OIC အဖွဲ့ ခရီးစဉ်အား မြန်မာ ဗုဒ္ဓဘာသာဝင်များ ကန့်ကွက်ဆန္ဒပြ
This article has been converted from Zawgyi One to Unicode
ယနေ့အင်္ဂါနေ့တွင် ရန်ကုန်မြို့လမ်းမများပေါ်မှာ OIC (Organization of Islamic Cooperation) အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ခရီးစဉ်ကို သံဃာတော်များအပါအဝင် ဗုဒ္ဓဘာသာဝင်ရာချီပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
“Get Out OIC” (အိုအိုင်စီ အလိုမရှိ)၊ “Stop interfering in our internal affairs” (ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်မှုရပ်) အစရှိတဲ့ စာတန်းများ ကိုင်ဆောင် ဆန္ဒပြကြွေးကြော်သူများဟာ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာရှိတဲ့ ကြေးသွန်းဘုရားကြီးကနေ ဆူးလေဘုရားအရှေ့ဘက် မြို့တော်ခန်းမရှေ့ကို ယနေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ လမ်းလျှောက် ချီတက်ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
“မြန်မာပြည်ရဲ့မြေကို မြန်မာပြည်မှာရှိတဲ့ လူကြီးတွေကသာ ဝင်ရောက်ဖြေရှင်းမှာကို လိုလားပါတယ်။ နိုင်ငံတကာ ပြည်ပအဖွဲ့အစည်းတွေ ဝင်ရောက် စွက်ဖက်တာမျိုးကို မလိုလားဘူး။ လုံး၀ အလိုမရှိဘူး။ ကုလသမဂ္ဂက ပြဌာန်းထားတဲ့ ပဋိဉာဉ်စာချုပ် အပိုဒ် ၃၀ အရ လုံး၀ ကိုက်ညီမှုမရှိပါဘူး။ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံကို ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဆန့်ကျင် ကန့်ကွက်သွားမှာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်လှုပ်ရှားသူ မကွေးပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဥူးပါမောက္ခက မိန့်ကြားသည်။
အစ္စလာမ်ဘာသာဝင်နိုင်ငံ ၅၇ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ဆော်ဒီအာရေးဘီးယား နိုင်ငံအခြေစိုက် အစ္စလာမ်မစ် ပူးပေါင်းရေးအဖွဲ့ OIC မှ အထွေထွေအတွင်းရေးမှူး Ekmeleddin Ihsanoglu ဦးဆောင်တဲ့ နိုင်ငံခြားရေးဝန်ကြီး ၇ ယောက်နဲ့ အိုအိုင်စီအဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံကို မကြာမီ လာရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း အစိုးရအရာရှိများ၊ လွှတ်တော်အမတ်များနဲ့ မွတ်စလင်ဘာသာရေး ခေါင်းဆောင်များနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
“ဒီအဖွဲ့လာရောက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ ဖြေရှင်းရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ပကတိအခြေအနေမှန်အတိုင်း သိရှိနိုင် အောင် စီစဉ်ဆောင်ရွက်ပေးခြင်းသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ OIC ရုံးခန်းဖွင့်လှစ် ရေး အပါအဝင် မြန်မာနိုင်ငံအပေါ် တောင်းဆိုထားတဲ့အချက်များနဲ့ ပတ်သက်ခြင်းမရှိပါဘူး” လို့ နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါတယ်။