုနန်းဝင်းကို ယခုလ ၁၄ ရက်နေ့တွင် ပုသိမ်မြို့နယ် တရားရုံး၌ ရုံးထုတ် စစ်ဆေးမည် ဖြစ်သည်။