မြန်မာပြည်သည် စစ်အုပ်ချုပ်ရေးမှ ထူးခြားပြောင်မြောက်စွာ အသွင်ကူးပြောင်းနိုင်ခဲ့ပြီး တိုင်းပြည်ကို ဒီမိုကရေစီ အသွင်ကူးပြောင်းရာတွင် တိုင်းပြည်တည်ဆောက်သူ ခေါင်းဆောင်များကြား ယုံကြည်မှုတည်ဆောက်ပြီး အလုပ်တွဲလုပ်ရန် အရေးကြီးသည်ဟု ထင်မြင်ကြောင်း အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်က ယနေ့ ထုတ်ဖော်ပြောဆိုလိုက်သည်။
ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)တွင် ကျင်းပသော တိုင်းပြည်အသွင်ကူးပြောင်းမှုတွင် တိုင်းပြည်တည်ဆောက်သူများ၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွွင် အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
”ကမ္ဘာပေါ်မှာ လူတိုင်းဟာ မတူကွဲပြားတဲ့ အပေါ်မှာ သတ်ဖြတ်တိုက်ခိုက်နေကြတာကို စိတ်ကုန်နေကြပါပြီ။ ခင်ဗျားတို့ တိုင်းပြည်အရင်ကထက်ပိုပြီး ပွင့်လင်းလာပြီး ဒီမိုကရေစီလမ်းကြောင်းကိုလည်း စလျှောက်နေပါပြီ။ အားလုံးပူးပေါင်း ပြီးတော့ ဆုံးဖြတ်ချက်ချကြပါ။ အလုပ် အတူတူ လုပ်ကြပါ” ဟု ကန်သမ္မတဟောင်း ဘီလ်ကလင်တန်က ပြောဆိုသည်။
ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် မတူကွဲပြားမှုများရှိနေသော မတူညီသည့်အဖွဲ့များ ယုံကြည်မှု တည်ဆောက်နိုင်ရေးသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ တိုင်းပြည်အောင်မြင်စွာ အသွင်ကူးပြောင်းနိုင်ပါက ဒီမိုကရေစီအသီးအပွင့်ကို ခံစားရမည်မှာ ယခုပြည်သူပြည်သားများပင် ဖြစ်ကြောင်းလည်း ဆိုသေးသည်။
တိုင်းပြည် စစ်အုပ်ချုပ်ရေးမှ အသွင်ကူးပြောင်းပြီးနောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အလည်အပတ် ရောက်ရှိလာသော အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်က တိုင်းပြည် အုပ်ချုပ်ရေးတွင် တိုင်းရင်းသား ဘာသာကွဲ လူနည်းစုများ၏ ပါဝင်ပတ်သက်မှု နည်းပါးနေသေးကြောင်းနှင့် နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်ရေး၊ ပွင်းလင်းမြင်သာမှု ရှိရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း သူ၏ မိနစ် ၄၀ ခန့်ရှိသော မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
”မြန်မာပြည်ကို ခင်ဗျားတို့ စဖွင့်ကတည်းက ကမ္ဘာက ချီးမြှောက်ခဲ့ပါတယ်”ဟု ဘီလ်ကလင်တန်က ဖိတ်ကြားခံထားရသော နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးခေါင်းဆောင်များရှေ့တွင် ဆိုသည်။ ထို့နောက် “ကောင်းသတင်းမှန်သမျှ ကမ္ဘာကြီးက ချီးမြှောက်တယ်၊ ဘာသာရေး လူမျိုးရေး အခြေခံတဲ့ အကြမ်းဖက်မှု သတင်းတွေ ဖတ်ရတဲ့အခါတိုင်းမှာတော့ စိတ်ပျက်ရတယ်”ဟုလည်း ထည့်သွင်းပြောကြားသည်။
အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၏ မြန်မာပြည်ခရီးစဉ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ၁၉၉၀ ခုနှစ်များအတွင်း သူ၏ သမ္မတသက်တမ်းတွင် မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ရန် စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရတက်လာပြီးနောက် လက်ရှိ အမေရိကန်သမ္မတ အိုဘားမား၏ ပထမသက်တမ်းတွင် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတလောင်းအဖြစ် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဖြစ်နိုင်ချေများနေသော ဟီလာရီကလင်တန်က နှစ်နိုင်ငံ ပုံမှန်ဆက်ဆံရေး ပြန်စရန်နှင့် ပိတ်ဆို့မှုများ လျှော့ချရန် ဦးစီး ပြုလုပ်လာခဲ့သည်။
တရားဝင်ကြေညာချက်အရ ဘီလ်ကလင်တန်သည် သူ၏ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံကို စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေး၊ မိခင်နှင့် ကလေး ကျန်းမာရေး၊ HIV/AIDS၊ ငှက်ဖျား၊ တီဘီအစရှိသော ကျန်းမာရေး ကုသမှုနှင့် ရှာဖွေစမ်းသပ်မှုတို့တွင် ထောက်ပံ့ကူညီရန် ဖြစ်သည်။ သို့သော် ဘာသာရေး လူမျိုးရေးအခြေခံ အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်နှင့် ပြည်တွင်းစစ်ပွဲများ ရပ်တံ့ရန် လိုနေသည့် တိုင်းရင်းသားဒေသများတွင် လိုအပ်နေသော ငြိမ်းချမ်းရေးတည်ဆောက်မှုသည်လည်း ဘီလ်ကလင်တန်၏ အာရုံစိုက်မှုတစ်ခု ဖြစ်သည်။
သူ၏ မိန့်ခွန်းတွင် ဘရာဇီး မုတ်သုန်သစ်တောတွင်းမှ လူမျိုးစုများ၊ မြောက်အိုင်ယာလန် ပဋိပက္ခပြေငြိမ်းရေး၊ ရဝမ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားဖြစ်တည်မှုအစ ဇီဝဆဲလ်များအထိ ပဋိပက္ခ ဖြေရှင်းရေးကို ချဉ်းကပ်ရာတွင် အခြေခံကျသည့် လူသားဝါဒကို နက်ရှိုင်းကျယ်ပြန့်စွာ ဆွေးနွေးပြောဆိုခဲ့သည်။ ရေရှည်အရိုးစွဲပြီး ပဋိပက္ခဖြစ်နေခဲ့သော လူ့အဖွဲ့အစည်းများအတွင်းရှိ ရန်ဘက်အုပ်စုကွဲများသည် မျက်နှာချင်းဆိုင် ဆွေးနွေးပြောဆိုခြင်းဖြင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ကြောင်း စူးစိုက်စွာ တင်ပြခဲ့သည်။
အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်သည် ယမန်နေ့က သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့နှင့် နေပြည်တော်သို့ သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နေအိမ်သို့သွားရောက်တွေ့ဆုံခဲ့သည်။
ယနေ့ မနက်ပိုင်းတွင်လည်း ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်များ အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍမှ ကိုယ်စားလှယ်များကို သီးခြားစီ တွေ့ဆုံခဲ့သည်။