အစိုးရ ဝန်ကြီးဌာန ၁၉ ခုမှ နိုင်ငံတော်သို့ ပေးဆပ်ရမည့် ကြွေးကျန် ကျပ်ဘီလီယံပေါင်း များစွာနှင့် ပတ်သက်၍ ဝန်ကြီးဌာနများကို ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ကတိအတိုင်း ဆောင်ရွက်ကြရန် တွန်းအားပေးထားကြောင်း သိရသည်။
အကြွေးများ ပေးဆပ်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ မပေးဆပ်သည့် သူများကို တည်ဆဲ ဥပဒေအရ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုလွှတ်တော်၌ ပြီးခဲ့သည့်ရက်ပိုင်းက ဒု ဝန်ကြီးများက လာရောက် ဖြေဆိုကြစဉ် ဦးရွှေမန်းက တိုက်တွန်း သတိပေးခဲ့ခြင်း ဖြစ်သည်။
ဦးရွှေမန်းက“မလုပ်နိုင်တဲ့ ကတိပေးခြင်းဟာ ပေးတဲ့သူမှာရော ဝန်ကြီးဌာနမှာပါ တာဝန်ရှိတယ်၊ လွှတ်တော်မှာ လာဖြေရင် ကတိပေးမှ ဖြစ်မယ်ဆိုတာမျိုးနဲ့ ကတိပေးပြီး လက်တွေ့မှာ မလုပ်နိုင်ရင် မကောင်းဘူး။ အားလုံးအတွက် အဆင်ပြေအောင် လုပ်ပေးဖို့ လိုအပ်တယ်”ဟု ပြောဆိုခဲ့သည်။
နိုင်ငံတော်သို့ အကြွေးပေးဆပ်ရမည့် ဝန်ကြီးဌာန ၁၉ ခုတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြန်ကြားရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ လျှပ်စစ်၊ စက်မှု၊ သစ်တောနှင့် သဘာ၀ ပတ်ဝန်းကျင်၊ စီးပွားကူးသန်း၊ ကျန်းမာရေး၊ ပညာရေး၊ သတ္တုတွင်း၊ သိပ္ပံနှင့်နည်းပညာ၊ မီးရထား၊ ဟိုတယ်ခရီး၊ အမျိုးသား စီမံကိန်း၊ ဆောက်လုပ်ရေး၊ နယ်စပ်ရေးရာ စသည့် ဝန်ကြီးဌာနများ ဖြစ်သည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ် နိုင်ငံတော်၏ ရသုံးငွေ စာရင်းများကို စစ်ဆေးစဉ် တွေ့ရှိခြင်း ဖြစ်ပြီး၊၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်အထိ အကြွေးများ ဖြစ်သည်။
ဝန်ကြီးဌာန ၁၉ ခုမှ နိုင်ငံတော်သို့ပေးရမည့် အကြွေးမှာ ကျပ်သန်းပေါင်း ၁၁၂၅၀၇၇ ဒသမ ၀၄၂၊ အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၃၈၁ သန်း၊ ရွှေစင် ၁၁၃၉၄၈ ဒသမ ၁၃ ကျပ်သား၊ သံချောင်း ၅ ဒသမ ၃၆၂ တန် ပေးသွင်းရန် ကြွေးကျန်ရှိ နေကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြီးခဲ့သည့် သီတင်းပတ်က လွှတ်တော်၌ တင်ပြခဲ့သည်။
ထိုအကြွေးများသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ၎င်းတို့နှင့်ပူးပေါင်း လုပ်ဆောင်ထားသည့် စီးပွားရေး ကုမ္ပဏီများ၊ ဌာနများမှ ရရှိမည့် အကြွေးများဖြစ်ကြောင်း၊ ၎င်းတို့ မပေးပါက တည်ဆဲ ဥပဒေအရ တရားစွဲ တောင်းဆိုမည်ဟု ကြွေးကျန် ဌာနများ၏ ဝန်ကြီးများ ကိုယ်စား ဒု ဝန်ကြီးများက လွှတ်တော်၌ လာရောက် ဖြေဆို ရှင်းလင်းစဉ် ကတိပေးခဲ့ကြသည်။
ကြွေးကျန် ဝန်ကြီးဌာနများသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်များကလည်း ထိုသို့ ဖြေဆို ကတိပေးခဲ့ကြကြောင်း၊ သို့သော် ယနေ့ အထိ ဖြေရှင်းနိုင်မှု မရှိသေးကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
“ဝန်ကြီးတွေကတော့ အကြွေးတွေကို အမြန်ဆုံး ပေးဆပ်ဖို့ ဆောင်ရွက်ပေးမယ်လို့ ကတိတွေပေးတယ်။ လွှတ်တော်ကလည်း အချိန်ကန့်သတ်ပြီး ဖိအားပေးဖို့ခက်တော့ တိုက်တွန်းတာပဲ လုပ်နိုင်တယ်လေ” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ဧရာဝတီသို့ ပြောသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင်လည်း ဝန်ကြီးဌာန ၁၅ ခုက နိုင်ငံတော်သို့ အကြွေးများ ပေးရန် ကျန်ရှိသည်ကို စစ်ဆေးတွေ့ရှိရာ မပေးဆပ်ပါက တရားစွဲဆိုမည်ဟု ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်က ပြည်ထောင်စု လွှတ်တော်၌ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ပြောဆိုခဲ့သော်လည်း လက်တွေ့ ဖြစ်မလာကြောင်း သိရသည်။
ဌာန ၁၉ ခုတွင် လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနသည် အများဆုံး ဖြစ်ပြီး ကျပ်သန်းပေါင်း ၄ သိန်းကျော် ရှိကြောင်းသိရသည်။ ထိုငွေများကို အမြန်ဆုံး ပြန်လည် ပေးဆပ်နိုင်ရေးအတွက် လွှတ်တော် အပြင် ဝန်ကြီး ဌာနများကပါ တွန်းအားပေး လုပ်ဆောင်ဖို့ လိုအပ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
သတ္တုတွင်း ဝန်ကြီးဌာနသည်လည်း ရွှေပိဿာချိန် ပေါင်းများစွာ နိုင်ငံတော်သို့ ပေးဆပ်ရမည်ဖြစ်ပြီး၊ ထိုအကြွေးများသည် ယခင် နဝတ၊ နအဖ အစိုးရများ လက်ထက်မှ ယခုနှစ် အောက်တိုဘာလ အထိဖြစ်သည်။
“ဘယ်တုန်းက အကြွေးပဲ ဖြစ်ဖြစ် စာချုပ်ပါ ကတိအတိုင်း ပေးဆပ်ဖို့ လိုအပ်ပါတယ်၊ ကုမ္ပဏီတွေဆီက တောင်းလို့ မရသေး တဲ့အတွက် မပေးနိုင်သေးရင် ပေးနိုင်အောင် လုပ်ဖို့ ဝန်ကြီးဌာနမှာ တာဝန်ရှိတယ်။ လုပ်ငန်းတွေ မလုပ်ရတဲ့အတွက် အကြွေး မဆပ်နိုင်ဘူးလို့ တချို့က အကြောင်းပြတယ်။ အဲဒီလို ပြောတဲ့သူတွေဟာ တကယ့်သူဌေးတွေ ဖြစ်နေတာ တွေ့ရတယ်”ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောသည်။
သတ္တုတွင်း ဝန်ကြီးဌာန၏ အကြွေးဆပ်ရမည့် ရွှေစင် စာရင်းသည် လျော့ကျရမည့် အစား ပိုမိုများပြား လာသည်ကို တွေ့ရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက အကြွေး အစီရင်ခံနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ပြောဆိုခဲ့သည်။
သတ္တုတွင်း ဝန်ကြီးဌာနမှ နိုင်ငံတော်သို့ ပေးရန်ရှိနေသည့် ရွှေစင်များနှင့် ပတ်သက်၍ ဝန်ကြီးဌာနနှင့် ရွှေတူးဖော်ရေး လုပ်ကိုင်သည့် ကုမ္ပဏီတို့ အကြား ပြဿနာများ ရှိနေခြင်းကြောင့် ခုံရုံးဖွင့် စစ်ဆေးနေကြောင်း ဌာနက ပြီးခဲ့နှစ်တွင် ပြောဆိုခဲ့သော်လည်း ယနေ့တိုင် ဖြေရှင်းနိုင်မှု မရှိသေးကြောင်း သိရသည်။
ဝန်ကြီးဌာနများ အနေဖြင့် ၎င်းတို့ ရရှိရန် အကြွေးများကို စစ်ဆေးတွေ့ရှိပြီးနောက် အရေးယူမှု တချို့ပြုလုပ်ခဲ့ရာ တချို့မှာ ပြန်လည် ပေးဆပ်ကြောင်း၊ မပေးနိုင်သူများအား တရားစွဲဆိုခြင်းများ လုပ်ဆောင်ထားကြောင်း လွှတ်တော်၌ ရှင်းလင်းခဲ့ ကြသည်။
ဒေါက်တာ အေးမောင်က “ပြန်ကြားရေး ဝန်ကြီးဌာနဆိုရင် ကျပ်သန်း ၄၁၈ ဝန်းကျင်လောက် အကြွေးတွေရှိတယ်။ အဲဒီဟာတွေကို ပြန်ရဖို့အတွက် တရားစွဲဆိုမှုတွေ လုပ်နေတယ်။ အိမ်တွေ၊ ခြံတွေ တချို့သိမ်းယူထားတယ်။ ဒါတွေကို ရောင်းချပြီး နိုင်ငံတော်ကို အကြွေးဆပ်မယ့်ပုံမျိုး ရှင်းပြသွားတယ်” ဟု ဆိုသည်။
အလားတူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနကလည်း ၎င်းတို့ပေးရန် ရှိသည် ကျပ်ဘီလီယံ ၄၀၀ ကျော်တွင် တစိတ်တဒေသကို ပေးဆပ်ပြီး ဖြစ်ကြောင်း၊ ကျန်ရှိသည့် အကြွေးများကိုလည်း ပေးဆပ်နိုင်ရန် ဥပဒေကြောင်းအရ ဆောင်ရွက်နေကြောင်း လွှတ်တော်၌ တင်ပြခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီက “ဒီအကြွေးတွေကို ဝန်ကြီးဌာနတွေ ကိုယ်တိုင်၊ အစိုးရ ကိုယ်တိုင်က အားစိုက် လုပ်ဆောင်ရမယ့် ကိစ္စပါ။ လွှတ်တော်က အစိုးရကို တိုက်တွန်းတာပဲ လုပ်နိုင်တယ်။ သူတို့ကတော့ ပြောပါတယ်၊ ကွင်းဆင်း စစ်ဆေးနေတယ်၊ တောင်းနေတယ်ပြောတယ်” ဟု ဆိုသည်။
ဝန်ကြီးဌာနများ၏ အကြွေးများတွင် ယခင် စစ်အစိုးရ လက်ထက်မှ အကြွေး အများအပြားလည်း ပါဝင်ကြောင်း၊ ထိုသို့ ငွေကြေး အလွဲသုံးစား လုပ်ဆောင်ခဲ့သည့် ဝန်ကြီးဌာနများ၏ ဝန်ကြီးဟောင်းများအနက် အများစုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြောင်း သိရသည်။ စစ်အစိုးရ ဝန်ကြီးဟောင်းများသည် လက်ရှိ လွှတ်တော် အသီးသီး၏ ကိုယ်စားလှယ်များလည်း ဖြစ်သည်။
စစ်အစိုးရ အဆက်ဆက်မှ ယနေ့အထိ အကြွေးကို အများပြည်သူ သိရှိစေလိုသည့်အတွက် အစိုးရကို တွန်းအားပေး ရခြင်းသာဖြစ်ကြောင်း၊ ထို ပြဿနာများကို လက်ရှိ လွှတ်တော် သက်တမ်းအတွင်း ပြေလည်စေလိုကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
အစိုးရ အဆက်ဆက် ဝန်ကြီးဌာနများ၏ ငွေကြေး အလွဲသုံးစားမှုများကို ထိထိရောက်ရောက် အရေးယူနိုင်ရန် အဂတိ တိုက်ဖျက်ရေး ကော်မရှင် တရပ်ဖွဲ့စည်း၍ လုပ်ဆောင်ရန် ကြိုးပမ်းသည့်တိုင် ယနေ့အထိ အောင်မြင်မှု မရှိသေးကြောင်း ကိုယ်စားလှယ်များက ပြောသည်။