ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကို နိုင်ငံရေး အကျဉ်းသားဟောင်း တချို့ စုပေါင်း၍ တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေး အကျဉ်းသားများအတွက် နိုင်ငံတကာမှ ထောက်ပံ့မှု အများအပြားကို ရယူထားပြီး ပြန်လည် ထောက်ပံ့ရာတွင် မျှတမှု မရှိခြင်းကြောင့် တရားစွဲမည်ဟု နိုင်ငံရေး အကျဉ်းသားများ ထောက်ပံ့ကူညီပေးနေမှုများ သမာသမတ်ရှိရေး စောင့်ကြည့်ရေး အဖွဲ့မှ ဦးဇော်လင်းဦးက ဧရာဝတီ ကို ပြောသည်။
“အများပိုင် ငွေကြေးကို ပုဂ္ဂိုလ်ရေးအတွက် အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲဆိုမှာပါ။ လောလောဆယ်တော့ ရန်ကုန်၊ ပဲခူး၊ မုံရွာ ၃ နေရာက နိုင်ငံရေး အကျဉ်းသားဟောင်း ၁၀၀ ကျော်က အရင်စွဲဖို့ စီစဉ်နေပါတယ်။ ပြီးရင် တနိုင်ငံလုံးက လူ ၇၅၃ ဦး ကလည်း သက်ဆိုင်ရာ မြို့နယ်တွေက တရားစွဲဆိုသွားပါမယ်” ဟု ၎င်းက ဆိုသည်။
AAPP တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောရာတွင် ၎င်းတို့အဖွဲ့အား တရားစွဲဆိုရန် လုပ်ဆောင်နေမှုသည် တဖက်သတ် စွပ်စွဲပြောဆိုနေခြင်းသာ ဖြစ်ကြောင်း၊ တရားစွဲမည်ဟုပြောဆို ဦးဆောင်နေသူကိုလည်း နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်မထားကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ လုပ်ဆောင်မှု အပေါ် ပြန်လည် တုံ့ပြန်မည် မဟုတ်ကြောင်း ဧရာဝတီကို ပြောသည်။
“နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်ထားပြီး ကျနော်တို့ဆီမှာ စာရင်းရှိသူ အားလုံးကို ထောက်ပံ့ပေးပါတယ်။ တချို့က ရတာရှိမယ်၊ မရတာလည်း ရှိရင် ရှိမယ်။ တချို့က ရတာကိုလည်း သိချင်မှသိမှာပါ။ အရင်တုန်းက ပွင့်လင်းမှု မရှိတော့ လျှို့ဝှက်ပေးရတာပါ” ဟု ဦးဘိုကြည်က ဆိုသည်။
AAPP အနေဖြင့် လက်ရှိတွင်လည်း ကူညီထောက်ပံ့မှုများ လုပ်ဆောင်ပေးနေကြောင်း၊ ထောင်မှ ပြန်လည်လွတ်လာပြီး စားဝတ်နေရေး အခက်အခဲကြောင့် ဆက်သွယ်လာသူများကိုလည်း တတ်နိုင်သည့်အပိုင်းမှ ကူညီပေးနေကြောင်း၊ ထောင်မှ လွတ်လာပြီးနောက် အဝေးသင် တက္ကသိုလ်ပညာ ဆက်လက် သင်ယူနေသူ တချို့ကိုလည်း ကူညီပေးနေသည်ဟု ၎င်းက ဆက်ပြောသည်။
“လူတိုင်းကိုတော့ အပြည့်အ၀ မပေးနိုင်ဘူးပေါ့၊ အပြည့်အ၀ ပေးနိုင်ဖို့အတွက် ဘယ်လို လုပ်မလဲဆိုတာကို နိုင်ငံရေး အကျဉ်းသားဟောင်းကြီးတွေနဲ့ တိုင်ပင်ဆွေးနေပါတယ်” ဦးဘိုကြည်က ဆိုသည်။
AAPP သည် ထိုင်းနိုင်ငံတွင် အခြေစိုက်ထားသော်လည်း မြန်မာနိုင်ငံအတွင်း ပြန်လာချိန်တွင် တရားစွဲဆိုမည်ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း အဖွဲ့ဝင်တချို့ ပြည်တွင်း၌ အခြေချ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ AAPP အနေဖြင့် ပြည်တွင်းတွင် အခြေစိုက် လုပ်ဆောင်မည်ဆိုပါက နိုင်ငံရေး အကျဉ်းသားဟောင်းအများစုက လက်ခံမည် မဟုတ်ကြောင်း ဦးဇော်လင်းဦး က ပြောသည်။
၎င်းက “ခိုင်လုံတဲ့ အထောက်အထား အကုန်ရှိပါတယ်၊ တယောက်ချင်းစီမှာရှိတဲ့ အချက်အလက်တွေနဲ့စွဲဆိုမှာပါ။ ဦးဝင်းတင်ကလည်း မူအားဖြင့် သဘောတူထားပါတယ်” ဟု ဆိုသည်။
AAPP အနေဖြင့် နိုင်ငံရေး အကျဉ်းသားများကို ကူညီရာတွင် အချက် ၉ ချက် အပေါ်အခြေခံ၍ ထောက်ပံ့ပေးကြောင်း၊ သို့သော် အကျဉ်းသားတချို့သည် အချက်အားလုံးနှင့် ကိုက်ညီသော်လည်း ထောက်ပံ့မှု အပြည့်မရကြောင်း ဦးဇော်လင်းဦး က ပြောဆိုသည်။
AAPP ကို ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ အခြေစိုက်ထားသည်။ နိုင်ငံရေး အကျဉ်းသားများကို ကူညီရာတွင် အချက် ၉ ခုသတ်မှတ်၍ ထောက်ပံ့ပေးကြောင်း၊ အကျဉ်းသား တဦးအတွက် တလလျှင် ထိုင်းဘတ်ငွေ ၅၀၀ (ကျပ် ၁၅၀၀၀ ဝန်းကျင်) ထောက်ပံ့ကြောင်း AAPP က ဆိုသည်။
ထို့အပြင် အရေးပေါ် ကျန်းမာရေးနှင့် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှု စရိတ်၊ အကျဉ်းသား မိသားစုဝင် သားသမီးများ အတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးကြောင်း သိရသည်။
AAPP သည် နိုင်ငံရေး အကျဉ်းသားများအား ကူညီထောက်ပံ့ရာတွင် မျှတမှု မရှိခြင်း၊ ပွင့်လင်း မြင်သာမှု မရှိခြင်းတို့ကြောင့်ဟု ဆိုကာ နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစု အဖွဲ့တခုက စက်တင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။