မြန်မာစာပေ သမိုင်းတွင် အရေးပါသည့် မြန်မာ-အင်္ဂလိပ် အဘိဓာန်ကို အစောဆုံးပြုစုခဲ့သူ ဆရာယုဒသန် မြန်မာပြည်သို့ ရောက်ရှိခဲ့သည်မှာ ယခုနှစ်တွင် နှစ်ပေါင်း ၂၀၀ တင်းတင်း ပြည့်ပြီဖြစ်သောကြောင့် လာမည့် ဒီဇင်ဘာတွင် အခမ်းအနားများ ကျင်းပမည်ဟု သိရသည်။
ဆရာယုဒသန်သည် အဘိဓာန် ပြုစုခဲ့ခြင်း သာမက အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ၌ စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုရာတွင် လည်း ဘာသာပြန်အဖြစ် ဝင်ရောက် ဆောင်ရွက်ပေးခဲ့သလို၊ မြန်မာနိုင်ငံ၌ နှစ်ခြင်း ခရစ်ယာန်သာသနာ (Baptist) ကို စတင် မျိုးစေ့ ချခဲ့သူလည်း ဖြစ်၏။
ထို့အတွက် ဆရာယုဒသန်၏ ကျေးဇူးကို အောက်မေ့ခြင်း အားဖြင့် လာမည့် ဒီဇင်ဘလ ၅ ရက်နေ့မှ စတင်ကာ ၈ ရက် နေ့တိုင် မြန်မာနိုင်ငံ နှစ်ခြင်း အသင်းချုပ်က နှစ် ၂၀၀ ပြည့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ အလုံမြို့နယ် ဧရာဝတီ ပိုးကရင် ကွင်းတွင် လူနှစ်သောင်းခန့်ဖြင့် ကျေးဇူးတော် ချီးမွမ်းခြင်းများ၊ ဓမ္မပြဇာတ်များနှင့် စည်ကားစွာ ကျင်းပ ပြုလုပ်သွားမည်ဟု ဂျပ်ဆင် ဘုရားကျောင်း အကြီးအကဲ သင်းအုပ်ဆရာ အာသာကိုလေးက ဆိုသည်။
အမေရိကန် လူမျိုး ဆရာ ယုဒသန်သည် နှစ်ခြင်းသာသနာပြုရန် ၁၈၁၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မဒရပ် မြို့မှ သင်္ဘောဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်းဖြစ်၏။
အမည်အရင်းမှာ ဒေါက်တာ အဒိုနီရမ် ဂျပ်ဆင် (Dr Adoniram Judson) ဖြစ်သော်လည်း မြန်မာတို့က “ဂျပ်ဆင်” ကို အသံဖလှယ်ပြီး ခေါ်ဆိုရာမှ ယုဒသန်ဟု အမည်တွင်လာခြင်း ဖြစ်သည်။
သူ၏ မူလ ရည်မှန်းချက်မှာ ဗြိတိသျှ ကိုလိုနီ အိန္ဒိယ နိုင်ငံတွင် သာသာနာပြုရန် ဖြစ်သော်လည်း အမေရိကန်နှင့် ဗြိတိသျှတို့ ဆက်ဆံရေး မပြေလည်သည့် ကာလဖြစ်သည့်အတွက် အိန္ဒိယ အာဏာပိုင်တို့က လက်မခံခဲ့ရာမှ မြန်မာနိုင်ငံသို့ ရောက်ရှိ လာခြင်း ဖြစ်၏။
ဆရာယုဒသန် အိန္ဒိယမှ ထွက်ခွာလာချိန်သည် လှိုင်းလေ ပြင်းထန်သည့် မိုးတွင်းကာလ ဖြစ်ပြီး ဇနီးသည် မမယုဒသန် (Ann) ကိုပါ တပါတည်းခေါ် ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ယင်းအချိန်သည် မြန်မာနိုင်ငံ၌ ကုန်းဘောင် မင်းဆက်၏ ဘုန်းတန်ခိုး အမြင့်ဆုံးအချိန်ဟု ဆိုရမည့် ဘိုးတော်ဘုရား (ဗဒုံမင်း) အုပ်ချုပ်နေချိန် ဖြစ်သကဲ့သို့ အင်္ဂလိပ်နယ်ချဲ့ ကလည်း မြန်မာနိုင်ငံကို စောင့်ကြည့်နေချိန်လည်း ဖြစ်သည်။
ဗုဒ္ဓဘာသာ ကိုးကွယ်ပြီး ဘာသာစကား မတူသည့် မြန်မာပြည်တွင် သာသနာ ပြုရန်မှာ လွယ်ကူမည်မဟုတ်ကြောင်း ဆရာ ယုဒသန် နားလည်သည်၊ ထိုကြောင့်လည်း လင်မယား နှစ်ယောက်စလုံး မြန်မာစာပေနှင့် စကား တတ်ကျွမ်းရန် အထူးကြိုး စား လေ့လာကြသည်။
မနက်တွင် အိမ်မှထွက်ပြီး ရန်ကုန်မြို့ထဲသို့ သွားရောက်ကာ တွေ့ရာကို လက်ညှိုးထိုး၍ မြန်မာတို့အား မေးမြန်းပြီး မှတ် သား၏၊ အတော်အတန် တတ်ကျွမ်းလာသည့် အခါ အင်္ဂလိပ်စကားကို လုံးဝနီးပါး စွန့်လွတ်၍ မြန်မာလို တွေးနိုင်၊ ပြောနိုင် အောင် ကြိုးစားတော့သည်။
သုံးနှစ်ခန့် ကြာသော် မြန်မာသဒ္ဒါကျမ်း တစောင် ပြုစုနိုင်ခဲ့ရုံသာမက ပါဠိ စကားလုံးပေါင်း လေးထောင်ခန့် စုဆောင်းမိသည် အထိ တတ်ကျွမ်း လာလေသည်။
တဖန် ထိုစကားလုံးများကို အက္ခရာ ဝလီစဉ်ပြီး ပါဠိ – မြန်မာ အဘိဓာန်နှင့် မြန်မာ – အင်္ဂလိပ် အဘိဓာန်ကို ဆက်လက်ပြုစု သည်၊ ၁၈၁၇ ခုနှစ်တွင် သမ္မာကျမ်းစာ၏ ဓမ္မသစ် ပထမဦးဆုံး အခန်းဖြစ်သော ရှင်မဿဲ ခရစ်ဝင် ကျမ်းကိုပင် မြန်မာ ဘာသာသို့ ပြန်ဆိုပြီး ဖြစ်လေသည်။
ဆရာယုဒသန်သည် မြန်မာဘာသာဖြင့် တရားဟောနိုင်လောက်ပြီဟု ယူဆကာ ပထမဦးစွာ တရားဇရပ် များသို့ သွားရောက် ပြီး ဓမ္မ ကထိကများ၏ ဟောကြားချက်များကို မြန်မာများနှင့် အတူ နာယူပြီး အတုယူ၏။
နောက်ပိုင်းတွင် ရွှေတိဂုံဘုရားခြေရင်း လူအသွားအလာ များသည့်နေရာတွင် ဇရပ် တဆောင် ဆောက်လုပ်ကာ ခရီးသွားများ ကို ဧဝံဂေလိ တရားနာရန် ဖိတ်ခေါ်သည့်အပြင် တဘက်မှလည်း ကလေးသူငယ်များကို သင်ပုန်းကြီး တချပ်ဖြင့် စာသင် ပေးခဲ့သည်။
၁၈၁၉ ခုနှစ် ဇွန်လ ရန်ကုန်မြို့ ရောက်ပြီး ၆ နှစ်အကြာတွင် မြန်မာလူမျိုးထဲမှ “ဦးနော” ဆိုသူက ပထမဆုံး နှစ်ခြင်းခရစ်ယာန် ဘာသာဝင် အဖြစ် ခံယူလေသည်။
ဦးနောနှင့် အမေရိကန် နှစ်ခြင်းခရစ်ယာန် အမှုဆောင်များ ပွဲတော် အတူစားသော နေ့သည် သူ့ဘဝတွင် အပျော်ဆုံးနေ့ ဖြစ်ကြောင်း ဆရာယုဒသန်က ဆိုလေသည်။
ယခုတိုင် ရန်ကုန်မြို့ လသာမြို့နယ် စဉ့်အိုးတန်း လမ်းထိပ်တွင် ဦးနော ကို အမှတ်ရသည့် အနေဖြင့် “ဦးနော” နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း တည်ထားသည်။
၁၈၁၉ ခုနှစ် ဇွန်လတွင် ဘိုးတော်ဘုရား (ဗဒုံမင်း) နတ်ရွာစံ၏၊ မြေးတော် စစ်ကိုင်းမင်း “ဘကြီးတော်ဘုရား” နန်းတက်သည်။
ဆရာယုဒသန်နှင့် တခြားသော သာသနာပြုတဦး သွားရောက် ဖူးမျှော်ခဲ့ပြီး ၁၈၂၂ ခုနှစ် ဘကြီးတော်ဘုရား၏ ရှေ့တွင် တရားဟောပြောခွင့် ရရှိလေသည်။
ဘုရင်က အင်း၀ နေပြည်တော်တွင် နေထိုင်ခွင့်ပေးခဲ့ရာ နန်းတွင်သို့ပါ ဝင်ထွက်ခွင့်ရလာပြီး မြဝတီမင်းကြီး ဦးစ၊ မက္ခရာ မင်းသားကြီး၊ ခဲပေါင်မြို့စား ဦးရွှေလူ စသည့် မြန်မာပညာရှိများဖြင့် ရင်းနှီးကျွမ်းဝင်ကာ ဘာသာရေး အသိအမြင်များ ဖလှယ်ခွင့် ပိုမိုရရှိလာ၏။
ထိုစဉ်က ဓားထက်ခဲ့သည့် နန်းမတော်မယ်နုတို့ မောင်နှမနှင့် သာယာဝတီ မင်းသားအကြားရှိ နန်းတွင်းရေး အရှုပ်တော် ပုံများကိုလည်း ဆရာယုဒသန် ကောင်းစွာ သိခွင့်ရခဲ့သည်။
သို့သာ် ၁၈၂၄ ခုနှစ် အင်္ဂလိပ် – မြန်မာ ပထမစစ် ဖြစ်ပွားသည့်အခါ နိုင်ငံခြားသားများဖြစ်သည့် ဆရာယုဒသန်၊ ဒေါက်တာ ပရိုက် (စ) တို့ ဖမ်းဆီးခြင်း ခံရပြီး အင်းဝလက်မရွံ့ ထောင်တွင် ၁၁ လခန့် ချုပ်နှောင်ခံခဲ့ရသည်။
မရေရာသည့် အချုပ်အနှောင် ကာလအတွင်း သမ္မာကျမ်းစာကို ၎င်း၏ခေါင်းအုံးအဖြစ် အသုံးပြုသည့် ဝါးပိုးဝါး အတွင်း ထည့်သွင်းကာ မပြတ်ဖတ်ရှုလေ့လာခဲ့ပြီး ထောင်ကို မီးဘေးသင့်သည့်အခါ သမ္မာကျမ်းစာ ထည့်သွင်းထားသည့် ဝါးပိုးဝါးမှာ မီးမလောင်ဘဲ ကျန်နေခဲ့သည်ဟု မှတ်သားရဖူးသည်။
၁၈၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ခဲပေါင်မြို့စား ဦးရွှေလူ၏ အကူအညီဖြင့် ဆရာယုဒသန် ပြန်လည်လွတ်မြောက် လာရာ အင်္ဂလိပ် – မြန်မာ စစ်ပြေငြိမ်းရေး ရန္တပို စာချုပ် ချုပ်ဆိုရာတွင် ဘာသာပြန်သူအဖြစ် ဝင်ရောက်ဆောင်ရွက် ပေးရပြန်၏။
၁၈၂၆ ခုနှစ် အင်္ဂလိပ် – မြန်မာစစ်ပွဲပြီးဆုံးချိန် ဆရာယုဒသန် ပြုစုသည့် မြန်မာ – အင်္ဂလိပ် အဘိဓာန် (A Dictionary of the Burmese Language with explanations in English, Calculta, Baptist Mission Press 1826) ကို အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ဘက်ပတစ် သာသနာပြု ပုံနိုပ်တိုက်မှ ပုံနိုပ်ထုတ်ဝေခဲ့သည်။
မြန်မာ- အင်္ဂလိပ် အဘိဓာန်ကျမ်းများထဲတွင် အစောဆုံးဟု ဆိုသော်လည်း ဆရာယုဒသန်ကမူ ပြည်စုံခြင်းမရှိဟု ယူဆ၏။
ထိုနှစ်မှာပင် အင်းဝနေပြည်တော်မှ အင်္ဂလပ်ပိုင် ကျိုက္ခမီနှင့် မော်လမြိုင်မြို့များသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး မပြီးဆုံးသေးသည့် ဓမ္မဟောင်း၊ ဓမ္မသစ် ကျမ်းများ ဘာသာပြန်ခြင်း၊ အဘိဓာန် ဆက်လက် ပြုစုခြင်း လုပ်ငန်းများကို မနားမနေ လုပ်ကိုင်ခဲ့၏။
၁၈၄၉ ခုနှစ်တွင် မြန်မာစာပေ သမိုင်းတွင် ဒုတိယ အစောဆုံးဟု ဆိုရမည့် အင်္ဂလိပ်- မြန်မာ အဘိဓာန်ကို ဆက်လက် ထုတ်ဝေနိုင်ခဲ့သည်။
ပထမဆုံး အင်္ဂလိပ် – မြန်မာ အဘိဓာန်မှာ ၁၈၄၁ ခုနှစ် မက္ခရာမင်းသားကြီးနှင့် ဗြိတိသျှကုန်သည်ကြီး ချားလ်လိန်းတို့ တွဲဖက် ပြုစုခဲ့သည့် အဘိဓာန်ဖြစ်၏။
၁၈၅၀ ခုနှစ်တွင်မူ နာမကျန်းဖြစ်လာရာ ပင်လယ်လေ ရှူရှိုက်ရန် လိုအပ်သည့်အတွက် ခရီးထွက်ခွာရင်း သင်္ဘောပေါ်တွင် ကွယ်လွန် သွားသည့်အတွက် ပင်လယ်ထဲတွင် သင်္ဂြိုဟ်ခဲ့ရသည်။
ဆရာယုဒသန်ကို အမှတ်တရ ဂုဏ်ပြုသည့်အနေဖြင့် နှစ်ခြင်းသာသနာပြုများက ဂျပ်ဆင်ကောလိပ်နှင့် ဂျပ်ဆင်ဘုရား ကျောင်းကို တည်ထားခဲ့ပြီး ယနေ့တိုင် ရန်ကုန်တက္ကသိုလ် ဝန်းအတွင်း ခန့်ညားထည်ဝါစွာ တည်ရှိသည်။
ဆရာယုဒသန် အကျဉ်းကျ ခံခဲ့ရသည့် အင်းဝ လက်မရွံ့ထောင် နေရာတွင်လည်း အမှတ်တရ အဖြစ် ယုဒသန် ကျောက်တုံး အမည်ရှိ ကျောက်တုံးကြီး တတုံး ထားရှိကာ ကဗ္ဗည်း အက္ခရာ ထိုး၍ ထားရှိဖူးသည်။
မည်သို့ပင်ဆိုစေကာမူ ဆရာယုဒသန်သည် မြန်မာစာပေသမိုင်းတွင် အရေးပါသည် မြန်မာ- အင်္ဂလိပ်၊ အင်္ဂလိပ်- မြန်မာ အဘိဓာန်ကြီးများနှင့် သမ္မာကျမ်းစာကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့သူဖြစ်လေသည်။