အစိုးရ စစ်တပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားမှုနေမှုကြောင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် ခက်ခဲနေသေးကြောင်း သိရသည်။
အစိုးရနှင့် TNLA တို့သည် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရေး ထပ်မံ ပြုလုပ်ရန် ညှိနှိုင်း၍ မရသေးကြောင်း၊ ယခု
နောက်ပိုင်း တိုက်ပွဲများ ပိုမို ဖြစ်ပွားလာသည့်အတွက် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ခက်နေသေးကြောင်း၊ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေမည်ဆိုလျှင် ငြိမ်းချမ်းရေး တွေ့ဆုံပွဲလည်း အလှမ်းဝေးနိုင်ကြောင်း တအာင်း (ပလောင်)
အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ဧရာဝတီ သို့ပြောသည်။
“အစိုးရ စစ်တပ်တွေက ကျနော်တို့ ပြောက်ကျား စခန်းတွေကို ထိုးစစ်ဆင်တယ်၊ တပ်တွေကို ဖျက်သိမ်းတယ်။ ပြီးတော့ အခုဆိုရင် နေ့စဉ် မနက်ရော၊ ညပါ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အဓိကကတော့ ကွတ်ခိုင်၊ နမ့်ဖတ်ကာ၊ နမ့်ဆမ်နဲ့
နမ့်ခမ်း တွေမှာ ဖြစ်တာ များပါတယ်။ အဲဒါတွေကြောင့် ကျနော်တို့ အနေနဲ့ အစိုးရကို တွေ့ဆုံလို့တော့ ရမယ်၊ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ကတော့ ခက်နေသေးတယ်” ဟု ဗိုလ်မုှူးကြီး တာဘုန်းကျော်က ရှင်းပြသည်။
၂၀၁၃ ခုနစ် ဇူလိုင်လ ၃၁ ရက်နေ့က မူဆယ်မြို့၌ ကျင်းပသည့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲတွင် နှစ်ဘက် ခေါင်းဆောင် များက အောင်မြင်သော တွေ့ဆုံ ဆွေးနွေးပွဲဖြစ်ကြောင်း၊ နောက်တကြိမ် တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံး ပြုလုပ်ရန်နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန်၊ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီးလျှင် အားလုံး ပါဝင်သည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ လုပ်ဆောင်ရန် နှုတ်အားဖြင့် သဘော တူခဲ့သော်လည်း ယခုအချိန်အထိ မအောင်မြင် ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ကို ဦးအောင်မင်းက နောက်တချိန်မှာ တွေ့ရင် ပြည်ထောင်စု အဆင့်ဖြစ်ဖြစ်၊ ပြည်နယ် အဆင့်ဖြစ်ဖြစ် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ပြောပါတယ်။ လက်မှတ်ထိုးပြီးမှပဲ ဆက်ပြီး အလုပ်လုပ်လို့ရမယ်။ ဒါတွေကြောင့်
အခုထိ ကျနော်တို့ ထပ်မတွေ့နိုင်ကြ သေးတာပါ။ တွေ့ဖို့က ကြာကောင်း ကြာနိုင်တယ်” ဟု ဗိုလ်မှူးကြီး တာဘုန်းကျော်က ထပ်မံဆိုသည်။
မြန်မာအစိုးရ စစ်တပ်နှင့် TNLA တို့သည် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်း တိုက်ပွဲ ၁၀ ပွဲခန့် ဖြစ်ပွားခဲ့ရာ
ပြင်းထန်သည့် တိုက်ပွဲများလည်း ရှိကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အင်တိုက်အားတိုက် လုပ်နေသည့် အတွက်လည်း ဘိန်းစိုက်ပျိုးသည့် ပန်းဆေး ပြည်သူ့စစ်များ၏ ခြိမ်းခြောက်မှု မကြာခဏ ခံနေရပြီး တိုက်ပွဲ ဖြစ်နေရကြောင်း၊ ဘိန်းအစားထိုး စိုက်ပျိုးရန် အတွက် TNLA တပ်ဖွဲ့မှ သီးနှံများ ကူညီ ဆောင်ရွက်နေကြောင်း TNLA မှ စစ်ဦးစီးမှူး
တဦးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ဒီလထဲမှာ တွေ့ဖို့ လုပ်ပေမယ့် အဆင်မပြေဘူး။ ဘားအံမှာ လုပ်မယ့် ပွဲအတွက်ကလည်း ပြင်ဆင်နေတဲ့ ကာလလေ။ ပြီးတော့ TNLA ဘက်ကလည်း ကျနော်တို့ကို ဆက်သွယ်တာတွေ မလုပ်သေးဘူး။ ကျနော်တို့လည်း သူတို့ကို
ကြိုးစားပြီး ဆက်သွယ်ရမှာပေါ့။ အခုအထိတော့ မထူးသေးဘူး” ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် TNLA တို့အကြား ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက်နေ့ တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့တွင် ကျင်းပခဲ့ပြီး သဘောတူညီချက် ၄ ချက် ရရှိခဲ့ကြောင်း၊ သဘော တူညီချက်များတွင် အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေး ရုံးများ ဖွင့်လှစ်ရေး၊ လက်နက် မပါဘဲ နယ်မြေ ဖြတ်သန်းခွင့်နှင့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ ရက်သတ်မှတ်ရေး တို့ ပါဝင်ကြောင်း သိရှိရသည်။
TNLA သည် စစ်ရေးအရ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ထာဝရ မဟာမိတ် ပြုထားပြီး ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/ SSA) နှင့်လည်း စစ်ရေးအရ ပူးပေါင်း လှုပ်ရှားနေသည်။
ကြိုကြား တိုက်ပွဲများကြောင့် ဒုက္ခသည် စခန်းများကို မန်တုံမြို့၊ ကွတ်ခိုင်မြို့နှင့် နမ့်ခမ်းမြို့များတွင် ဖွင့်လှစ်ထားခဲ့ပြီး ဒုက္ခသည် ၃ ထောင် ဝန်းကျင်ခန့် ရှိကြောင့် သိရသည်။ TNLA နှင့် အစိုးရတပ်သည် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းမှ ယခုအချိန်အထိ တိုက်ခိုက်မှုပေါင်း ၁၀၀ ကျော်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။