အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၏ ရန်ကုန်တိုင်းလုံးကျွတ် လူထုစုဝေးပွဲတွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပြည်သူ ၉၉ ရာခိုင်နှုန်းကျော်က ဆန္ဒပြုကြကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်အားကစားတွင် ကျင်းပသည့် လူထုစုဝေးပွဲသို့ ပြည်သူ အင်အား ၂ သောင်း ကျော်တက်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင် နှင့် ပြည်သူ ၁၀၀ ဝန်းကျင်ကသာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် ပြန်လည်ရေးဆွဲရန် သဘောထားဆန္ဒရှိပြီး ပြည်သူအများစုက ပြန်လည် ပြင်ဆင်ရေး ကို ထောက်ခံဆန္ဒပြုကြကြောင်း သိရှိရသည်။
NLD ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ အသစ် ပြန်လည်ရေးဆွဲရေး အတွက် လူထုဆန္ဒ တောင်းခံမှုသည် လက်ရှိ လွှတ်တော် အတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးနှင့် ပတ်သက်၍ အခွင့်အလမ်းနည်း ပါးနေခြင်းကြောင့် လူထု အင်အား ကို ရယူဆောင်ရွက်ရခြင်းဖြစ်သည်ဟု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။
လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်အင်အားများ နေသည့်အပြင် အခြေခံဥပဒေ ပြင်ချင်စိတ်၊ စေတနာရှိမှုကို မတွေ့ရသေးကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များတွင် ပြင်ဆင်ရေးု အခက်အခဲ ဖြစ်စေရန် ရည်ရွယ်ပြဋ္ဌာန်းထားသော တင်းကျပ်သည့် ဥပဒေ ပြဋ္ဌာန်းချက်များရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
“ဘယ်လိုပြင်မှာလဲ။ ၁ ခု၊ ၂ ခုလောက် ပြင်ဖို့ပဲလုပ်မှာလား။ တိုးတက်မှုက မရှိသေးပါဘူးဗျာ။ အခုတောင် အစိုးရက သူ့သဘောနဲ့သူ လျှပ်စစ် ဈေးနှုန်းတွေတက်တယ်၊ လွှတ်တော်က ပြန်ချတယ်။ လွှတ်တော်နဲ့ အစိုးရကြား ပြဿနာ ဖြစ်လာ တယ်။ အစိုးရက တမျိုး၊ လွှတ်တော်ကတမျိုးနဲ့၊ ဒီကြားထဲ တပ်ဘက်က လာဦးမှာပဲ။ ဒီအတိုင်းလှည့်ဖြစ်နေတော့ ကြားထဲက ပြည် သူလူထုပဲ ခံစားရမှာ။ လွှတ်တော်အနေနဲ့ ပြင်မယ်ဆိုရင် ပြင်လို့ရတာပဲ။ အခုလို ပြင်ဖို့တောင်
ဒီလောက် ခက်ခဲနေသေးတာ ဆိုတော့ အသစ်သာရေးဆွဲရေးဆိုရင် ဘယ်လောက်ခက်မလဲ ခန့်မှန်းလို့ရတယ်” ဟု ဦးခွန်ထွန်းဦးက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်အာဏာရှင်စနစ် ကိုအခြေခိုင်ရန် အုတ်မြစ်ချထားပြီး ယခု စနစ်ဖြင့် သာ ဆက်သွားမည်ဆိုလျှင် စစ်မှန်သော ဒီမိုကရေစီစနစ် ရောက်နိုင် ရန် မလွယ်ကူကြောင်း၊ သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လူထု၏ သဘောထားအပေါ်တွင်သာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး မိမိအနေဖြင့်လည်း ပါတီ၏ဆန္ဒ၊ လူထုရပ်တည်ချက်အတိုင်း ရပ်တည်သွားမည်ဟု ပြောသည်။
“ကျနော်အယူအဆကတော့ ကျနော့်မှာ ကိုယ်ပိုင် နိုင်ငံရေးသဘောထားရှိပါတယ်။ တချို့ကတော့ ပါတီရဲ့သဘော
ထားအတိုင်း လုပ်ရတာရှိသလို၊ ပါတီနဲ့ မတူညီတာတွေလဲ ရှိပါတယ်။ ဒါနဲ့သာသွားရင် တကယ့်ဒီမိုကရေစီစနစ်ကိုရောက် နိုင်ဖို့ မလွယ်ဘူး။ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ဆိုးတွေ အမြစ်စွဲနေတာတွေကို နုတ်ပစ်နိုင်မယ့် အနေအထားမရှိဘူး” ဟု ဦးဝင်းတင်က ဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အသစ်ပြန်လည်ရေးဆွဲရေး ဆိုင်ရာ လူထုဆန္ဒခံယူပွဲ များကို ဒီဇင်ဘာလ ၁၅ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ် ကြောင်း၊ ရရှိသော ပြည်သူ့ဆန္ဒ သဘောထားကို ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည်ဟု သိရှိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး အတိုက်အခံနိုင်ငံရေးအင်အားစုများအကြား သဘောထားကွဲလွဲမှု အားနည်းချက် များစွာ ရှိနေပြီး တိုင်းရင်းသားများက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးထက် အသစ်ပြန်လည် ရေးဆွဲရေးသာ လိုလားကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးတွင် ညီညွတ်မှု ပျောက်ဆုံး နေကြောင်း နိုင်ငံရေးသုံးသပ်သူတချို့က မှတ်ချက်ပြုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက အခြေခံဥပဒေ လေ့လာသုံးသပ်ရေး အစီရင်ခံစာ လွှတ်တော်က ထုတ်ပြန်မည့် လာမည့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းကာလသည် မြန်မာနိုင်ငံ၏ အရေးကြီးသော နိုင်ငံရေး ကာလ ဖြစ်ကြောင်း၊ ဖွဲ့ စည်းပုံအခြေခံ ဥပဒေသည် ပြည်သူလူထု၏ ဆန္ဒသာဖြစ်ရန် လိုအပ်ကြောင်းပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်သူ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက “လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်မည်ဆိုရင် ပထမဆုံး
ပြင်ဆင်ရမှာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁၂ မှာပါဝင်တဲ့ ပြင်ဆင်ခြင်းအပိုင်းတွေကို အဓိကပြင်ရမှာ။ အဲဒါက ပြင်ဖို့ကို ခက်ခဲတင်းမာနေတဲ့အချက်ပဲ။ အဲဒါ သာလျော့သွားရင် ကျန်တာတွေကို ဆက်ပြင်ဆင်ဖို့ လွယ်ကူ သွားမယ်” ဟု သုံးသပ်သည်။
လတ်တလော လွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်သူတဦးချင်းစီနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများက ပေးပို့သော အကြံပြု စာ ၁၂၀ ကျော်ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။
လွှတ်တော်အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသည် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖွဲ့စည်းပုံ လေ့လာ သုံးသပ်မှု အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်။