လျှပ်စစ်ဝန်ကြီးဌာနက နိုဝင်ဘာလမှ စတင်၍ မီတာခများ တိုးမြှင့်ကောက်ခံမည်ဟု ကြေညာခဲ့သော်လည်း လတ်တလော ကန့်ကွက်ဆန္ဒပြမှုများနှင့် ပြည်ထောင်စုလွှတ်တော်၏ ဖိအားပေးမှုကြောင့် မီတာတိုးမြှင့်မှု အစီအစဉ်ကို ယာယီရပ်ဆိုင်း လိုက်ပြီဖြစ်သည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက လျှပ်စစ်ဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိသော နှစ် ၃၀ စီမံကိန်း စီမံကိန်းများ နှင့် ပတ်သက် ၍ ရှင်းလင်း ပြောဆိုခဲ့ပြီး လတ်တလော လျှပ်စစ်ဝန်ကြီးဌာနက တိုးမြှင့်ကောက်ခံရန် စီစဉ်လျက်ရှိသော မီတာခ များကို ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ယာယီ အားဖြင့် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ လျှပ်စစ် ဝန်ကြီး ဌာန သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တနိုင်ငံလုံး မီးပေးနိုင်ရေး အရှုံးခံဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း၊ အရှုံးခံ ဆောင်ရွက် ပါက နိုင်ငံ၏ အသုံးစရိတ်အများစုကို လျှပ်စစ်ဝန်ကြီးဌာနက သုံးစွဲရမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင်မူ ပြည်ထောင်စုလွှတ်တော်နှင့် ညှိုနှိုင်းပြီး မီတာခများ စိစစ်တိုးမြှင့် ကောက်ခံ သွားမည် ဖြစ်ကြောင်း၊ လျှပ်စစ် ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်မီးမရရှိသော ၇၀ ရာခိုင်နှုန်းသော ပြည်သူများအတွက် လျှပ်စစ်စီမံကိန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောဆိုသည်။
“ နှစ်စဉ် စီမံကိန်းများ ဆောင်ရွက်ရန် စီစဉ်ခဲ့သော်လည်း ဘဏ္ဍာငွေ အခက်အခဲကြောင့် အစိုးရတခုတည်းက တာဝန်ယူ ဆောင်ရွက်မှု ကြောင့် ယနေ့ လျှပ်စစ်မီးမလုံလောက်တဲ့ပြဿနာတွေနဲ့ ရင်ဆိုင် နေခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ဓာတ်အား သုံးစွဲမှု ၁၄၂၀ မဂ္ဂါဝပ်ရှိခဲ့ပြီး ယခု ၂၀၁၃ ခုနှစ်မှာ ၂၈၆၀ မဂ္ဂါဝပ် ထိသုံးစွဲလာ တဲ့အတွက် နှစ်စဉ် ၁၅ ရာခိုင်နှုန်း တိုးတက်လျက်ရှိပါတယ်။ ယခု တိုးတက်မှုနှုန်းအရ ၂၀၁၅ ခုနှစ်မှာ မဂ္ဂါဝပ် ၃၀၀၀ ခန့်အထိ သုံးစွဲလာမှာ ဖြစ်ပါတယ်။ ဓာတ်အားသုံးစွဲမှုကို လုံလောက်စွာ ဖြည့်ဆည်းပေးဖို့ ဓာတ်အားပေးစက်ရုံတွေ အချိန်မီ တည်ဆောက်ရန် လိုအပ် ပါတယ်။ ယခု လာမယ့် ၂၀၁၄ ခုနှစ် နွေရာသီ ဓာတ်အား လုံလောက်မှုကို ကြည့်လို့ရှိရင် ၂၀၇၀ မဂ္ဂါဝပ် ဓာတ်အား ပေးနိုင်မှ တနိုင်ငံလုံးကို ဖြန့်ဖြူးနိုင်မှာ ဖြစ်ပါတယ်။ တပ်ဆင်ပြီး ဓာတ်အားပေးစက်တွေက ၁၆၅၅ မဂ္ဂါဝပ်သာ ထုတ်ပေး နိုင်မှာ မို့ ၇၁၅ မဂ္ဂါဝပ် ထပ်မံလိုအပ်မှာဖြစ်ပါတယ်´´ ဟု ဦးခင်မောင်စိုးက ပြောသည်။
ဝန်ကြီးဦးခင်မောင်စိုး၏ မီတာခတိုးမြှင့်မှု ယာယီရပ်ဆိုင်းမည်ဆိုသော တင်ပြချက်နှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်က သဘောတူညီခဲ့သော်လည်း လျှပ်စစ်ဝန်ကြီးဌာနက တင်ပြပြောဆိုလိုက်ရှိသော လျှပ်စစ်စီမံကိန်းကိစ္စ၊ လျှပ်စစ်ဝန်ကြီးဌာန အရှုံးပေါ်နေသည်ဆိုသော ကိစ္စရပ်များကိုမူ လွှတ်တော်ကိုယ်စားလှယ် အချို့က ထောက်ပြ ပြောဆို ကြသည်။
“လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ပြောတာက လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ လေလွင့်ဆုံးရှုံးနေတဲ့ ဓာတ်အား ၂၅ ရာခိုင်နှုန်းကို ပြန်ပြီး မလေလွင့်အောင်လုပ်သင့်တယ်ပေါ့။ နောက်ပြီး သုံးငွေနဲ့ ရငွေမှာ ရငွေများသေး တဲ့အတွက် အရှုံးမရှိဘူးဆိုတာမျိုးလည်း ထောက်ပြကြတယ်။ ဒါက ယေဘုယျပြောဆိုကြတာပေါ့။ တကယ်တန်း မီတာခတွေ တက်မယ့် အချိန်ကျမှ သေသေချာချာ တွက်ချက်ပြီး ထပ်ဆွေးနွေးရမယ်´´ ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။
လျှပ်စစ်ဝန်ကြီးဌာနက လက်ရှိကောက်ခံနေသော လျှပ်စစ်ဓာတ်အားခသည် အရှုံးပေါ်နေပြီး တလလျှင် ငွေကျပ် ၁၈၅ ဘီလျံ အရှုံးပြလျက်ရှိသည့်အပြင် တလ ဓာတ်အား ယူနစ်သန်းပေါင်း ၂၅၀၀ ကျော် လေလွင့်ပျောက်ဆုံးလျက်ရှိကြောင်း၊ တိုးမြှင့် ကောက်ခံလိုက်သော မီတာခကြောင့် အရှုံးပေါ်နေမှု သက်သာမည့်အပြင် လျှပ်စစ်မီး မရရှိသော ဒေသများအတွက် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ရန် မီတာခ တိုးမြှင့်ခြင်းဖြစ်သည်ဟု ထုတ်ပြန် ပြောဆိုသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ လျှပ်စစ်သုံးစွဲသူ ပြည်သူများအတွက် အဆင်ပြေမည့် ဓာတ်အားခဈေးနှုန်း သတ်မှတ်နိုင် ရေးအတွက် ပြည်သူတို့၏ သဘောထားစစ်တမ်း ကောက်ယူသွားမည် ဖြစ်ပြီး စစ်တမ်း ၏ ရလဒ်အဖြေကို လွှတ်တော်သို့ တင်ပြသွားရန် ရှိသည်ဟု ဦးခင်မောင်စိုးက ဆိုသည်။
အစိုးရက နိုဝင်ဘာလမှစ၍ လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းများ တိုးမြှင့်မည်ဟု ကြေညာလိုက်သောအခါ အချို့ကဏ္ဍများတွင် ၁၀၀ ရာခိုင်နှုန်းအထိ တိုးသွားသည့် အတွက် ရန်ကုန်နေပြည်သူများက လမ်းများပေါ်သို့ တက်၍ ဆန္ဒပြခြင်းများ ဖြစ်ပေါ်လာပြီး စီးပွားရေးလုပ်ငန်းများကလည်း အစီအစဉ်ကို ပြန်လည် သုံးသပ်ရန်တောင်းဆိုခဲ့ကြသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း အချို့နေရာများတွင် လျှပ်စစ်ဓာတ်အား ၁ယူနစ်လျှင် ငွေကျပ် ၄၀၀ ကျော် ပေးနေရသည်။ ထိုနှုန်းထားသည် ရန်ကုန်ရှိ အိမ်ထောင်စုများ ယခုအဆိုပြုထားသည့် နှုန်းသစ်အရပေးဆောင်ရ မည့် ဈေး၏ ၄ဆ ဖြစ်နေသည်။
လှိုင်သာယာ အမှတ်(၅) စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၏ အတွင်းရေးမှူး ဦးကျော်စိုးထွန်းက “ရေခဲစက်လုပ်ငန်း၊ ငါးနဲ့ အသားထုတ်လုပ်ရေးလိုမျိုး အအေးခန်းလုပ်ငန်း လုပ်တဲ့ စီးပွားရေးသမားတွေက ဓာတ်အားခ ၂ဆတက်သွားရင် သူတို့အတွက်လုံး၀ အမြတ်ကျန်တော့မှာ မဟုတ်ဘူးလို့ပြောကြတယ်။ သူတို့အတွက် အဓိက သွင်း အားကုန်ကျစားရိတ်က လျှပ်စစ်ဓာတ်အားခပဲလေ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၊ ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများ အသင်း၏ ဘဏ္ဍာရေးမှူး ဒေါ်တိုးနန္ဒာတင်က လျှပ်စစ် ဓာတ်အားခ များတက်သွားဖြင်းအားဖြင့် လတ်ဆတ်ရန်အတွက် အအေးဓာတ်ပေးထားရန် လိုအပ်သည့် ငါး နှင့် အသားကဲ့သို့သောကုန်ပစ္စည်းများ ဈေးတက်သွားလိမ့်မည်ဟု ပြောသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှ စ၍ ဓာတ်အား သုံးစွဲခများ တိုးမြှင့်ကောက်ခံရာတွင် အိမ်သုံး လျှပ်စစ် ဓာတ်အားခမှာ ၁ ယူနစ်မှ ၁၀၀ ယူနစ်အတွင်း သုံးစွဲလျှင် ၁ ယူနစ် ၃၅ ကျပ်၊ ၁၀၁ နှင့် အထက် သုံးစွဲပါက ၁ ယူနစ် လျှင် ၅၀ ကျပ်၊ စက်မှု စီးပွား လုပ်ငန်းများ အတွက် ၁ ယူနစ်မှ ၅၀၀၀ အတွင်း သုံးစွဲပါက ၁ ယူနစ်လျှင် ၁၀၀ ကျပ်နှုန်း ၊ ၅၀၀၁ နှင့် အထက် သုံးစွဲပါက ၁ ယူနစ်လျှင် ၁၅၀ ကျပ်နှုန်း နှင့် အစိုးရ ရုံးသုံး အတွက် ၁ ယူနစ်လျှင် ၅၀ ကျပ် ၊ အစိုးရ စက်မှုသုံး အတွက် ၁ ယူနစ်လျှင် ၁၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။