ပြည်တွင်းရှိ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များသည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။
ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာ၌ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းတို့ မကြာခင်က တွေ့ဆုံစဉ် ဦးအောင်မင်းက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ချင်းမိုင် တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများ အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ လက်နက် မကိုင်သည့် တိုင်းရင်းသား ခေါင်းဆောင်များ၊ လူမှု အခြေပြု အဖွဲ့အစည်းများလည်း ပါဝင် ဆွေးနွေးကြမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာမှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ဧရာဝတီကို ပြောသည်။
“နိုင်ငံရေး ဆွေးနွေးပွဲတွေ ရှိလာရင် နိုင်ငံရေး ဆွေးနွေးဘက်တွေ ရှိလာမှာပေါ့။ အဲဒီအထဲမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ လွှတ်တော်၊ လူမှုအဖွဲ့တွေ အားလုံး ပါဝင် ဆွေးနွေးနိုင်အောင် အစိုးရက ကူညီတဲ့ သဘောပါ။ အချိန်ကိုတော့ UNFC နဲ့ ညှိနှိုင်းရ ဦးမှာပါ”ဟု ၎င်း က ဆိုသည်။
ထိုတွေ့ဆုံပွဲကို နိုင်ငံတော် အစိုးရက စီစဉ်ခြင်း ဖြစ်ပြီး ချင်းမိုင်မြို့၌ ဒီဇင်ဘာလ မတိုင်မီ လုပ်ဆောင်သွားမည်ဟု ဦးအောင်မင်းက ပြောကြောင်းလည်း သိရသည်။ ဒီဇင်ဘာလ အတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတိုင်မီ အကြို ဆွေးနွေးနိုင်ရန် အစိုးရက စီစဉ်ပေးခြင်းဟု ဦးလှမောင်ရွှေက ပြောသည်။
UNFC အဖွဲ့၏ ပြောခွင့်ရသူ ဦးခွန်ဥက္ကာ ကမူ ၎င်းတို့ထံ တရားဝင် အကြောင်းကြားခြင်း မရှိသေးဟု ဧရာဝတီကို ပြောသည်။ ပြည်တွင်းရှိ နိုင်ငံရေးပါတီများ ကလည်း ၎င်းတို့ထံ တရားဝင် ဖိတ်ကြားမှု မရှိသေး၍ ဆွေးနွေးမည့် အကြောင်းအရာ များကို အသေးစိတ် ပြောဆို၍ မရသေးဟု ဆိုကြသည်။
ပြည်တွင်း ငြိမ်းချမ်းရေး၊ အနာဂတ်နိုင်ငံ တည်ဆောက်ရေး ကဏ္ဍများတွင် ပြည်တွင်း ပြည်ပ အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ချင်းမိုင်မြို့၌ စီစဉ်ရခြင်းသည် ပြည်ပရောက် တိုင်းရင်းသား ခေါင်းဆောင် တချို့က ပြည်တွင်းသို့ လာရန် အခက်အခဲများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ဦးလှမောင်ရွှေက ဆိုသည်။
UNFC အပါအဝင် ပြည်ပအခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့များ၊ နိုင်ငံရေး အဖွဲ့အစည်းများကို မတရား အသင်း အက်ဥပဒေ ပုဒ်မ ၁၇ အရ တရားမဝင် အဖွဲ့များ အဖြစ် အစိုးရက ကြေညာထားသည်။ ထို့ကြောင့် ပြည်တွင်းမှ နိုင်ငံရေးပါတီများ အနေဖြင့်လည်း ပြည်ပ အဖွဲ့များနှင့်တရားဝင် တွေ့ဆုံရန် အခက်အခဲများ ရှိကြောင်း သိရသည်။
အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ ငြိမ်းချမ်းရေး ဆောင်ရွက်နေပြီ ဖြစ်သည့်အတွက် မတရားအသင်း ကြေညာ ထားခြင်းကို ပယ်ဖျက်ပေးရန် တောင်းဆို ထားသော်လည်း အစိုးရက ယနေ့အထိ ကြေညာပေးခြင်း မရှိသေးပေ။
အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ပဏာမ အဆင့် လက်မှတ် ရေးထိုးထားသည့် စာချုပ်ပါ အချက်များတွင် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့များသည် လက်နက်မပါဘဲ နိုင်ငံတဝန်း လွတ်လပ်စွာ သွားလာခွင့်ရှိကြောင်း ဖော်ပြ ထားသည်ဟု ဦးလှမောင်ရွှေက ပြောသည်။
၎င်းက“အပစ်ခတ်ရပ်ထားတဲ့ သူတွေက မြန်မာ နိုင်ငံကူးလက်မှတ် ကိုင်ပြီး ကမ္ဘာတောင် ပတ်နေပြီ၊ အဲဒီတော့ ဘာလို့ ၁၇ (၁) ကို ပြောနေတာလဲ။ အခုလည်း သွားနေကြတာပဲ။ KNU က ခေါင်းဆောင်တွေ လွတ်လွတ်လပ်လပ် သွားနေကြတာပဲ။ မူတူးစေးဖိုး ဆိုရင် အခေါက် ၃၀ လောက်ရှိပြီ၊ အနှောင့်အယှက် ပေးတာတို့၊ အရေး ယူတာတို့ ဘယ်မှာ ရှိလို့လဲ။ ဒါပေမယ့် စိတ်ပူတဲ့ သူတွေကိုလည်း အပြစ်တော့ မပြောလိုပါဘူး” ဟု ဆိုသည်။
UNFC ၏ ထိပ်ပိုင်း တိုင်းရင်းသား ခေါင်ဆောင်တချို့က ပြောဆိုရာတွင် မြန်မာအစိုးရ အဆက်ဆက်တို့၏ ရိုးသားမှု မရှိသည့် လုပ်ဆောင်ခဲ့မှု တို့ကြောင့် ၎င်းတို့အပေါ် ယုံကြည်မှု အားနည်းနေဆဲဟု ပြောဆိုသည်။
“ကျနော်တို့ အတွက် ခိုင်မာတဲ့ အာမခံချက် ဥပဒေ မရှိသေးတဲ့ အချိန်မှာ အထဲကိုဝင်သွားရင် တခုခု အန္တရာယ်ဖြစ်မလား ဆိုတာ အမြဲ သံသယ ရှိတယ်၊ ဗမာ ခေါင်းဆောင်တွေက ရှေ့တမျိုး၊ ကွယ်ရာ တမျိုး လုပ်ခဲ့တာတွေ အများကြီးပဲလေ” ဟု တိုင်းရင်းသား ခေါင်းဆောင် တဦးက ဆိုသည်။
ချင်းမိုင်မြို့တွင် တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ်၌ အစိုးရဘက်က ပါဝင်မည် မဟုတ်ဘဲ လွတ်လပ်စွာ ဆွေးနွေးနိုင်ရန် အစိုးရက ကူညီ ဆောင်ရွက် ပေးသွားမည်ဟု ဦးလှမောင်ရွှေက ပြောသည်။