ငွေစက္ကူများတွင် ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်ပုံ ရိုက်နှိပ်ရန် လျွှတ်တော်တွင် အစိုးရကို တိုက်တွန်းရာ အစိုးရနှင့် တိုင်ပင်ဦးမည်ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားသွားသည်။
ဒု ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက မြန်မာနိုင်ငံ ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူများ ဆက်လက် ရိုက်နှိပ်သည့်အခါ
ထင်ရှားသော နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ၏ ထင်ရှားသော အဆောက်အဦများ၊ ရှုခင်းများ၊ အထိမ်းအမှတ်ပုံများ အပါအဝင် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေရှိမည့် ပုံများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ဝေသွားမည်ဟု လွှတ်တော်သို့ ပြောကြားသည်။
ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံများကို ငွေစက္ကူများတွင် ရိုက်နှိပ်ရန် အဆိုတင်ခဲ့ရာ အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိပြီး နောင်ရိုက်နှိပ်မည့် ငွေစက္ကူများတွင် ထင်ရှားသော ခေါင်းဆောင်ကြီးများပုံကို အသုံးပြုမည်ဟု အသိအမှတ် ပြုသွားသောကြောင့် ကျေနပ်သည်ဟု အဆိုတင်သွင်းခဲ့သူ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဧရာဝတီသို့
ပြောသည်။
“ဘာပဲဖြစ်ဖြစ် ဒီလောက် အသိအမှတ်ပြုတာကိုပဲ ကျေနပ်တယ်။ ရလဒ်မထွက်တဲ့ ပွဲမျိုးတွေတောင် ဖြတ်သန်းခဲ့ရတာပဲ။ ဒီလို ကတိကဝတ်ရတဲ့အတွက် ကျနော် အမောပြေပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဆိုသည်။
ဦးသိန်းညွန့်က “ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်တွင် ယခင်အစိုးရ အဆက်ဆက် ထုတ်ဝေခဲ့သော ငွေစက္ကူများ၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံအား အလေးထား ဖော်ပြဂုဏ်ပြုထုတ်ဝေခဲ့ပါသည်။ ယခုထုတ်ဝေလျက် ငွေစက္ကူများတွင် တထောင်ကျပ်တန် အထိမှာ ခြင်္သေပုံများ ဖော်ပြထားသည်ဖြစ်ရာ အဆိုပါ ခြင်္သေပုံသည် နိုင်ငံရေးပါတီတခု၏ တံဆိပ်အမှတ်အသား ဖြစ်နေကြောင်း တွေ့ရှိနေရပါသည်။ သို့အတွက်နိုင်ငံရေး ပါတီတစ်ခု၏ တံဆိပ်အမှတ် အသားအား နိုင်ငံတော်အဆင့် အမှတ်အသားနှင့် မတူသင့်ဟု ယူဆပါသည်။ ထို့ကြောင့် မြန်မာတနိုင်ငံလုံးက ကြည်ညိုလေးစားပြီး ကမ္ဘာကပါ လေးစားခံရသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများဖြင့် ငွေစက္ကူများ၏ တန်ဖိုးအသီးသီးတွင် ယခင် ခေတ်အဆက်ဆက်ကအတိုင်း ပြန်လည်အစားထိုး ထုတ်ဝေပေးရန် ဤလွှတ်တော်က ပြည်ထောင်စု အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။
“ဗဟိုဘဏ်ကို သမ္မတ လက်အောက်မှာ ထားမယ်ပြောပြီး အခုပြည်ထောင်စု အစိုးရအဖွဲ့ကို တိုင်ပင်ရဦးမယ်ဆိုတာက တမျိုးဖြစ်နေတယ်။ သမ္မတနဲ့ တိုင်ပင်လိုက်ရုံနဲ့ ဖြစ်ရမှာ။ တခုရှိတာက ငွေးကြေးကိစ္စဆိုတော့ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ သက်ဆိုင်တဲ့အတွက် အစိုးရအဖွဲ့နဲ့ တိုင်ပင်ရတာလည်း ဖြစ်နိုင်တယ်” ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးသန်းလွင်က ပြောဆိုသည်။
ဗဟိုဘဏ်၏ နည်းဥပဒေများ ရေးဆွဲရာတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ သို့မဟုတ် အများလေးစားခံရသော တိုင်းပြည် ခေါင်းဆောင်များကို ငွေစက္ကူတွင် ထည့်သွင်းရိုက်နှိပ်ရမည်ဟု ထည့်သွင်းရေးဆွဲသင့်ကြောင်း၊ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူများသည် ၁၉၈၈ ခုနှစ် နောက်ပိုင်း ခြင်္သေရုပ် ငွေစက္ကူများ ပေါ်ပေါက်လာပြီး နောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရကြောင်း ဦးသန်းလွင်က ပြောဆိုသည်။
နိုင်ငံတကာမှ ငွေစက္ကူများတွင် တိုင်းပြည် တည်ထောင်ခဲ့သော သူများကို အမှတ်တရရှိစေရန် ထည့်သွင်းဖော်ပြကြပြီး အိမ်နီးချင်း နိုင်ငံများတွင် ဂန္ဒီ၊ နေရူး၊ ဂျင်းနား၊ မော်စီတုန်း စသည့် ခေါင်းဆောင်ရုပ်ပုံများကို အသုံးပြုကြကြောင်း၊ မြန်မာတွင် ခြင်္သေကို သုံးနေသည်မှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း ဦးသန်းလွင်က ဆိုသည်။
မြန်မာနိုင်ငံလွတ်လပ်ရေး ရှိခဲ့ပြီးနောက်ပိုင်းတွင် တကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်တန်နှင့် တရာတန် ငွေစက္ကူ ၄ မျိုး ထုတ်လုပ်ခဲ့ရာ ကဒေါင်းပုံ၊ ခြင်္သေပုံ၊ ရွက်လှေပုံ၊ ဗိုင်းငင်ပုံ သစ်ဆင်ဆွဲနေသောပုံနှင့် လယ်ထွန်နေသောပုံများ ရိုက်နှိပ်ထုတ်ဝေခဲ့ကြောင်း၊ ၁၉၅၈ ခုနှစ်တွင် ငွေကြေးကို ဗဟိုဘဏ်က စတင်တာဝန်ယူပြီး နောက်ပိုင်း ဗိုလ်ချုပ် အောင်ဆန်းပုံဖြင့် ငွေစက္ကူများ ရိုက်နှိပ်ခဲ့ဖူးကြောင်း၊
အာဆီယံနှင့် ဥရောပသမဂ္ဂ နိုင်ငံများတွင် ထင်ရှားသော နိုင်ငံခေါင်းဆောင်များ၊ နိုင်ငံ၏ ထင်ရှားသော အဆောက်အဦများ၊ ရှုခင်းများ၊ အထိမ်းအမှတ်ပုံများ ရိုက်နှိက်အသုံးပြုလျက်ရှိကြောင်း ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက လွှတ်တော်သို့ ရှင်းပြခဲ့သည်။
ဗိုလ်ချုပ်မွေးနေ့ဖြစ်သော ဖေဖော်ဝါရီက ၁၃ ရက်နေ့ကလည်း ရန်ကုန် အခြေစိုက် လူငယ်အင်အားစုများက အမျိုသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ကျေးဇူးကို အမှတ်တရရှိစေရန် နောက်နောင် ထုတ်ဝေသုံးစွဲမည့် ငွေစက္ကူများနှင့် တံဆိပ်ခေါင်းများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံ ရိုက်နှိပ်ဖော်ပြရန် တောင်းဆိုခဲ့ကြသေးသည်။