ငြိမ်းချမ်းရေး ဖြစ်စဉ်အစ အပစ်အခတ် ရပ်စဲရေး ကာလတွင် ထားဝယ်ဒေသသို့ ဝင်ရောက်လာသော ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကြောင့် ဒေသခံများအတွက် စီးပွားရေးနှင့် လူမှုရေး ဆိုးကျိုးများ ဖြစ်ပေါ်လာပြီး ဘဝလုံခြုံမှုပါ ထိခိုက် လာကြောင်း ထားဝယ်ဖွံ့ဖြိုးမှုအဖွဲ့ (DDA) က ယနေ့ ထုတ်ပြန်လိုက်သည်။
ယမန်နေ့က ရန်ကုန် Park Royal ဟိုတယ်တွင် ကျင်းပသည့် အပစ်အခတ် ရပ်စဲအပြီး စီမံကိန်းကြီးများ အပါအဝင် ပြည်သူ့ ဘ၀ ထိခိုက်နစ်နာရမှုများ သတင်းစာ ရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်ပြီး အစိုးရအနေဖြင့် စီမံကိန်း လုပ်ငန်းကြီးများ ဆောင်ရွက်ရာတွင် ဒေသခံ တိုင်းရင်းသားများ၏ သဘောထား ဆန္ဒကို အလေးထားပေးရန် လိုအပ်ကြောင်း သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသူ များက ပြောဆိုသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား အပစ်အခတ် ရပ်စဲရေးအပြီးတွင် စီမံကိန်း ရင်းနှီးမြှုပ်နှံမှုများ အရင် မလုပ်ဆောင်စေလိုဘဲ ဒေသခံတိုင်းရင်းသားများ၊ ဒုက္ခသည်များ မိမိတို့ နေရပ်ဒေသများတွင် ပြန်လည်ဝင်ရောက် အခြေကျပြီးမှသာလျှင် ဒေသခံများ၏ သဘောထားဆန္ဒဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အစိုးရကို တိုက်တွန်းလိုကြောင်း ထားဝယ်ဖွံဖြိုးမှုအဖွဲ့ တာဝန်ခံ ဦးရဲလွင်မြင့်က ဧရာဝတီသို့ ပြောသည်။
“ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ရုံပဲ ရှိသေးတယ်။ ကျနော်တို့ ဒေသကို အရင်ရောက်လာတာက ကုမ္ပဏီတွေ။ ဒေသခံတွေက တိုက်ပွဲပြီးသွားရင် ကိုယ့်အိမ်ပြန်နေ အေးအေး ဆေးဆေးပဲ။ အခုက ကိုယ့်အိမ်တွေရော၊ ဥယျာဉ်ခြံမြေတွေရော ပျောက်သွားဖို့ ဖြစ်နေပြီ” ဟု ဦးရဲမြင့်လွင်က ဆိုသည်။
ထားဝယ် စီးပွားရေး အထူးဇုန်တွင် အစိုးရချင်း ပြုလုပ်သော ထားဝယ်အရှေ့ဘက်ရှိ ရေကာတာ စီမံကိန်း၊ ထိုင်း- မြန်မာ သဘာဝဓာတ်ငွေ့ စီမံကိန်း အဆက်ဖြစ်သော ဇောတိက ပိုက်လိုင်း စီမံကိန်း၊ ထိုင်းကုမ္ပဏီ East Star မှ လာရောက် တူးဖော်နေသာ ဟိန်းန္ဒားသတ္တုတွင်း၊ တရုတ် ကုမ္ပဏီ၊ မြန်မာ့ စီးပွားရေးနှင့် ဦးပိုင် လီမိတက်နှင့် ထူးထရိတ်ဒင်း ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း လုပ်ကိုင်သော လောင်းလုံမြို့နယ်တွင် တနှစ် ရေနံစိမ်းတန် ၅ သန်း ထွက်ရှိမည့် ရေနံချက်စက်ရုံ စီမံကိန်း၊ KNU ထိန်းချုပ် နယ်မြေတွင် ထိုင်းကုမ္ပဏီတခုက မြေဧက ၈၀၀၀ ခန့်ဖြင့် ဝင်ရောက် လုပ်ကိုင်မည့် ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းများမှာ ဒေသဖွံဖြိုးရေးဟု ဆိုကာ ဝင်ရောက် လာသော်လည်း ဒေသခံများ အတွက် စီးပွားရေး၊ လူမှုရေး ဖွံဖြိုးတိုးတက်မှုများကို အကြီးအကျယ် ထိခိုက်လျှက်ရှိကြောင်း သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသော ထားဝယ် ဒေသခံများက ပြောဆိုသည်။
နိုင်ငံတော် အစိုးရကလည်း ဒေသဖွံဖြိုးရေး ခေါင်းစဉ်တပ်နေသော်လည်း ထားဝယ် ဒေသခံများအတွက် အခြေခံ လိုအပ်ချက် ဖြစ်သည့် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးကိုပင် ယနေ့အချိန်အထိ မရရှိသေးကြောင်း၊ ယခု စီမံကိန်းကြီးများမှာ ဒေသခံ လူထုကို အကျိုးမပြုဘဲ အစိုးရနှင့် ပြည်တွင်းပြည်ပ ကုမ္ပဏီကြီးများ၏ အကျိုးစီးပွား သက်သက်သာ ဖြစ်ကြောင်း ထားဝယ် ဖွံ့ဖြိုးမှုအဖွဲ့ တာဝန်ခံ ဦးရဲလွင်မြင့်က သတင်းစာ ရှင်းလင်းပွဲတွင် ရှင်းပြသည်။
“အရင်က ကျနော်တို့ဒေသကို စစ်ကြောင်းထိုးတယ်၊ တိုက်ပွဲတွေ ဖြစ်တယ်။ လူတွေ ထွက်ပြေးရတယ်။ ဒါပေမယ့် ပြန်လာရင် ရွာနေရာ ကျန်ခဲ့သလို၊ ဥယျာဉ်တွေ ကျန်ခဲ့တယ်။ ဆက်နေ ဆက်စိုက်လို့ ရတယ်။ အခု အပစ်အခတ် ရပ်စဲပြီး ကုမ္ပဏီတွေ ဝင်လာမှ ရွာရော၊ ဥယျဉ်တွေပါ ဝင်လာမှ ဒါဟာ မတရားဘူးလို့ ခံစားရတယ်” ဟု ထားဝယ်ခရိုင် မေတ္တာညွန့် မြို့နယ်ခွဲ ဘန်းချောင်း ဒေသမှ ဦးကဘူးက ဆိုသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ ဆက်သွယ်သော လမ်းကြောင်းကို ၂၀၁၀ ပြည့်နှစ်တွင် စတင် ဖောက်လုပ်ခဲ့ သော်လည်း စီမံကိန်း စတင်ခဲ့ချိန်မှစ၍ ဒေသခံများ၏ ဥယျာဉ်ခြံမြေများကို အသိမပေးဘဲ သိမ်းယူခြင်း၊ တချို့နေရာများတွင် လျော်ကြေး ပေးမှုများရှိသော်လည်း လမ်းသစ် ဖောက်လုပ်ရာ တလျှောက်ရှိ နေထိုင်သူများကိုသာ ထည့်သွင်း စဉ်းစားပေးခြင်း၊ သို့ရာတွင် အဆိုပါ လမ်းသစ်ဖောက်လုပ်ရာ လမ်းတလျှောက်တွင် လမ်းဖောက်သော မြေစာများ ပြိုကျမှုကြောင့် နေအိမ်များ ထိခိုက်ခြင်း၊ အပင်များ ပျက်စီးခြင်းတို့အပေါ် တာဝန်ယူပေးမည့် သူမရှိကြောင်း ထားဝယ်ဒေသခံ ဦးကဲဒိုက ပြောသည်။
“အခု ကျနော်တို့ဒေသကို ဝင်လာတဲ့ ကုမ္ပဏီတွေက အစိုးရနဲ့ပေါင်းပြီး ဒေသခံတွေကို အချဉ်ဖမ်းချင် နေတာ။ မဖွံ့ဖြိုးချင် နေပါစေ။ ကျနော်တို့ဆီကို စည်းမဲ့ကမ်းမဲ့ ကုမ္ပဏီတွေ မလွှတ်ပါနဲ့။ အခုက ဖွံ့ဖြိုးရေးဆိုပြီး အစိုးရကစံ ပြည်သူကခံ ဖြစ်နေပါပြီ” ဟု ထားဝယ်မြို့နယ် ဝကုန်း ကျေးရွာမှ ကိုဇော်အောင်က ဆိုသည်။
ဟိန္ဒားသတ္တုတွင်းမှ စွန့်ပစ်သော မြေစာများကြောင့် မြောင်းပြို ကျေးရွာတွင် လူနေ အိမ်ခြေ၊ ဥယျာဉ်ခြံမြေများ ပျက်ဆီးဆုံးရှုံး ခဲ့ရကြောင်း၊ ဒေသရှိ ချောင်းမြောင်းများမှာလည်း မြေစာများ ပို့လာသည့်အတွက် တဖြည်းဖြည်း တိမ်ကောလာကြောင်း၊ ချောင်းရေချိုးသူများမှာလည်း အဖုအပိန့်များထွက်၍ အရေးပြား ယားယံမှု ဝေဒနာများ ဖြစ်ပေါ်လာကြောင်း သိရသည်။
အပစ်အခတ် ရပ်စဲပြီးနောက် ထားဝယ်ဒေသတွင် ရာဘာခြံအဖြစ် မြေဧကပေါင်း များစွာ နေရာယူလာပြီး အစိုးရမြေစာရင်း ဦးစီးဌာနကလည်း စီးပွားရေး ကုမ္ပဏီများ မြေလျှောက်ထားသည့် အခါ ကန့်ကွက်နိုင်ကြောင်း လုံး၀ မထုတ်ပြန်ခဲ့ဘဲ သိမ်းယူရာတွင် မိမိတို့မြေနေရာများ ပါသွားမှသာလျှင် နောက်ကျပြီး သိခဲ့ရကြောင်း ထားဝယ်ခရိုင်၊ ဘန်းချောင်းဒေသ ပျားသားချောင်း ကျေးရွာတွင် နေထိုင်သူ ဒေါ်ကေအယ်အက်စ်က ပြောသည်။
“ဒီလို မြေယာ ရယူမှုတွေက ကျမတို့လို ပဋိပက္ခ ဒေသက မြေယာ ပိုင်ဆိုင်မှု အထောက်အထား မရှိသေးသူတွေ အတွက် စိုးရိမ်မှုတွေ တိုးလာပါတယ်။ ဒီလိုဖြစ်လာရင် ကျမတို့ ဒေသက လူတွေ ရေရှည်မှာ မြေယာအပေါ်မှာ မှီခိုပြီး အသက်မွေး ဝမ်းကျောင်းဖို့ ခက်ခဲသွားပါပြီ” ဟု ၎င်းက ဆိုသည်။
ထားဝယ်ဒေသသို့ သယံဇာတ တူးဖော်သည့် ကုမ္ပဏီ မဟုတ်ဘဲ ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးတို့ကို အထောက်အကူ ပြုမည့် တာဝန်သိ တာဝန်ခံသော ရင်းနှီးမြှုပ်နှံမှုမျိုးသာ လာရောက် စေလိုကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မပြီးဆုံးသေးမီ ဒုက္ခသည်များ၏ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ မလုပ်ဆောင်နိုင် သေးချိန်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်စေသော မည်သည့် စီးပွားရေးလုပ်ငန်းကိုမျှ ခွင့်မပြုရန် တောင်းဆိုလိုကြောင်း ဒေသခံများက သဘောထား ထုတ်ဖော်ခဲ့ကြသည်။