အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေး ၂ ဦးကို ပြန်လွှတ်ပေး
This article has been converted from Zawgyi One to Unicode
အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေး ၂ ဦးဖြစ်သော နိုင်ငံတော် ပုန်ကန်မှုဖြင့် သေဒဏ်ကျခံ နေရသည့် ကိုကျော်နေဝင်း နှင့် ကိုအေးနေဝင်း တို့သည် အင်းစိန် အကျဉ်းထောင်မှ ယနေ့ ပြန်လည် လွတ်မြောက် လာကြောင်း သတင်း ရရှိသည်။
“ကျော်နေဝင်းနဲ့ အေးနေဝင်းရယ်၊ သူတို့ ၂ ယောက်အပြင် သူတို့ရဲ့ အမှုတွဲ ဘိုးတော် စကြာအောင်ပွင့်ခေါင်လည်း လွတ် လာ တယ်”ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP) (ရန်ကုန်အခြေစိုက်)မှ ကိုကျော်စိုး က ဧရာဝတီ ကို ပြောသည်။
၎င်းတို့၏ မိသားစုနှင့် နီးစပ်သူ ကိုကျော်သူရ ကလည်း အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသော ကိုကျော်နေဝင်း နှင့် ကိုအေးနေဝင်း တို့ ၂ ဦး နေအိမ်သို့ ကောင်းမွန်စွာ ရောက်ရှိပြီဖြစ်ကြောင်း၊ ဘိုးတော် စကြာ အောင်ပွင့်ခေါင်သည် လည်း သာယာဝတီ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာကြောင်း ဧရာဝတီကို ပြောသည်။
သမ္မတ ဦးသိန်းစိန်ထံသို့ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေး ကော်မတီက စိစစ်တင်ပြခဲ့ပြီးနောက် အကျဉ်းသား ၆၉ ဦး ကို ယနေ့ ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပြုရာမှ ဦးနေဝင်း၏ မြေး ၂ ဦးလည်း လွတ်မြောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ကိုအေးနေဝင်းနှင့် ကိုကျော်နေဝင်းတို့ ၂ ဦးသည် အဘိုးဖြစ်သည့် ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေဝင်း၊ မိခင် ဒေါ်စန္ဒာဝင်း၊ ဖခင် ဦးအေးဇော်ဝင်း၊ ညီအစ်ကို တဦးဖြစ်သည့် ကိုဇွဲနေဝင်း တို့နှင့်အတူ စစ် အစိုးရ ခေါင်းဆောင်များက ဖမ်းဆီး၍ နိုင်ငံတော် အာဏာသိမ်းရန် ကြံစည်သည် ဆိုသော နိုင်ငံတော် ပုန်ကန်မှုဖြင့် ၂၀၀၂ ခုနှစ်က ဖမ်းဆီးခဲ့သည်။
ထိုစဉ်က ဒေါ်စန္ဒာဝင်းနှင့် ဦးနေဝင်းတို့ကို နေအိမ် အကျယ်ချုပ် ချမှတ်ခဲ့ပြီး ဦးအေးဇော်ဝင်း၊ ကိုဇွဲနေဝင်း၊ ကိုအေးနေဝင်း၊ ကိုကျော်နေဝင်းတို့သည် သေဒဏ် အပြစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် နောက်ပိုင်းတွင် သေဒဏ်မှ တသက်တကျွန်းသို့ ယခင် စစ်အစိုးရက ပြစ်ဒဏ်ပြောင်းလဲ သတ်မှတ်ခဲ့သည်။
နေအိမ် အကျယ်ချုပ် ကျခံနေရစဉ် ဦးနေဝင်းသည် ၂ဝဝ၂ ခုနှစ် ဒီဇင်ဘာလ (၅) ရက် နံနက် ၇ နာရီခွဲခန့်တွင် ရန်ကုန်မြို့ အေဒီလမ်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ရှိပြီ ဖြစ်သည်။
ဒေါ်စန္ဒာဝင်းသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ခဲ့ပြီး ဦးအေးဇော် ဝင်း နှင့် ကိုဇွဲနေဝင်း တို့သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလက သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ် မြောက်ခဲ့သည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် တလျှောက် ဒေါ်စန္ဒာဝင်းသည် တပ်တွင်း ဗိုလ်မှူးကြီး ရာထူးဖြင့် တာဝန်ထမ်းဆောင် စဉ် နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။ ဒေါ်စန္ဒာဝင်းနှင့်အတူ သားများသည်လည်း ရမ်းကားမှုများဖြင့် နာမည်ဆိုး ထွက် ခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံ အကျဉ်းထောင်များထဲတွင် ထောင်ဒဏ် ကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း အနည်း ဆုံး ၆၀ ကျော်နှင့် အမှုရင်ဆိုင်နေရဆဲ ၂၆၅ ဦး ကျန်ရှိနေဆဲဖြစ်ကြောင်း AAPP တွဲဖက် အထွေထွေအတွင်းရေး မှူး ဦးဘိုကြည်က ပြောသည်။
“ဒီနေ့ လွှတ်ပေးတာက နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပြီးလွှတ်ပေးတာမျိုးတော့ မဟုတ်သေးဘူးထင်တယ်။ ဒါ ကတော့ အစိုးရဘက်က ဆက်ပြီး လုပ်ပေးဖို့ လိုတယ်။ ကျနော်တို့ကတော့ နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ် ပြုပြီး ခြွင်းချက်မရှိ ပြန်လွှတ်ပေးတာမျိုးကို လိုလားပါတယ်”ဟု သူက ပြောသည်။
လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှပါဝင်ကြောင်း သိရသော်လည်း မြောက် ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု သတင်းပေါက်ကြားသည်ဟု စွပ်စွဲကာ ဖမ်းဆီးထောင်ချထားသည့် ဗိုလ်မှူးဟောင်း ဝင်းနိုင် ကျော်နှင့်အခြား လူများ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။
သမ္မတရုံး၏ ယနေ့ လွတ်ငြိမ်းခွင့် အမိန့်ကြေညာချက်တွင်“ဆက်လက်၍လည်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မကုန်မီ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြစ်ဒဏ်မှ လွတ်ငြိမ်း ချမ်းသာခွင့်ပြုနိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော် မတီက ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်”ဟု ဖော်ပြသည်။
“နောက်ထပ် လွတ်ငြိမ်းခွင့်ပေးရင် အမှုရင်ဆိုင်နေဆဲ လူတွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုမယ်”ဟုလည်း ဦးဘိုကြည် က ပြောဆိုသည်။