ကမာရွတ် လှည်းတန်းရှိ အင်းစိန်လမ်းမပေါ်တွင် အမျိုးသမီးတဦး ပက်လက်အနေအထားဖြင့် လဲကျနေသည်။ သူ၏ ဦးခေါင်းမှ သွေးများသည် ကတ္တရာလမ်းမ၏ နိမ့်ရာဘက်သို့ စီးကျနေ၏။
သူ၏ ဘေးလွယ်အိတ်နှင့် ဖိနပ်တို့က တနေရာစီ ပြန့်ကျဲနေသည်။ သူ့ ဘေးပတ်လည်တွင် ဝိုင်းအုံကြည့်နေသူများ ထဲမှ စာနာသနားမှုဖြင့် စုပ်တသပ်သပ် ဖြစ်နေသည့် အမျိုးသမီးတချို့ကို တွေ့ရသည်။ ကားများက ဝိုင်းအုံကြည့်နေသော လူအုပ်ကြီးကို ကွေ့ရှောင် မောင်းနှင် သွားကြသည်။ အမျိုးသမီးငယ်တချို့က မကြည့်ရဲ၊ မမြင်ရဲသဖြင့် မျက်နှာလွှဲကာ ထိုနေရာမှ ခပ်သုတ်သုတ် ထွက်ခွာသွားကြသည်။
သူ အချိန်မည်မျှကြာအောင် လဲကျနေသည်ကို ခဲစပြုနေသည့် သွေးစီးကြောင်းများက သက်သေပြနေသလို ရှိနေသည်။ အသက်ရှင်လျှက် ရှိနေသလား၊ သေဆုံးသွားပြီလား မည်သူမျှ မသိနိုင်ဘဲ ဘေးမှသာ ဝိုင်းအုံကြည့်ရှု နေကြလေသည်။
“နေပူနေတယ်။ သူ့ကို လမ်းဘေးအရိပ်ထဲ ဝိုင်းရွှေ့ကြရင် မကောင်းဘူးလားဟင်” ဆိုသည့် အမျိုးသမီးတဦး၏ အသံကို ကြားရသည်။
တဆက်တည်းမှာ “ရဲမလာသေးဘူး။ သွားမကိုင်နဲ့။ အမှုပတ်နေမယ်။ လူနာတင်ကား ခေါ်ထားတယ်” ဆိုသည့် အမျိုးသား တဦး၏ အသံကိုလည်း ကြားရသည်။
မီးပွိုင့်အမီဖြတ်ရရေး အတွက် အပြေးမောင်းနှင်လာသည့် ယာဉ်တစီးက လှည်းတန်းရှိ ဦးထွန်းလင်း ခြံလမ်းထိပ်မှ တဘက်သို့ ဖြတ်ကူးရန် ကြိုးစားသည့် သူနာပြုဆရာမလေး တဦးအား တိုက်မိခဲ့ခြင်း ဖြစ်သည်။ လူနာများအား ပြုစု ကုသပေးရသည့် သူနာပြု ဆရာမလေး၏ ပြုစုသူမဲ့ လဲကျနေဟန်ကို လွန်ခဲ့သော နှစ် အနည်းငယ်က မြင်တွေ့ခဲ့ရဖူးသည်။
လူနာတင်ယာဉ် ရောက်လာပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံသို့ သယ်ဆောင် ရောက်ရှိချိန်တွင် ထိုသူနာပြု ဆရာမလေးမှာ အသက်ရှင်လျှက် ရှိသေးသော်လည်း အချိန်နောက်ကျမှုကြောင့် သွေးထွက်လွန်ကာ အသက် ဆုံးရှူံးခဲ့ရကြောင်း ပြန်လည် သိရှိရသည်။
“ဝင်မကယ်ရဲဘူး။ မတော်လို့ အမှုပတ်ရင် ရုံးရောက်ဂတ်ရောက် မဖြစ်နိုင်ဘူးဗျ။ တရက် အလုပ်ပျက်ရင် တရက်ဝင်ငွေက လျော့ပြီလေ” ဟု အငှားယာဉ်မောင်း တဦးက သူ့သဘောထားနှင့် စိုးရိမ်မှုကို ပြောပြသည်။
လူနာကို ကိုင်တွယ်သဖြင့် အမှုပတ်မည်ကို စိုးရိမ်ခြင်း၊ မျက်မြင် သက်သေအဖြစ် ထွက်ဆိုရမည်ဆိုပါက မိမိစရိတ်ဖြင့် တရားရုံးသို့ ရုံးချိန်းများ သွားရောက်ရမည်ကို စိုးရိမ်ခြင်း၊ ဒဏ်ရာရနေသော လူနာအား ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန သို့ ပို့ဆောင်ပါက လူနာရှင်အဖြစ် ဆေးဖိုးဝါးခ စရိတ်များ ကုန်ကျခံရမည်ကို စိုးရိမ်ခြင်း စသည်တို့သည် မတော်တဆ မှုများကြောင့် ဒဏ်ရာရသူကို ကူညီရန် လူအများစု စိုးရိမ်သည့် အချက်တချို့ ဖြစ်လေသည်။
လူအများ ယူဆထားသည့် အမှုပတ်မည်ဆိုသည့် အချက်သည် မှားယွင်းနေပြီး မတော်တဆမှုကြောင့် ဒဏ်ရာရထား သူများအား မည်သူမဆို ဝိုင်းဝန်းကူညီနိုင်ကြောင်း ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်မှ မြို့နယ်ရဲမှူး ဇော်ဝင်းက ဧရာဝတီသို့ ပြောသည်။
“အမှုပတ်တာမျိုး မဖြစ်နိုင်ပါဘူး။ မတော်တဆမှု ဖြစ်လို့ မြင်မကောင်းအောင် လဲကျနေပြီ၊ ယာဉ်ထိန်းကလည်း မလာသေး ဘူး၊ ရဲကလည်း မလာသေးဘူးဆိုရင် အနီးနားမှာရှိတဲ့ ပြည်သူတွေက အခင်းဖြစ်ရပ်ကို မှတ်တမ်းဓာတ်ပုံ ရိုက်တာတို့၊ ဖြစ်ပွားတဲ့ ယာဉ်ကို ထွက်မပြေးအောင် တားမြစ်တာတို့၊ ယာဉ်နံပတ်ကို မှတ်သားတာတို့၊ ရဲစခန်းကို အကြောင်းကြားပြီး လူနာကို ရွှေ့ထားပြောင်းထားတာတို့၊ အမှတ်အသားတွေ လုပ်ထားတာတို့၊ ဆေးရုံကို ဝိုင်းကူပို့ပေးတာတို့ အားလုံးကို လုပ်လို့ရတယ်” ဟု အထက်ပါရဲမှူးက ရှင်းပြသည်။
အလားတူ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ အရေးပေါ် ကယ်ဆယ်ရေးဌာနမှ တာဝန်ရှိသူ တဦးဖြစ်သည့် တပ်ကြပ်ကြီး ထွန်းထွန်းလွင် ကလည်း “တချို့က မတော်တဆမှု ဖြစ်ရင် ဒါက မှုခင်းကိစ္စဆိုပြီး ဒဏ်ရာရသူကို မကိုင်ရဲဘူး။ ဒါဟာ မှုခင်းနဲ့ မဆိုင်ပါဘူး။ ကူညီပေးလို့ ရပါတယ်။ လူနာတင် ယာဉ်မရောက်ခင် ပြုစုပေးပြီး ကူညီထားလို့ရပါတယ်။ ယာဉ်တိုက်မှုကြောင့် ဆိုရင် ဆေးရုံကြီးကို တန်းပို့ပြီး အရေးပေါ်မှာ တာဝန်ကျနေတဲ့ ယာဉ်မှုစစ်အဖွဲ့ဆီမှာ အပ်ပေးထားခဲ့လို့ ရပါတယ်” ဟု ပြောသည်။
ယာဉ်တိုက်မှုကြောင့် ရောက်လာသည့် လူနာများကို လက်ခံဆောင်ရွက်ပေးမည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ကို ဆေးရုံကြီးတွင် တာဝန် ချထားပေးသဖြင့် ကူညီသူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ရန် စိတ်ပူစရာမရှိကြောင်း သူက ရှင်းပြသည်။
“တက္ကစီသမားက လိုက်ပို့ပေးတယ် ဆိုရင်တော့ ယာဉ်မောင်းကို သံသယ မဖြစ်အောင် သက်သေ တယောက်လောက် အတူပါသွားရင် ပိုကောင်းပါတယ်” ဟု သူက ပြောသည်။
မကြာသေးမီ နှစ်ပိုင်းက တရုတ်ပြည်တွင် ဖြစ်ပွားခဲ့သည့် မတော်တဆ ကားတိုက်မှုတခုကို အင်တာနက် သတင်းများမှ တဆင့် ကြည့်ခဲ့၊ ဖတ်ခဲ့ကြရသည်။ ထိုသတင်းသည် တရုတ်နိုင်ငံ အတွက်ရော၊ သတင်းကြည့် ပရိသတ်များအတွက်ပါ လူ့စံနှုန်း၊ လူ့ကျင့်ဝတ် အရည်အသွေး နိမ့်ကျလာမှု၊ တာဝန်ယူစိတ် လျော့နည်းလာမှုကို အချက်ပေး ခေါင်းလောင်း ထိုးလိုက် သကဲ့သို့ ဖြစ်ပွားခဲ့သည်။
မြို့လယ်ခေါင် လမ်းမပေါ်တွင် ကလေးငယ်တဦး ကားတိုက် ခံရသည်ကို ပတ်ဝန်းကျင်ရှိ လူအများက လျစ်လျူရှုထားခဲ့ ရာမှ ကားအဆင့်ဆင့် ထပ်မံ အတိုက်ခံခဲ့ရသည့် သတင်းတပုဒ် ဖြစ်သည်။
မြန်မာနိုင်ငံတွင်၊ အထူးသဖြင့် တဦးနှင့်တဦး မသိနိုင်သည့် လူနေထူထပ်လှသော မြို့ကြီးပြကြီးများတွင် ယာဉ် မတော်တဆ ဖြစ်ခြင်း၊ အထပ်မြင့် တိုက်ပေါ်မှ ပြုတ်ကျခြင်း၊ ကျန်းမာရေးကြောင့် မူးမေ့လဲကျကာ တဦးတည်း ကူညီရာ မဲ့နေခြင်းများ မကြာခဏ ဖြစ်ပွားသည်ကို မြင်တွေ့ကြရသည်။
ထို့အတူ မြန်မာနိုင်ငံတွင် အများပြည်သူ မတော်တဆ မှုများကို အချိန်နှင့် တပြေးညီ လျှင်မြန်စွာ ဝန်ဆောင်မှု ပေးနိုင်သည့် စနစ်မှာလည်း အားနည်းနေဆဲ ဖြစ်သည်။ အခင်းဖြစ်ပွားချိန်နှင့် အရေးပေါ် လူနာတင်ယာဉ် ရောက်ရှိလာ နိုင်သည့် အချိန်သည် ကွာဟနေဆဲ ဖြစ်သည်။
“လူအများစုက မတော်တဆမှု ဖြစ်ရင် ဒဏ်ရာရတဲ့သူကို မထိရဲ မကိုင်ရဲ ဖြစ်တယ်။ အမှုပတ်မှာ စိုးတယ်။ ရုံးချိန်းလိုက်ရ တာတွေ၊ ရဲသက်သေလုပ်ရမှာတွေ စိုးရိမ်ကြတယ်” ဟု ကမာရွတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၏ ဒုတပ်ရင်းမှူး ဦးခင်မောင် ထွန်းက ပြောသည်။
ထို့အပြင် သူ၏ အတွေ့အကြုံ တခုကိုလည်း ယခုကဲ့သို့ ပြန်လည်ပြောပြသည်။
“သူငယ်ချင်း တယောက်ရဲ့ မင်္ဂလာဆောင်သွားဖို့ အိမ်ကထွက်လာတော့ လမ်းဘေးမှာ လဲနေတဲ့ ရောဂါသည် တယောက် ကို အရေးပေါ်ကို ပို့ဖူးတယ်။ အဲဒီလို လူနာတွေအတွက် အရေးပေါ် ဘတ်ဂျက်မရှိဘူး။ ပို့တဲ့လူက တာဝန်ယူရတယ်။ လက်ဖွဲ့ဖို့ ယူလာတဲ့ငွေကို ဆေးဖိုးပေး၊ အဝတ်အစားလဲဖို့ လိုနေတဲ့လူနာကို ကိုယ်ပေါ်က အဝတ်တွေ ချွတ်ပေးခဲ့ပြီး စွပ်ကျယ်၊ ဘောင်းဘီတိုနဲ့ အိမ်ပြန်လာခဲ့ရ ဖူးတယ်” ဟု ဦးခင်မောင်ထွန်းက ရယ်လျက်ပြောသည်။
ယခင် အစိုးရလက်ထက် ရန်ကုန်ဆေးရုံကြီး၏ အရေးပေါ်ဌာနတွင် ရောက်လာသည့် ပိုင်ရှင်မဲ့ လူနာများအတွက် ဝန်ဆောင် ပေးခဲ့သည့် အခြေအနေကို သူက ထောက်ပြသည်။
လူမှုဝန်ထမ်းစိတ်ဖြင့် ဝင်ရောက် ကူညီလိုသူများအတွက် ထိုသို့သောအချက်က အဟန့်အတား တခုသဖွယ် ဖြစ်ခဲ့ကြောင်း သူကဆိုသည်။
သို့သော် ယခုအစိုးရသစ် တက်လာပြီးနောက်ပိုင်းတွင် ယင်းသို့ ရောက်လာသည့် လူနာများအတွက် ဆေးရုံ အသုံး စရိတ်ဖြင့် ကုသပေးလာသဖြင့် ပြောင်းလဲမှုရှိလာကြောင်း သိရသည်။
“အရင်တုန်းကလို သူနာပြုတွေက ဆေးဖိုးဘယ်သူပေးမှာလဲလို့ မမေးတော့ဘူး။ လူနာရောက်လာတာနဲ့ ဆေးသွင်းတာ၊ ဆေးထိုးပေးတာတွေ လုပ်တယ်” ဟု ယခုနှစ် အောက်တိုဘာလ အတွင်းက ၄ ထပ်အမြင့် တိုက်ပေါ်မှာ မတော်တဆ ပြုတ်ကျခဲ့သူ တဦးအား ကူညီပေးခဲ့ဖူးသည့် ဦးခင်မောင်ထွန်းက ပြောသည်။
ထို့အပြင် ၎င်းကူညီလိုက်ပြီးနောက် နောက်ဆက်တွဲ ရဲသက်သေအနေဖြင့် တရားခွင်၌ သက်သေထွက်ဆို ပေးရခြင်း ကလည်း လူအများစုအတွက် အခက်အခဲများစွာ ရှိနေကြောင်း ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ တရားရုံးချုပ် ရှေ့နေ ဦးအောင်သန်းစိုး၏ အဆိုအရ သိရသည်။
“သက်သေ မလိုက်ပေးချင်ရတဲ့ အကြောင်း အရာတွေမှာ အဓိကတော့ တရားခံဆီမှာ ရန်ငြိုးပြုခံရမှာစိုးတာ၊ တရားရုံးက ရုံးချိန်းတွေက ကြာလွန်းပြီး အကြိမ်ကြိမ်သွားရတာ၊ ကိုယ့်ငွေ ကိုယ်စိုက်ပြီး တရားရုံးကို အလုပ်ပျက် အကိုင်ပျက် သက်သေ လာထွက်ပေးရတာ တွေကြောင့်ပဲ။ တော်တော်များများက သက်သေ မထွက်ရဲကြဘူး” ဟု သူက ရှင်းပြသည်။
ထို့အပြင် သက်သေ ထွက်ဆိုရာတွင် ရဲစခန်းများနှင့် ဆက်ဆံရေးကလည်း လူအများအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာများ ရှိခဲ့ကြောင်း ဦးခင်မောင်ထွန်းက ပြောသည်။
“ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ သူတို့ကို လာကူညီပေးနေတယ်လို့ ယူဆပြီး ဆက်ဆံကြရင် ကောင်းမယ်။ ရဲစခန်းထဲ ရောက်လာရင်ပဲ တရားခံလို၊ သူတို့လုပ်သမျှ ခံရမယ့်လူတွေလို လေးစားမှုမရှိဘူး။ ပြည်သူတွေအပေါ်မှာ မထီမဲ့မြင် လုပ်တာတွေ များခဲ့တော့ လူတွေကလည်း ရဲစခန်းနဲ့ မဆက်ဆံချင် တော့ဘူး” ဟု ထောက်ပြသည်။
သို့ဆိုလျင် ထိုသို့သော အဟန့်အတား များကြောင့် လူတို့၏ စာနာစိတ်၊ ကိုယ်ချင်းစာစိတ်နှင့် လူမှုဝန်ထမ်း စိတ်များကို တစထက်တစ လျော့ပါးလာမည်ဆိုပါက လူ့အဖွဲ့အစည်းအတွက် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုကို ခန့်မှန်း၍ ရနိုင်သည်။
အမှန်တကယ်မှာမူ တရားရုံးသို့ သွားရောက်ကာ သက်သေ ထွက်ဆိုရသူများ အတွက် တရားရုံးက ထုတ်ပေးရန် သတ်မှတ်ထားသည့် သက်သေစရိတ်များ ရှိကြောင်း ကမာရွတ်မြို့နယ် မြို့နယ် ရဲမှူး ဇော်ဝင်း၏ အဆိုအရ သိရသည်။
“သက်သေလိုက် စရိတ်တွေရှိတာ အရင်ကတည်းကပဲ။ သက်သေ တယောက် လာရတဲ့ ခရီး အနီးအဝေးအပေါ် မူတည် ပြီး တရားရုံးမှာ သက်သေစရိတ် ထုတ်ပေးပါလို့ တင်ပြရင် ထုတ်ပေးတယ်။ အရင်ကတည်းက ရှိတယ်။ လူတွေက ထုတ်ရကောင်းမှန်းလည်း မသိဘူး” ဟု သူက ရှင်းပြသည်။
သို့ရာတွင် ထိုသို့ သက်သေစရိတ်ထုတ်ရန် အချိန် ကြန့်ကြာလှကြောင်း၊ စောင့်ဆိုင်းရကြောင်း သူက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် တရားရုံးတော်၌ သက်သေ ထွက်ဆိုသူသည် သက်ဆိုင်ရာ တရားရုံးရှိ ဘီလစ် စာရေးများထံတွင် စရိတ် ထုတ်ယူ တောင်းခံနိုင်သော်လည်း ယင်းအချက်ကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ပြောဆိုမှု အားနည်းကြောင်း တရားရုံးချုပ် ရှေ့နေ ဦးအောင်သန်းစိုးက ဆိုသည်။
ထို့အပြင် တရားရုံးများက ထုတ်ပေးနေသည့် သက်သေစရိတ်များသည် ခေတ်နှင့် မလျှော်ညီသည့် နှုန်းထားများ ဖြစ်နေပြီး လွန်ခဲ့သည့် ၁ နှစ်တာ ကာလအထိ သက်သေစရိတ်မှာ ၁၅ ကျပ်သာ ရှိကြောင်း၊ မကြာသေးမီက လွှတ်တော်တွင် ပြင်ဆင်ခဲ့သည့် စရိတ်မှာလည်း ကျပ်ငွေ ထောင်ဂဏန်းမျှသာ ရှိကြောင်း သိရသည်။
ဦးအောင်သန်းစိုးက “သက်သေစရိတ် ထုတ်ပေးတယ် ဆိုတာကို တရားရုံးတွေကလည်း ပြောပြသင့်တယ်။ တရားစီရင်ရေးမှာ မျက်မြင်သက်သေ ဆိုတာ အရေးအကြီးဆုံးပဲ။ သက်သေ ထွက်တဲ့သူ များများပေါ်လာစေချင်ရင် သက်သေ စရိတ်တွေကို နိုင်ငံတော်က လုံလုံလောက်လောက် ပေးသင့်တယ်။ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ပေးသင့်တယ်။ ကိုယ့်စရိတ် ကိုယ်စားပြီး ကြီးဒေါ်နွားကျောင်းတာ ဘယ်သူမှ မလုပ်ချင်ဘူး” ဟု ပြောသည်။
ထို့အပြင် ရဲဝန်ထမ်းတို့၏ အများပြည်သူ အပေါ် ဆက်ဆံရေးပိုင်း အားနည်းချက်ကလည်း ဖြစ်ပေါ်လာသည့် အမှုများတွင် သာမန်လူများ ပါဝင်ပတ်သက်မှု မရှိလိုခြင်း၊ သက်သေ မလိုက်လိုခြင်းနှင့် ဆက်ဆိုင်နေသည်။ ထိုသို့ အားနည်းချက်များ ရှိခဲ့သဖြင့် ပြန်လည် ပြုပြင်နေကြောင်း ရဲမှူးဇော်ဝင်းက ဆိုသည်။
“ရဲဘော်တွေက ပြည်သူတွေထဲက ဝင်လာတာပဲ။ တချို့က ပညာအရည်အချင်း မပြည့်မီ ပေမယ့် လိုအပ်ချက်အရ ခန့်ရတာတွေ ရှိတယ်။ တခါတလေမှာ ယူနီဖောင်းဝတ်ပြီး ရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစား လုပ်တာတွေ ရှိခဲ့ဖူးတယ်” ဟု အထက်ပါ ရဲမှူးက ပြောသည်။
သူက ဆက်လက်၍ “ဒါပေမယ့် နောက်ပိုင်းမှာ အဆင့်ဆင့် တိုက်စီး သင်တန်းတွေ ပေးပြီးတော့မှ တပ်ဖွဲ့က ပြည်သူကို ဘယ်လို ဆက်ဆံရမယ်၊ ဟိုးတုန်းက ကျနော်တို့မှာ တင်နေတဲ့ ပုလိပ်ဆိုတဲ့ အကြွေးတွေ၊ ပြည်သူတွေက ရဲဝန်ထမ်း တွေကို ရွံ့မုန်းတဲ့ အကြွေးတွေကို ဆပ်ရမယ်ဆိုတဲ့ အသိအမြင်ကို ဖော်ထုတ်တယ်။ တပ်ဖွဲ့ဝင်တွေက ပြည်သူလူထုကို ဆက်ဆံနည်း၊ မီဒီယာဆိုရင်လည်း မီဒီယာအလိုက် ဆက်ဆံနည်းတွေ သင်ပြပေးတဲ့အခါမှာ အောင်မြင်မှုတွေ ရလာပါတယ်” ဟု ရှင်းပြသည်။
အလားတူ ကမာရွတ်မြို့နယ်မှ စခန်းမှူး ဒုရဲမှူး မောင်မောင်ဦးကလည်း “ကျနော်တို့ ဘက်ကလည်း ရဲစခန်းကိုလာတဲ့ သူတွေကို တရားခံကြည့် ကြည့်တာ၊ တရားခံစစ် စစ်တာမျိုး လုပ်တယ်ဆိုတဲ့ လူတွေရဲ့အမြင်ကို ပြောင်းဖို့ ပြုပြင်နေပါပြီ။ လူတွေက မလာချင်တဲ့ နေရာ သုံးခုရှိတယ်။ ရဲစခန်း၊ ဆေးရုံနဲ့ သချႋုင်းကုန်းပေါ့။ ရဲစခန်းကိုလာရင်ပဲ ချက်ချင်း ဖမ်းချုပ်ခံရ တော့မလို။ ဒါကတော့ ခေတ်စနစ်ဟောင်းက တွေ့ကြုံခဲ့ရတာတွေ ကြောင့်လည်း ဖြစ်ချင် ဖြစ်မှာပေါ့နော်။ အခုတော့ ကျနော်တို့ ပြောင်းလဲနေပါပြီ” ဟု ၎င်းတို့၏ ပြုပြင်ပြောင်းလဲ နေမှုများနှင့် ပတ်သက်၍ ပြောသည်။
ရန်ကုန်မြို့တွင် လစဉ် ယာဉ်တိုက်မှုပေါင်း ပျမ်းမျှ အကြိမ်ရေ ၃၀ ဝန်းကျင်ဖြစ်ပွားလေ့ရှိကြောင်း ၂၀၀၆ ခုနှစ်မှ စတင်ကာ အရေးပေါ်ဝန်ဆောင်မှု ပေးခဲ့သည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ စာရင်းအရသိရသည်။ တချို့လများတွင် အထပ်မြင့်တိုက်များ ပေါ်မှ ပြုတ်ကျသည့် အမှုများ၊ ရထားကြိတ်သည့် အမှုများ၊ တိုက်ပြိုကျသည့် အမှုများ စသည့် မတော်တဆမှုများလည်း ပါဝင်သည်။
ထိုသို့ဖြစ်ပွားသည့် မတော်တဆမှုများတွင် အနီးဝန်းကျင်ရှိ လူအများက ဝိုင်းဝန်း ကယ်တင်ပေးသည့် အမှုများ ရှိသကဲ့သို့ လူနာတင်ယာဉ် ရောက်သည်အထိ စောင့်ဆိုင်းနေသည့် အမှုများလည်း ကြုံခဲ့ရကြောင်း ယင်းတပ်ဖွဲ့မှ တပ်ကြပ်ကြီး ထွန်းထွန်းလွင်က ဧရာဝတီသို့ ရှင်းပြသည်။
“မတော်တဆမှု ဖြစ်တယ်ဆိုတာ လှမ်းအကြောင်းကြားလို့ ကျနော်တို့ သွားတဲ့အခါ တခါတလေမှာ လူနာကို မမီ လိုက်တာ ရှိတယ်။ ဘေးလူတွေဝိုင်းပို့လို့ ဆေးရုံ ရောက်သွားတာမျိုးလည်း ရှိတယ်။ အဲဒီလို အချိန်ကျရင် ပြည်သူတွေ ဆီမှာ ကျနော်တို့ နောက်ကျလို့ဆိုပြီး အပြစ်တင် ခံရတာရှိတယ်” ဟု သူက ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပေါင်း ၃၀ ကျော်အတွက် ရန်ကုန်တိုင်း အစိုးရက စီစဉ်ပေးထားသည့် လူနာတင်ယာဉ် ၂ စီး၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့၏ အရေးပေါ် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် လူအင်အား ၉ ဦးတို့ဖြင့်သာ လုပ်ငန်း လည်ပတ်နေရ ကြောင်း ယင်းတပ်ဖွဲ့မှ သိရသည်။
“ခရိုင်တခုမှာ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ တဖွဲ့စီလောက်တော့ ရှိသင့်တယ်လို့ ထင်ပါတယ်။ ယာဉ်ကြော ပိတ်တတ်တဲ့ မြို့ထဲလို နေရာမျိုးတွေနဲ့ အင်းစိန်ဘက်မှာ ရှိသင့်တယ်။ ဥပမာ – အရှေ့ပိုင်းခရိုင် ဘက်မှာ ဖြစ်ရင် ကျနော်တို့ ဒီကနေ သွားဖို့ မလွယ်ဘူး” ဟု ဟံသာဝတီ အဝိုင်းတွင် ရုံးဖွင့်ထားသည့် အဆိုပါ အရေးပေါ် ကယ်ဆယ်ရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီး ထွန်းထွန်းလွင်က အကြံပြုပြောကြားသည်။
ယာဉ်ထိန်းသာ မကဘဲ တခြားသော အရေးပေါ် ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်း အဖွဲ့ငယ်များလည်း ရှိသင့်ကြောင်း သူက ပြောသည်။
“လူ့အသက်က မိနစ်နဲ့အမျှ အရေးကြီးပါတယ်။ သွေးထွက်ဒဏ်ရာ များတဲ့သူဟာ အချိန်မီ ဆေးရုံ မရောက်ရင် သေနိုင် တယ်။ ပတ်ဝန်းကျင်က ဝိုင်းမကယ်နိုင်ရင် သေမယ်” ဟု ကမာရွတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးခင်မောင် ထွန်းက ဆိုသည်။
ယာဉ်ကြော ပိတ်ဆို့မှု ပိုမိုဆိုးရွားလာသည့် ရန်ကုန်မြို့တွင် အရေးပေါ် အခြေအနေ ကြုံရလျှင် လူနာတင်ယာဉ် မရောက် လာမီ ဝိုင်းဝန်းကူညီမည့် ပတ်ဝန်းကျင်ကောင်း မရှိပါက လူစည်ကားရာ လှည်းတန်း – အင်းစိန်လမ်းမပေါ်တွင် လဲကျသွား ခဲ့သည့် သူနာပြု ဆရာမလေးကဲ့သို့ ကူညီသူမဲ့ အခြေအနေမျိုး မည်သူမဆို ကြုံတွေ့ကြရနိုင်သည်။
လမ်းပေါ်တွင် မတော်တဆမှုကြောင့် ဒဏ်ရာရသူများကို မျက်နှာလွှဲသွား ခြင်းများသည် စိတ်ဓာတ်အခံ ကောင်းခြင်း ဆိုးခြင်းတို့နှင့် မသက်ဆိုင်ဘဲ၊ နောက်ဆက်တွဲ ဖြစ်ပေါ် လာနိုင်သည့် အခြေအနေများကို ရင်ဆိုင် ရမည့်အပေါ် ကြောက်ရွံ့ထိတ်လန့် နေခြင်းကြောင့် ပေလားဟု မေးခွန်းထုတ်ရ ပေလိမ့်မည်။