မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့်သူများအနေဖြင့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲသို့ ဦးတည်နေသည့် အရေးပါသည့် နိုင်ငံရေး စိန်ခေါ်မှုများကို ပစ်ပယ်မထားသင့်ကြောင်း ယနေ့ကျင်းပသည့် ဥရောပသမဂ္ဂ စီးပွားရေးဖိုရမ်တွင် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ထို့ပြင် အခြေခံဥပဒေ ပြင်ဆင်ရေးသည် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးကြီးပြီး ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးလက်အောက်တွင် နေခဲ့ရပြီးနောက် တံခါးဖွင့်လာသည့် အချိန်တွင် ဒေသတွင်း ဈေးကွက် ဖွံ့ဖြိုးရေး အတွက်လည်း သော့ချက်တခုသဖွယ်ဖြစ်ကြောင်း လည်း သူကပြောသည်။
“မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေကို အားပေးဖို့၊ ရင်းနှီးမြှုပ်နှံဖို့ ဒါမှမဟုတ် တခြားလုပ်ဆောင်မှုတွေပြုတဲ့ အချိန်မှာ အခြေခံ ဥပဒေပြင်ဆင်ဖို့ လိုတယ်ဆိုတာကို လုံးလုံးလျားလျား ပစ်ပယ်ထားမယ်ဆိုရင် လက်တွေ့မကျပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အကယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ အာဏာရရှိခဲ့ပါက စီးပွားရေးတိုးတက်မှု နှေးကွေးသွားနိုင်သည် ဆိုသော ထင်မြင်မှုများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပယ်ချသွားသည်။
ဥရောပ သမဂ္ဂ နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာ အကြီးအကဲ Catherine Ashton က ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးကို အထောက်အကူပြုသည့် စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုတာ တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ လူမှုရေး၊ နိုင်ငံရေး ဖွံ့ဖြိုးမှုပေါ်မှာ အခြေခံတယ်လို့ ကျမတို့ ယုံကြည်ပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရန်ကုန်တွင် လတ်တလော လူထုစုဝေးပွဲများ ကျင်းပကာ အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒကောက်ခံခဲ့သည်။ နိုဝင်ဘာလ ၁၀ ရက်နေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန်အားကစားတွင် ကျင်းပသည့် လူထုစုဝေးပွဲသို့ ပြည်သူ အင်အား ၂ သောင်း ကျော်တက်ရောက်ခဲ့သည်။
နိုင်ငံရေး ဝေဖန်သုံးသပ်သူများက လက်ရှိ လွှတ်တော် အတွင်း အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးနှင့် ပတ်သက်၍ အခွင့်အလမ်းနည်း ပါးနေခြင်းနှင့် တပ်မတော်ကို စည်းရုံးသိမ်းသွင်း မရနိုင်တော့သောကြောင့် ယခင်ကကဲ့သို့ နိုင်ငံတကာ သံတမာန်ရေး ဖိအားနှင့် လူထု အင်အားကို ရယူရေး ဆောင်ရွက်လာပုံရကြောင်း ဆိုသည်။
ယခင် စစ်အစိုးရလက်ထက်က ရေးဆွဲပြဌာန်းခဲ့သည့် လက်ရှိအခြခံ ဥပဒေအရ ဇနီးခင်ပွန်း၊ သို့မဟုတ် သားသမီးက နိုင်ငံခြားသား ဖြစ်နေသူသည် သမ္မတဖြစ်ခွင့် မရှိသည့်အတွက် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရေးကို အတားအဆီးဖြစ်နေသည်။ ထို့ပြင် ဥပဒေပြုအဖွဲ့၏ နေရာ ၄ ပုံ ၁ ပုံကို တပ်မတော်အတွက် ပေးထားရသည်။
ယနေ့ စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှ တိုင်းရင်းသားလူနည်းစုများ တောင်းဆိုနေကြသည့် အရေးပါသည့် အချက်တခုဖြစ်သော ဖက်ဒရယ်စနစ် ကျင့်သုံးနိုင်ရေး ဖက်မှလည်း ခိုင်ခိုင်မာမာ ရပ်တည်ပေးသွားသည်။
“ကျမတို့ အားလုံး ဖက်ဒရယ် စနစ်ကိုလိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါမှသာလျှင် ကျမတို့ပြည်သူတွေအားလုံး ကြားမှာ ကျေနပ်နှစ်သိမ့်မှုနဲ့ စိတ်ချယုံကြည်မှုတွေ ရှိလာမှာဖြစ်လို့ပါပဲ” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပုံရိပ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးပဋိပက္ခများ နှင့် မြောက်ဖက် ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များကြားဖြစ်ပေါ်နေသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ပြောဆိုရန် စိတ်မပါသလို ပြုမူမှုများရှိခဲ့သည့် အတွက် ပြည်တွင်းမှ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ဖိုရမ်အပြီးတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမ္မတဟောင်း ဘီကလင်တန်ကိုလည်း အင်းလျားကန်စောင်းရှိ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ဆုံခဲ့သည်။
ဥရောပနှင့် အမေရိကန် ဧည့်သည်တော်များသည် မြန်မာ့ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် မပျက် ဆက်လက်ဆောင်ရွက်နေနိုင်ရေး ရည်ရွယ်ပြီး နေပြည်တော်နှင့် ရန်ကုန်မြို့များသို့ လတ်တလော ထပ်မံ ရောက်ရှိနေကြပြီး နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအသိုင်းအဝိုင်းနှင့် တွေ့ဆုံရန်ရှိနေသည်။