မြန်မာ့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၆ ဖွဲ့မှ ဦးဆောင်၍ မြန်မာလူထု ဖိုရမ်ကို လာမည့် ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်နေ့ အထိ ရန်ကုန်မြို့ မြန်မာ ကွန်ဗင်းရှင်း စင်တာတွင် ကျင်းပသွားမည်ဟု သိရသည်။
ဖိုရမ် ကျင်းပရန်အတွက်လည်း သက်ဆိုင်ရာ၏ သဘောတူ ခွင့်ပြုချက် ရရှိပြီးဖြစ်သည်ဟု မြန်မာ လူထု ဖိုရမ် ကျင်းပရေး ကော် မတီမှ ကိုကျော်လင်းဦး က ပြောသည်။ ယနေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့ ဝိုင်အမ်စီအေ ခန်းမ၌ ပြုလုပ်သည့် သတင်းစာ ရှင်း လင်းပွဲတွင် ပြောဆိုခြင်း ဖြစ်သည်။
မြန်မာ လူထု ဖိုရမ်ကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၄ ခုနှစ် အာဆီယံ လူထု ဖိုရမ်အကြို ကျင်းပခြင်း ဖြစ်သည် ဟုလည်း သိရသည်။
ယခု ကျင်းပမည့် ဖိုရမ်၌ ၂၀၁၄ ခုနှစ် အာဆီယံ လူထု ဖိုရမ်တွင် ပါဝင်ဆွေးနွေးနိုင်သည့် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့် အရေး၊ ဖွံ့ဖြိုး တိုးတက်မှု၊ ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရေး စိန်ခေါ်မှု စသည့် ခေါင်းစဉ်ကြီး လေးရပ် ထားရှိကာ ပညာရှင်များက ထည့်သွင်း ဆွေးနွေးမည်ဟု ဆိုသည်။
ထို့အပြင် အသေးစားငွေကြေး လုပ်ငန်းများအကြောင်း၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသမီးများ၏
ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွင် ပါဝင်သက်ရောက်မှု အခန်းကဏ္ဍ၊ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာများကို ဆွေးနွေးသွားရန်လည်း ရှိကြောင်း ကိုကျော်လင်းဦးက ပြောပြသည်။
“အာဆီယံဖိုရမ် မတိုင်ခင်မှာ ဒေသတွင်း စိန်ခေါ်မှုတွေ၊ ပြဿနာတွေကို မြန်မာ လူထုဖိုရမ် ကနေ ကြိုတင်ပြီးတော့ ဆွေးနွေးကြ မယ့် သဘောပဲ”ဟု ၎င်းက ဆိုသည်။
မြန်မာ လူထု ဖိုရမ်တွင် သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ၊ လွှတ်တော် ဥက္ကဌ နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို တက်ရောက်နိုင်ရန် ဖိတ်ကြား သွားမည် ဖြစ်သော်လည်း ဖိုရမ်တွင် ဝင်ရောက်ဆွေးနွေးရန် အတွက်ကိုမူ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပညာရှင် များကသာ ဦးဆောင်မည်ဖြစ်ပြီး အစိုးရအဖွဲ့အစည်းများ ပါဝင်ဆွေးနွေးခွင့် မရှိကြောင်း သိရသည်။
ဖိုရမ်တွင် ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာသည့် ရလဒ်များကို နိုင်ငံတော် သမ္မတရုံး၊ လွှတ်တော်ရုံးများသို့ ပေးပို့သွားမည်ဖြစ်ပြီး ယင်းရလဒ်များ ဆောင်ရွက်ခြင်းရှိမရှိ သုံးသပ်မှုများကိုလည်း ဆက်လက် လုပ်ဆောင်နေမည်ဖြစ်သည်ဟု မြန်မာ လူထု ဖိုရမ် ကျင်းပရေး ကော်မတီက ပြောသည်။
ဆက်လက်၍ ကိုကျော်လင်းဦး က “အာဆီယံ လူထုဖိုရမ်မှာလည်း မြန်မာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပါဝင်ဆွေးနွေးခွင့် ရအောင် ကြိုးစားဖို့တော့ ရှိတယ်၊ အရပ်ဘက် အဖွဲ့အစည်းတွေက အခုချိန်အထိ တရားဝင် အသင်းအဖွဲ့တွေ မဟုတ်သေးပေမယ့် သက်ဆိုင်ရာ ဘက်ကတော့ ဘာမှ ပြောတာမရှိပါဘူး”ဟု ပြောဆိုသည်။
ဖိုရမ် မကျင်းပခင် အလုပ်ရုံ ဆွေးနွေးပွဲများကို တိုင်းနှင့်ပြည်နယ် ၉ ခုရှိ မြို့ကြီးများတွင်လည်း ပြုလုပ်ပြီး ဖြစ်ကာ စစ်တွေ၊ ဟားခါး၊ လွိုင်ကော်၊ ပြည်နှင့် မကွေးမြို့များတွင် ဒီဇင်ဘာလ မတိုင်ခင် အပြီးကျင်းပရန် စီစဉ်နေကြောင်းလည်း သိရသည်။
မြန်မာ လူထုဖိုရမ် တက်ရောက်ရန်အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေနှင့် တဦးလျှင် ဝင်ကြေး ၁၀၀၀ ကျပ်၊ အင်န်ဂျီအို များက ဝင်ကြေး ၃၀၀၀ ကျပ်၊ နိုင်ငံတကာ အဖွဲ့အစည်းများ က ဝင်ကြေး ၁၀၀၀၀ ကျပ်နှင့် သံရုံးများ က ဝင်ကြေး ၁၅၀၀၀ ကျပ်ဖြင့် ပါဝင် တက်ရောက် နိုင်မည်ဟု သိရသည်။
ဖိုရမ် ကျင်းပရေးအတွက် Oxfam foundation မှ အမေရိကန် ဒေါ်လာ၂ သောင်းကျော်နှင့် Open Society International မှ အမေရိကန် ဒေါ်လာ ၉ သောင်း ထောက်ပံ့ပေးထားကြောင်း ကိုကျော်လင်းဦးက ပြောဆိုသည်။