ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား နိုင်ငံတကာသွားခွင့်ရ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ် မူချမှတ်ထားပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက ဧရာဝတီသို့ ပြောသည်။
“ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က စပြီး တော့ အင်တာနေရှင်နယ် သွားလို့ရတဲ့ ပတ်စ်ပို့ကြီး အနီတွေ ထုတ်ပေးဖို့ဆိုပြီး လုပ်ငန်းစလိုက်တယ်။ မူအားဖြင့် ၂၀၁၄ ခုနှစ် မတ်လမှာ ပြည်ပမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကို ပတ်စ်ပို့ကြီးတွေ ထုတ်ပေးပြီးသား ဖြစ်ရမယ်ဆိုပြီတော့ မူချထားတယ်” ဟု သူက ဆိုသည်။
၂၀၀၉ ခုနှစ်ကတည်းက ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကို နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်နှင့်တကွ ယာယီ နိုင်ငံကူး လက်မှတ်များ ထုတ်ပေးလာခဲ့ရာ ထိုင်းရောက် မြန်မာနိုင်ငံသား ၃ သန်းနီးပါး ရှိသည့်အနက် ၁ သန်း ၇ သိန်း ဝန်းကျင်ကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယာယီနိုင်ငံကူး လက်မှတ်များကို ထိုင်း-မြန်မာ နယ်စပ်မြို့များတွင် One Stop Serve Centre များဖွင့်လှစ်၍ ထုတ်ပေး ခဲ့ခြင်းဖြစ်သည်။
သို့သော်ယခုအခါ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား နိုင်ငံတကာသွားခွင့်ရ နိုင်ငံကူးလက်မှတ် ထုတ်ပေးမည် ဖြစ်သဖြင့် ယခင် ထုတ်ပေးနေသော ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အစီအစဉ်ကို ခေတ္တရပ်ဆိုင်းထားကြောင်းလည်း သံအမတ်ကြီး ဦးတင်ဝင်းက ရှင်းပြသည်။
“ထိုင်းနိုင်ငံမှာ ၂ သန်းခွဲ ၃ သန်းလောက် ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ယာယီနိုင်ငံကူး လက်မှတ်ပဲ ထုတ်ပေးဖို့ လုပ်နေတာလေ။ ယာယီပတ်စ်ပို့လည်း လုပ်ရမယ်၊ အမြဲတမ်းပတ်စ်ပို့လည်း လုပ်ရမယ်ဆိုတော့ အလုပ်သမားတွေ ၂ ခါ ကုန်ဖြစ်မှာ စိုးတယ်။ အဲဒါကို တွက်ပြီး လူကြီးတွေက ရပ်ခိုင်းထားလိုက်တယ်။ အဲဒီလုပ်ငန်းတွေကို ရပ်ခိုင်းလိုက်တယ်” ဟု သူက ဆိုသည်။
နိုင်ငံတကာသွားခွင့်ရ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးကိစ္စ ထိုင်းနှင့် မြန်မာ ၂ နိုင်ငံ အစိုးရအကြီးအကဲများက သဘောတူပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံဘက်က လုပ်ထုံးလုပ်နည်းဆိုင်ရာ အနည်းငယ် အပြောင်းအလဲရှိနေ၍ နောက်ဆုံး ညွှန်ကြားမှုကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။
“ထိုင်းဘက်ကတော့ အသင့်အနေအထား ရှိတယ်။ မြန်မာဘက်က အတည်ပြု ပြန်ကြားချက်ကို စောင့်နေတယ်” ဟု သံအမတ်ကြီး ဦးတင်ဝင်းက ပြောသည်။
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသာ မြန်မာနိုင်ငံသားများအား နိုင်ငံတကာသွားခွင့်ရ နိုင်ငံကူးလက်မှတ် ထုတ်ပေးကိစ္စကို ပြည်ပအလုပ်အကိုင် ရှာဖွေရေးကြီးကြပ်မှု ကော်မတီဖွဲ့၍ လုပ်ကိုင်နေကြောင်း သိရသည်။
အဆိုပါ ကော်မတီကို ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက)၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့ပါ ပူးပေါင်းပါဝင်ဖွဲ့စည်း ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ ၂ နိုင်ငံ နာလည်မှု စာချွန်လွှာဖြင့် ထိုင်းနိုင်ငံသို့ အောက်တိုဘာလ ၂၁ ရက်နေ့နောက်ပိုင်း လာရောက်သူ များအား မြန်မာနိုင်ငံဘက်က နိုင်ငံတကာ သွားခွင့်ရ နိုင်ငံကူးလက်မှတ်များ စတင်ထုတ်ပေးနေကြောင်း သိရသည်။
သို့သော် ထိုင်းနိုင်ငံတွင်း ရောက်ရှိပြီးဖြစ်သော မြန်မာအလုပ်သမားများအား နိုင်ငံတကာ သွားခွင့်ရ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများဘက်က စိုးရိမ်မှုများလည်း ရှိနေကြောင်း သိရသည်။
“ယာယီပတ်စ်ပို့နဲ့ မတူတာက ပတ်စ်ပို့ကြီး ဖြစ်နေတဲ့အခါကျတော့ အရမ်း တာဝန်ကြီးသွားပြီ။ ပြည်ထဲရေးကလည်း အမှားမခံနိုင်ဘူး၊ လဝက ကလည်း အမှား မခံနိုင်ဘူး။ စနစ်တကျ ကြီးကြပ်ပြီးလုပ်မှ ဖြစ်မယ်၊ ပတ်စ်ပို့ကြီး ထုတ်ပေးတာ ဖြစ်နေတယ်။ နို့မဟုတ်ရင် ဒီဘက်မှာ ဆွမ်းကြီးလောင်းပွဲ ဖြစ်သွားနိုင်တယ်” ဟု ဦးတင်ဝင်းက ဆိုသည်။
ပြည်ပရောက် မြန်မာအလုပ်သမားများအရေး အလေးအနက်ထား၍ ထိုင်း-မြန်မာ ၂ နိုင်ငံ အာဏာပိုင်များက One Stop Serve Centre များ ဖွင့်လှစ်ကာ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး သဘောတူထားပြီးသော်လည်း မြန်မာဘက်က လုပ်ထုံးလုပ်နည်း ဆိုင်ရာ တိကျသည့် ညွှန်ကြားချက် မရောက်သေးကြောင်း စုံစမ်းသိရှိရသည်။
ထို့ကြောင့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား နိုင်ငံတကာသွားခွင့်ရ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ကြန့်ကြာနိုင်ကြောင်းလည်း သိရသည်။
“အရင် ယာယီပတ်စ်ပို့က လုပ်ငန်းစဉ် မြန်တယ်။ အခုတော့ ပတ်စ်ပို့ကြီးထုတ်ပေးမယ့် အစီအစဉ်ဖြစ်နေတော့ ထုတ်ပေးရေးစခန်း ဖွင့်ပြီဆိုရင်တော့ လဝက က အချိန်ယူပြီး စစ်တော့မယ့် အနေအထားရှိတယ်” ဟု သံအမတ်ကြီး ဦးတင်ဝင်းက ဆိုသည်။
ထိုင်းနိုင်ငံ လဝက ဥပဒေအရ ၂ နိုင်ငံ နားလည်မှု စာချွန်လွှာများဖြင့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် ဗီဇာ တကြိမ်လျှင် ၂ နှစ်သတ်မှတ်ပြီး ၄ နှစ်အထိ တဆက်တည်း နေထိုင်ခွင့် ရှိသည်။
သို့သော် ထိုင်းနိုင်ငံတွင်း နေထိုင်သည့် သက်တမ်း ၄ နှစ်ပြည့်ပါက မူရင်းနိုင်ငံသို့ ပြန်ရမည်ဖြစ်ပြီး မူရင်း နိုင်ငံတွင် အနည်းဆုံး ၃ နှစ်နေထိုင်ပြီးမှသာ ထိုင်းနိုင်ငံသို့ ပြန်လည် လာရောက်နေထိုင်ခွင့် ရှိသည်။
သို့သော် ထိုင်း-မြန်မာ တာဝန်ရှိသူများ၏ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းမှုများ၏ နောက်ဆုံး သဘောတူညီမှုများအရ သက်တမ်း ၄ နှစ်ပြည့် မြန်မာအလုပ်သမားများသည် မြန်မာနိုင်ငံ နယ်နမိတ်တွင်းသို့ တရက်သွားရောက်ရမည်ဟု သိသည်။
ထိုမှတဆင့် ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်ကာ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် ဗီဇာ သက်တမ်းနောက်ထပ် ၂ နှစ် ကို ထပ်မံတိုးနိုင်သည်ဟု သိရသည်။
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသည် ထိုင်းဥပဒေပါ ဗီဇာသက်တမ်း ၄ နှစ်သာရှိပြီး ၄ နှစ်ပြည့်ပါက နေရပ်ပြန်ရမည် ဆိုသည်ကို အများစုက မသိရှိကြကြောင်း မြန်မာ အလုပ်သမားများက ဧရာဝတီကို ပြောသည်။
၂၀၀၉ ခုနှစ်ကတည်းက ၂ နိုင်ငံ နားလည်မှု စာချွန်လွှာအရ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၄ သိန်းကျော်ခန့်သည့် ဗီဇာ သက်တမ်း ၄ နှစ်ပြည့်၍ နောက်ထပ် သက်တမ်းတိုးရေး မရေမရာဖြစ်နေဆဲဟု သိရသည်။
ဗီဇာ သက်တမ်း ၄ နှစ်ကျော်နေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ နောက်ထပ် သက်တမ်းတိုးရေး အစီအစဉ်သည် နိုင်ငံတကာ သွားခွင့်ရ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးရေး အစီအစဉ်တွင် စတင် အကျုံးဝင်မည်ဟု သံအမတ်ကြီး ဦးတင်ဝင်းက ပြောသည်။
ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်က ထိုင်းနိုင်ငံတွင် ဗီဇာ သက်တမ်း ၄ နှစ်ပြည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် တောင်းဆိုချက်တစောင်ကို နိုဝင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါ တောင်းဆိုချက်အရ ဗီဇာ သက်တမ်း ၄ နှစ်ပြည့် မြန်မာ အလုပ်သမားများနှင့် ထိုင်းအလုပ်ရှင်များ၏ အကျိုးငှာ မြန်မာနယ်စပ် စခန်းများသို့ မသွားရဘဲ ထိုင်းနိုင်ငံတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်းများ၌သာ နောက်ထပ် သက်တမ်းတိုးပေးရေးဆိုသည့် အချက်ပါဝင်သည်။
ထို့အပြင် အဆိုပါသက်တမ်းတိုး ကိစ္စ အသေးစိတ် အချက်အလက် တိကျစွာ ထုတ်ပြန်ပေးရေး၊ သက်တမ်းတိုး ဝန်ဆောင်ခသည့် မျှတသည့် သတ်မှတ်နှုန်းထားဖြစ်သင့်ပြီး အခကြေးငွေပိုယူ၍ လုပ်ဆောင်သူများကို အရေးယူပေးရန်နှင့် ဗီဇာ ရက်လွန်ကြေး ကင်းလွတ်ခွင့် ပြုရန်တို့ကိုလည်း တောင်းဆိုထားသည်။
ထိုင်းရောက် မြန်မာ အလုပ်သမားများသည် ငါး၊ ပုစွန် စသည့် ပင်လယ်စာ လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်း ခွင်များ၊ စိုက်ပျိုးရေး လုပ်ငန်းများ စသည်တို့တွင် လုပ်ကိုင်နေကြပြီး နည်းအမျိုးမျိုးဖြင့် ခေါင်းပုံဖြတ်ခံနေရမှုများ ရှိ ကြောင်းသိရသည်။