နှစ်ပေါင်း ၄၀၀ ကျော်ကြာ ရေထဲတွင် နစ်မြှုပ်နေသည်ဆိုသော ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရှာဖွေ ဆယ်ယူရန် ကြိုပမ်းရာတွင် ပုဂ္ဂိုလ်တဦးတယောက်၏ ဦးဆောင်မှုဖြင့် မဟုတ်ဘဲ နိုင်ငံတော် အစိုးရ၏ တိုက်ရိုက် ဦးဆောင်မှုဖြင့် လုပ်ဆောင်စေလိုကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က တိုက်တွန်းလိုက်သည်။
နိုဝင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သော ဓမ္မစေတီ မွန် ခေါင်းလောင်းတော်ကြီးနှင့် ပတ်သက်သော မွန်အမျိုးသားတို့၏ သဘောထား သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
ဓမ္မစေတီ ခေါင်းလောင်းကြီးကို ငွေကြေးအကုန်ကျခံ ဆယ်ယူမည်ဟု ဇေကမ္ဘာကုမ္ပဏီပိုင်ရှင်၊ လွှတ်တော်အမတ် ဦးခင်ရွှေက ပြောဆိုကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် မွန်အဖွဲ့က နိုင်ငံတော်အစိုးရကို ဦးဆောင်ပေးရန် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသန ဦးစီးဌာနနှင့် စင်ကာပူ အခြေစိုက် SD Mark International LLP ကုမ္ပဏီတို့ ပူးပေါင်းပြီး ၂၀၁၂ ခုနှစ်တွင် ချက်ထရီယမ်ဟိုတယ်၌ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆယ်ယူမည့် ကုန်ကျစရိတ်နှင့် ပတ်သက်၍ အဆိုပါ စင်ကာပူကုမ္ပဏီကို လုပ်ကိုင်ခွင့် မပြုတော့ကြောင်း သိရသည်။
မွန်အမျိုးသားတို့၏ သဘောထား သတင်းစာရှင်းလင်းပွဲတွင် ဓမ္မစေတီ ခေါင်းလောင်းကြီးကို အစိုးရကိုယ်တိုင် ဦးဆောင် တူးဖော်ရန်နှင့် ယင်းခေါင်းလောင်းကြီး၏ မူလပိုင်ရှင်မှာ မွန်လူမျိုးများဖြစ်ပြီး မွန်များ၏ ရှေးဟောင်း သမိုင်းဝင် အမွေအနှစ်များကို အသိအမှတ်ပြုပေးရန် တိုက်တွန်း တောင်းဆိုခဲ့ကြသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီးကို ဆယ်ယူရာတွင် တဦးတယောက်၏ သဘောဆန္ဒဖြင့် ဆယ်ယူသော ကိစ္စမျိုး မဖြစ်စေချင်ဘဲ အများပါဝင် ဆောင်ရွက်ခွင့်ရှိသော ပုံစံမျိုးသာ ဖြစ်သင့်ကြောင်း၊ သမိုင်းအမွေအနှစ်သည် လူတိုင်း၊ တိုင်းရင်းသား အားလုံးနှင့် သက်ဆိုင်ကြောင်း၊ တစုံတဦး၏ သြဇာလွှမ်းမိုးမှုဖြင့် ဆယ်ယူပြီး သမိုင်းသင်္ကေတ၊ လက္ခဏာများ ဖျောက်ဖျက်ပစ်လိုက်မည်ကို စိုးရိမ်ကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ အငြိမ်းစား ဒု ဗိုလ်မှူးကြီး ဦးနိုင်ရဲဇော်က ပြောသည်။
“ဒီဂျာနယ်မှာ ရေးထားတာက ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူရေးမှာ ၁၀၀ ရာခိုင်နှုန်း အကုန်ကျခံမယ် ဆိုပြီး ပြောတယ်ဆိုတော့ ငါလုပ်မယ်၊ ကျန်တဲ့သူတွေ မလိုဘူးဆိုတဲ့ သဘောဖြစ်နေတယ်။ အဲဒီလိုဆို ကျနော်တို့ ပါဝင်ချင်တဲ့ စေတနာ ဘယ်နားသွားထားမလဲ။ ဒီကထိန်မှာ ကျနော်တို့က သင်္ကန်းတစုံ ဝင်လှူချင်တယ်ဆိုရင် မရဘူး၊ ဘယ်သူမှ ဝင်လှူခွင့်မရှိတဲ့ ကထိန်မျိုး ဖြစ်မသွားဘူးလား” ဟု ဦးနိုင်ရဲဇော်က မေးခွန်းထုတ်သည်။
ဓမ္မစေတီ ခေါင်းလောင်းကြီးကို နိုင်ငံတော်အစိုးရမှ ဦးဆောင်ဆယ်ယူပေးရန် လွှတ်တော်တွင် အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း အစိုးရက တာဝန်ယူ ဆယ်ယူပေးမည်ဟု ကတိမပြုခဲ့ဘဲ ဝေ့လည်ကြောင်ပတ်သာ ဖြေကြားပေးခဲ့ကြောင်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာနက ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးနှင့် ပတ်သက်၍ အစည်းဝေးတခါ ထိုင်ခဲ့သော်လည်း မည်သည့်ထူးခြားမှုမှ မရှိခဲ့ကြောင်း မွန်ပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညာအောင်မိုးက ပြောသည်။
“ကျနော်တို့ လွှတ်တော်မှာ တင်ပြတယ်။ တောင်းဆိုတယ်။ ဒါပေမယ့် မရေမရာနဲ့ အဲဒီလိုလည်း ဖြေတယ်။ ပြီးတော့ ပြန်ပိတ်သွားတယ်။ နောက်ပြီးတော့ တကယ် လုပ်မလိုလိုနဲ့ အစည်းအဝေး တခါထိုင်တယ်။ နောက်မထိုင်တော့ဘူး” ဟု ဒေါက်တာ ဗညာအောင်မိုးက ဆက်ပြောသည်။
မွန်တို့၏ ရှေ့ဟောင်း အမွေအနှစ်လက်ရာ၊ သမိုင်းကြောင်း ၊ အနုပညာလက်ရာများကို မွန်တိုင်းရင်းသားတို့၏ အမွေအနှစ်အတိုင်း ဖော်ပြပေးရန် တောင်းပန်လိုကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားများမှာ သီးခြား မရပ်တည်နိုင်သော်လည်း တိုင်းရင်းသားများ၏ သီးခြား လက္ခဏာရပ်များကို ပယ်ဖျက်မေ့ပျောက်ထား၍ မဖြစ်နိုင်ကြောင်း မွန်းအမျိုးသားများက ပြောသည်။
“ကျနော်တို့က ဓမ္မစေတီ မွန်ခေါင်းလောင်းလို့ ခေါ်ဝေါ်စေချင်ပါတယ်။ မွန်ဘုရင် ဓမ္မစေတီမင်းကြီးရဲ့ လှူဒါန်းခဲ့သော ခေါင်းလောင်းလို့ ပြောရင်လည်း လက်ခံပါတယ်။ အခုက ကျနော်တို့ ယဉ်ကျေးမှုတွေ၊ ကျနော်တို့ အနုပညာတွေ၊ ကျနော်တို့ သမိုင်းလက်ရာတွေ၊ ကျနော်တို့ ရှေးဟောင်း အမွေအနှစ်တွေကို လုယူတယ်လို့ ခံစားနေရတယ်” ဟု ဦးနိုင်ရဲဇော်က ဆိုသည်။
ဓမ္မစေတီ ခေါင်းလောင်ကြီးမှာ မွန်အမျိုးသားများနှင့် သက်ဆိုင်ကြောင်း ပြောဆိုနေခြင်းမှာ ယင်းခေါင်းလောင်းကြီးကို မွန်ပြည်နယ်ကို ပြန်သယ်သွားလို၍ မဟုတ်ဘဲ အသိအမှတ် ပြုစေလို၍သာ ဖြစ်ကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှု သူတေသန အသင်းမှ ဦးနိုင်ဇာနိုင်က ပြောဆိုသည်။
၁၉၉၈ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရှာဖွေတူးဖော်စဉ် ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့နှင့် ပြဿနာတခု တက်ခဲ့သောကြောင့် ရှာဖွေမှုကို စွန့်လွှတ်ခဲ့ရသူ ဒေါ်ခင်အေးသိန်းက သတင်းစာရှင်းလင်းပွဲတွင် “မြို့တော်စည်ပင်က ကားတစီးပေးတယ်။ တပ်က တပ်သားနှစ်ယောက် ပေးတယ်။ ဧရာဝတီ ရေတပ်ဌာနချုပ်က သဘောၤတစီး ပေးပါတယ်။ ကျန်တာက ကျမငွေနဲ့ပဲ။ အားလုံးပေါင်း လူ ၂၁ ယောက်နဲ့ ကိုယ့်ငွေကိုယ်စိုက်ပြီး ရှာခဲ့တာပါ” ဟု ဆိုသည်။
ယခု သတင်းစာရှင်းလင်းပွဲ မတိုင်မီ မွန်းလွဲပိုင်းကလည်း ရန်ကုန်မြို့ရှိ UMFCCI ရုံးတွင် မောင်မြင့်သူ (တမ္ပဝတီ) ကလည်း ဓမ္မစေတီ ခေါင်းလောင်းကြီးနှင့် စပ်လျဉ်း၍ စာတမ်းတစောင် ဖတ်ကြားတင်ပြခဲ့သည်။ ယင်းစာတမ်းတွင် ဓမ္မစေတီ ခေါင်းလောင်းကြီး အမှန်တကယ် လှူခဲ့သလား၊ ရေတွင် မြှုပ်ခဲ့သည်မှာ တကယ်လား၊ အလေးချိန် ဖော်ပြချက်နှင့် တွက်ချက်ပုံ ကွဲလွဲမှု၊ ခေါင်းလောင်း၏ အလေးချိန် တွက်ချက်မှု စသည့် အချက်များ ပါဝင်သည်။
“အခု စာတမ်းဖတ်တာကလည်း ဓမ္မစေတီနဲ့ ပတ်သက်ပြီး အားပျော့သွားအောင်၊ ဇဝေဇဝါဖြစ်သွားအောင် လုပ်သလိုမျိုး ဖြစ်နေတယ်။ စာတမ်းဖတ်တယ်ဆိုတာ တစုံတခုကို သုတေသန သေချာပြုပြီး အထောက်အထားနဲ့ ရှင်းပြရမှာ။ အခု ပြဿနာတွေက အစိုးရက တာဝန်အပြည့်မယူလို့ ဖြစ်နေတာ။ အခုက နတ်တွေမေး၊ ဗေဒင်တွေမေးနဲ့။ မယုံရဘူးလို့ ကျနော်မပြောဘူး။ ဒါပေမယ့် သိပ္ပံနည်းကျ လုပ်စေချင်တယ်။ ဘယ်သူတာဝန်ယူရမလဲ ဆိုတော့ အစိုးရက တာဝန်ယူရမယ်” ဟု ဦးနိုင်ဇာနိုင်က ပြောသည်။
၁၆ ရာစုတွင် ပေါ်တူဂီ လူမျိုး ဒီဗရစ်တို ခေါ် ငဇင်ကာက ရွှေတိဂုံ ဘုရားကုန်းတော်ပေါ်မှ ဓမ္မစေတီ ခေါင်းလောင်းကြီးကို အဓမ္မ ယူဆောင်သွားပြီးနောက် ဖောင်ဖြင့် သယ်ယူရန် ကြိုးစားစဉ် ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်းနှင့် ပဲခူးမြစ် သုံးခုဆုံရာအရပ်တွင် နစ်မြှုပ်ခဲ့ကြောင့် နှောင်းပိုင်း သမိုင်းမှတ်တမ်း တချို့တွင် ဖော်ပြထားသည်။