ပြည်ပမှာ တိမ်းရှောင်နေရသူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ပြည်တော်ပြန်လာစေနိုင်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေကြမ်းကို ထိုင်းအစိုးရက လွှတ်တော်တွေမှာ တင်ပြီး အတည်ပြုဖို့ ကြိုးစားရာက ထိုင်းနိုင်ငံရေး မတည်မငြိမ် ပြန်ဖြစ်ပါတယ်။
အခုလို ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုတွေက မြန်မာနိုင်ငံအတွက် ဘယ်လို သင်ခန်းစာဘာတွေ ရနိုင်မလဲ။
နိုင်ငံတော်က တရားလိုလုပ်ပြီး အပြစ်ပေးခံနေရတဲ့ အကျဉ်းသားတွေနဲ့ မစ္စတာ သက်ဆင် အပါအဝင် မျက်ကွယ် အပြစ်ပေးခံထားရတဲ့ သူတချို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းကို ထိုင်းလွှတ်တော်တွေမှာ အတည်ပြုဖို့ ကြိုးစားရင်း ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်နဲ့ ဒေသတချို့မှာ လူပေါင်း ထောင်သောင်းချီတဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်လာပါတယ်။
ထိုင်းနိုင်ငံ အောက်လွှတ်တော်က အဲဒီဥပဒေမူကြမ်းကို အတည်ပြုပေးလိုက်ပြီး အထက်လွွှတ်တော်ရဲ့ အတည်ပြုချက် ရပြီးရင် ဥပဒေအတည် ဖြစ်ပါမယ်။
ဒါပေမယ့် အထက်လွှတ်တော်အမတ် ၄၀ ရာခိုင်နှုန်းလောက်က လွတ်ငြိမ်းချမ်းသာ ဥပဒေမူကြမ်းကို ကန့်ကွက်ခဲ့လို့ ဆက်လက် ဆွေးနွေးအတည်ပြုနိုင်ရေး ၇၅ ရာခိုင်နှုန်း မပြည့်တာကြောင့် ဆက်လက် ဆွေးနွေးဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့ကို ရွှေ့ခဲ့ပါတယ်။
ဒါကြောင့် ဆန္ဒပြသူတွေလည်း မကျေမနပ် ဆက်ဖြစ်နေကြပြီး တချို့ဆန္ဒပြ ခေါင်းဆောင်တွေကလည်း လက်ရှိ မစ္စ ယင်းလတ် အစိုးရ နုတ်ထွက်ရေးအထိပါ တောင်းဆိုခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ ဆန္ဒပြနေသူတွေအကြား ဒုတိယအကြီးဆုံး အင်အားစုဖြစ်တဲ့ ထိုင်းနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကျောင်းသား၊ ပြည်သူ ကွန်ရက် (Network of Students and People for the Reform of Thailand group) က ခေါင်းဆောင်တဦးဖြစ်တဲ့ Nitithorn Lamlua က လက်ရှိ အစိုးရရဲ့ အဂတိလိုက်စားမှုတွေကို ဆက် ဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။
“အဂတိလိုက်စားတဲ့ မကောင်းဆိုးဝါး အစိုးရအတွက် အချိန်ကျပြီ။ ငါတို့ ဒါတွေ ဖော်ထုတ်ကြမယ်”လို့ သူက ဆိုပါတယ်။
တယ်လီကွန်းလုပ်ငန်းရှင် ဘီလျံနာသူဌေးကြီးလည်းဖြစ်တဲ့ မစ္စတာ သက်ဆင်ဟာ သူ့ရဲ့ ဖွေ့ထိုင်းပါတီကို တည်ထောင်ပြီး ပါလီမန်မှာအများစုရအောင် ဆောင်ရွက်နိုင်ခဲ့ကာ ပထမ သက်တမ်းအပြည့် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူပါ။
ဒုတိယအကြိမ် ထပ်ပြီး အရွေးခံခဲ့ရပေမယ့် သူ တာဝန်ထမ်းဆောင်စဉ် ကာလ မူးယစ်ဆေးတိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ လူ ၂၀၀၀ ကျော်ကို သေဒဏ်ပေးခဲ့တာ၊ အဂတိလိုက်စားမှု အကြီးဆုံးဖြစ်တဲ့ နိုင်ငံဘဏ္ဍာငွေတွေကို အလွဲသုံးစား လုပ်ခဲ့တာနဲ့ နိုင်ငံတော်ကို အခွန်ပေးဆပ်ဖို့ ပျက်ကွက်တာတွေ ရှိတယ်လို့ စွပ်စွဲကြတာတွေ ရှိပါတယ်။
သက်ဆင်အပေါ် ထိုင်းပြည်သူများ ကန့်ကွက်မှု အပြင်းထန်ဆုံးကတော့ ထိုင်းပြည်သူ တရပ်လုံးက ချစ်ခင်လေးစားတဲ့ ဘုရင်စနစ်အပေါ် မရှိသင့်တော့ဘူးလို့ ဝေဖန်ပြောဆိုခဲ့တာတွေကြောင့် ဘန်ကောက်နဲ့ ပညာတတ် လူလတ်တန်းစားတွေက သူ့ကို မကြိုက်ကြပါဘူး။
ဒါကြောင့် သက်ဆင်ဟာ ၂၀၀၈ ခုနှစ်မှာ ဝန်ကြီးချုပ် ခရီးစဉ်နဲ့ ပြည်ပထွက်ခွာနေချိန် ထိုင်းစစ်တပ်က အာဏာသိမ်း လိုက်ပြီးနောက် သူဟာ ဒူဘိုင်းနိုင်ငံမှာ နေထိုင်ခဲ့ပါတယ်။
မစ္စတာ သက်ဆင်ရဲ့ ပြည်ပရောက် ဘဝမှာ နယ်စပ်ကိစ္စကြောင့် ထိုင်းနဲ့ ရန်သူတမျှ ဖြစ်နေတဲ့ ကမ္ဘောဒီးယားနဲ့ ဆက်ဆံရေး နီးနီးကပ်ကပ် ရှိနေတာကို ပြသလိုက်တာလည်း ထိုင်းပြည်သူတွေအတွက် ဒေါသဖြစ်စရာပါ။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က Preah Vihear ရှေးဟောင်းဘုရားကျောင်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်း အထက် လွှတ်တော်မှာ ဆွေးနွေးငြင်းခုန်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
သက်ဆင်ကို ထောက်ခံသူတွေကတော့ တရားဝင် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ ဝန်ကြီးချုပ်တဦးဟာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီး ပြည်ပြေးဖြစ်သွားရတဲ့ အဖြစ်ကြောင့် ဒီမိုကရက်ပါတီနဲ့ အဲဒီပါတီကို ထောက်ခံသူတွေ အပေါ် အတော်မကျေမနပ် ဖြစ်နေကြပါတယ်။
ဒီလိုအငြင်းပွားဖွယ်တွေ ဖြစ်နေတဲ့ မစ္စတာ သက်ဆင် ပြည်တော်ပြန်လာနိုင်မယ့် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမကြမ်းနဲ့ ပတ်သက်ပြီး အစပိုင်းမှာ ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလတ် ရှင်နာဝပ်ကတော့ ဒီ ဥပဒေမူကြမ်းဟာ နိုင်ငံတဝန်း အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရည်မှန်းလုပ်ဆောင်တာ ဖြစ်တယ်လို့ ရုပ်မြင်သံကြားကနေ ကာကွယ်ပြောဆိုခဲ့ပါတယ်။
ဝေဖန်သူတွေက ဒါဟာ လက်ရှိ ဝန်ကြီးချုပ် မစ္စ ယင်းလတ်က သူ့ရဲ့ အစ်ကို ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းနိုင်ငံကို ချောချောမွေ့မွေ့ ပြန်လာနိုင်ရေး အတိုက်အခံ ဒီမိုကရက်ပါတီ ခေါင်းဆောင် မစ္စတာ အဖီဆစ် ဝေ့ချာချီဝနဲ့ အပေးအယူလုပ် ဆွေးနွေးညှိနှိုင်းမှု ရှိခဲ့တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။
ဘန်ကောက်မြို့က နာမည်ကြီး ချူလာလောင်ကွန်း တက္ကသိုလ်က ပါမောက္ခတွေ၊ ကျောင်းသားတွေကလည်း လွတ်ငြိမ်းချမ်းသာ ဥပဒေမူကြမ်းကို ကန့်ကွက်တဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် တရားသူကြီးတွေ၊ ဆရာဝန်နဲ့ သူနာပြုတွေ၊ ထိုင်းနိုင်ငံတလွှား ပညာတတ်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ကန့်ကွက်ခဲ့ကြပါတယ်။
ယုတ်စွအဆုံး ထိုင်းအကျဉ်းထောင်တချို့ထဲက အကျဉ်းသားတွေကတောင် ဒီ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကို ကန့်ကွက်တဲ့အကြောင်း ထိုင်းလူမှု ကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွေပေါ်မှာ ဓာတ်ပုံတွေနဲ့ တကွ ဖော်ပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ ထိုင်း ဝန်ကြီးချုပ် မစ္စယင်းလတ်ကလည်း သူတို့ အစိုးရအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းကို လွွှတ်တော်တွေမှာ ဆက်ပြီး တင်သွင်းအတည်ပြုဖို့ မကြိုးစားတော့ဘူးလို့ ပြောဆိုလိုက်ပါပြီ။
“လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကိစ္စက ပြီးသွားပါပြီ။ ကျမတို့ အားလုံးကို ပြန်ရုပ်သိမ်းပါမယ်” လို့ သူက ရုပ်မြင်သံကြား ကတဆင့် ပြောဆိုလိုက်တာပါ။
ဆန္ဒပြသူတွေ လိုလားတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းကိစ္စ အဆုံးသတ်သွားပေမယ့် ဆန္ဒပြမှုတွေကြောင့် အောက်တိုဘာလ ၉ ရက်နေ့ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့ထိ ဘန်ကောက်နဲ့ အနီးတဝိုက်မှာ အရေးပေါ် အခြေအနေ ကြေညာထားတာကို အခုထိ မရုပ်သိမ်းသေးပါဘူး။
ပုဂ္ဂိုလ်တဦးတယောက်နဲ့ လူနည်းစုကို အကာအကွယ်ပေးဖို့ ကြိုးစားတဲ့ မစ္စ ယင်းလတ်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်း အတည်ဖြစ်ရေး ကြိုးစားမှုကြောင့် ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပြီး နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ထိုင်း နိုင်ငံကို ထိခိုက်မှုတွေရှိလာပြီး ပထမဆုံး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ထိခိုက်သွားတယ်လို့ သိရပါတယ်။
ဗြိတိန်၊ ပြင်သစ်၊ ဆွီဒင်၊ ဂျပန် စတဲ့ နိုင်ငံတွေက ထိုင်းနိုင်ငံမှာ ရှိနေကြသူတွေနဲ့ သွားမယ့် သူတို့နိုင်ငံသားတွေကို မပြင်းထန်တဲ့ သတိပေးမှုတွေ ထုတ်ပြန်ခဲ့တယ်လို့ ထိုင်း ခရီးသွားလုပ်ငန်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံမှာ ယခုကာလအတွင်း ကမ္ဘာလှည့်ခရီးသွား ၂၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ဘတ်ငွေ တန်ဘိုးဟာလည်း Bloomberg ရဲ့ စာရင်းဇယားအရ ဝ.၉ ရာခိုင်နှုန်း ထိုးကျသွားခဲ့ပါတယ်။ တချို့ ထိုင်းငွေကြေးစာချုပ်တွေလည်း ဈေးတွေ ကျသွားပြီး ရောင်းထုတ်လိုက်ရတဲ့ အဖြစ်မျိုးတွေ ရှိတယ်လို့လည်း ငွေကြေးဆိုင်ရာ သတင်းတွေက ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ အခြားကဏ္ဍတွေမှာလည်း နိုင်ငံရေး မတည်ငြိမ်မှုတွေ ရိုက်ခတ်သွားခဲ့ပြီး နိုင်ငံရေး ပြန်လည်တည်ငြိမ်ရေး၊ စီးပွားရေး ပြန်လည် တည်ငြိမ်ရေးတွေ အတွက်လည်း ပြန်လည် တည်ဆောက်ရပါဦးမယ်။
မြန်မာနိုင်ငံမှာလည်း လျှပ်စစ်မီး မီတာခ တိုးမြှင့်လိုက်တဲ့အပေါ် မကျေနပ်မှုတွေကြောင့် ရန်ကုန်၊ မန္တလေးနဲ့ မြို့တချို့ မှာ တကြော့ပြန် ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာနေပါတယ်။
မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ အခြေခံ နောက်ကြောင်းတွေနဲ့ ထိုင်းနိုင်ငံက ဆန္ဒပြမှုတွေရဲ့ အခြေခံ နောက်ကြောင်းတွေကတော့ ကွာခြားမှု ရှိပေမယ့် ဘယ်လို သင်ခန်းစာမျိုးတွေ ယူကြမလဲဆိုတာတော့ စောင့်ကြည့်ရ ပါလိမ့်မယ်။