စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဒေသ မိုးကြိုးပြင် ကျေးရွာအနီး ဒေသ ခံ ဆန္ဒပြသူများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအကြား ယမန်နေ့ညပိုင်းက ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့ရာ ဒေသခံ ရွာသား ၇ ဦး သေနတ် ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
“နောက်ဆုံး အခြေအနေက အခု သေနတ်ဒဏ်ရာ ရသွားတာ ၇ ဦးပေါ့။ ၂ ယောက်က ရင်ဘတ် ထိတယ်။ တယောက် က လက်မောင်း ထိတယ်။ ကျန်တဲ့ ၄ ယောက်ကတော့ ခြေထောက်နဲ့ ခြေသလုံးနဲ့ပဲ ထိကြတာ”ဟု ဒေသခံ ရွာသား ကိုဇော်ဝင်းသန်း က ဧရာဝတီကို ပြောသည်။
သေနတ် ဒဏ်ရာရသွားသူ ရွာသား ၇ ဦးအနက် ၂ ဦးဖြစ်သည့် စိုးပြည့်အောင်နှင့် ဖိုးစည် တို့သည် ရင်အုံကို သေနတ် ဒဏ် ရာ ထိမှန်ပြီး စိုးရိမ်ရသည့် အခြေအနေ ရှိကြောင်းလည်း သူက ဆက်ပြောသည်။
“ကျည်ဆန်က ရာဘာကျည်ဆန် ဆိုတော့ အထဲကိုတော့ ဖောက်ဝင် မသွားဘူး၊ သွေးထွက်တာတော့ ရှိနေတယ်”ဟု ကိုဇော်ဝင်းသန်း က ပြောပြသည်။
သေနတ်ဒဏ်ရာ ရသူများကို ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသရန် အတွက် စေတနာရှင် တချို့က အကူအညီ ပေးလိုသော် လည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ရွာတွင်း၌သာ နေသည်ဟုလည်း ဆိုသည်။
“သူတို့ က အာဏာပိုင်ဘက်က ဖမ်းဆီးမှာ ကြောက်တဲ့အတွက် ဒီမှာပဲ ဆေးမြီးတိုနဲ့ ကုမယ်တဲ့။ နောက်တယောက် က လည်း ဒီမှာ ဆေးကုရင်းနဲ့ပဲ အသေခံမယ်တဲ့။ သူတို့ ဖမ်းတာ ခံရပြီး စစ်ဆေးမေးမြန်းတာ မခံနိုင်ဘူးတဲ့”ဟု ကိုဇော်ဝင်းသန်း က ပြောသည်။
ယမန်နေ့ည ၇ နာရီ ခွဲခန့်က ရဲ အင်အား အပြည့်ဖြင့် ကားတစီး မိုးကြိုးပြင် ရွာတွင်းသို့ ဝင်လာကြောင်း၊ ရွာရှိ လုံခြုံရေး ယူ ထားသူများက ဝါးလုံးဖြင့် တားဆီးခဲ့၍ ပြန်လည် ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။
ည ၈ နာရီ ခန့်တွင် ဝမ်ပေါင် စက်ရုံဝင်းအတွင်း လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ရဲ အင်အား ၅၀၀ နီးပါး ခေါ် ဆောင်လာသော ကား ၁၇ စီးဖြင့် ပြန်လည် ရောက်ရှိလာကြောင်း၊ ကားပေါ်မှ ဆင်းလာသော ရဲ တပ်ဖွဲ့ဝင်များက လောက် လေးခွဖြင့် ရွာသားများကို စတင်ပစ်ခတ်မှု ပြုလုပ်ကြောင်းလည်း ကိုဇော်ဝင်းသန်း က ရှင်းပြသည်။
“ပြီးတော့ ကျနော်တို့ ဒေသခံတွေကို စပြီး သေနတ်နဲ့ ပစ်တာပဲ၊ အားလုံး သေနတ် ၃၅ ချက်လောက် ပစ်တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
သို့သော် အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနမှ လက်ပံတောင်းကိစ္စ ဖြစ်ရပ်မှန်ဆိုသည့် ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ယမန်နေ့ ညက ဒေသခံရွာသားများနှင့် ပဋိပက္ခအတွင်း ရွာသားများ၏ လေးခွ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်၍ ရဲ တပ်ဖွဲ့ဝင် ၉ ဦး ဒဏ်ရာရကာ မော်တော်ယာဉ် ၂ စီးနှင့် လေကာမှန်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
ည ၇ နာရီခွဲခန့်တွင် အင်ကြင်းတောင် သပိတ်စခန်းသို့ မိုးကြိုးပြင်ရွာမှ သွားရာလမ်း ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင် အမှတ် (၄၄၀/၄) ၌ လုံခြုံရေး တာဝန် ထမ်းဆောင်နေသော ရဲမှူး ဇော်ဝင်းအောင် ဦးစီး အဖွဲ့အား မိုးကြိုးပြင် ကျေးရွာမှ ရွာသူရွာသား ၁၅၀ ခန့်က လေးခွများ၊ ကျောက်ခဲများဖြင့် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့က ပြန်လည်သတိပေး ပစ်ခတ်မှသာ ဆုတ်ခွာသွားခဲ့သည်ဟုလည်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။
ထို့အပြင် ရဲတပ်ဖွဲ့မှ ကားနှစ်စီးမှာလည်း ရှေ့လေကာမှန်ကွဲခြင်း၊ နောက် ကြည့်မှန်များ ကွဲခြင်း ဖြစ်ပွားခဲ့ကြောင်း၊ ဒဏ်ရာ ရရှိသူ ရဲတပ်ဖွဲ့ဝင်များအား မုံရွာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသပေးလျက် ရှိကြောင်း သိရှိရသည်ဟု ဆက်လက် ဖော်ပြထားသည်။
အဆိုပါ ပဋိပက္ခဖြစ်ပွားသည့် အခင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး အစိုးရ သတင်းထုတ်ပြန်ချက်နှင့် ဒေသခံ ရွာသားများ အကြား ကွဲလွဲနေသည်။
အင်ကြင်းတောင် သပိတ်စခန်းရှိ သံဃာတော်များအား ဆွမ်းပို့ရန်နှင့် ဝေယျာဝစ္စများ ပြုလုပ်ရန်အတွက် ဒေသခံများက သွား ရောက်ရာတွင် မိုးကြိုးပြင် တောင် ရွာထိပ်တွင် ဒေသခံ ရွာသားများ၏ ယာမြေများကို ဖြတ်သန်းသွားခွင့် မပြုကြောင်း ကန့်သတ်ရာက ပဋိပက္ခဖြစ်ပွားခဲ့သည်ဟု သိရသည်။
“ကာလုံ ဝန်ကြီး ဦးကြည်နိုင်က ကျနော်တို့ ရွာတွေကို တရားမဝင် ရွာတွေဖြစ်တယ်၊ အချိန်မရွေး ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက် တာတွေ လုပ်ခဲ့တယ်”ဟု ကိုဇော်ဝင်းသန်းက ပြောသည်။
ဝန်ကြီး ဦးကြည်နိုင်အား မေးမြန်းရန် အတွက် ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ အဆက်အသွယ် မရရှိခဲ့ပေ။
မိုးကြိုးပြင် ကျေးရွာရှိ ဘိုးဘွားပိုင် လုပ်ကိုင် စားသောက်နေကြသည့် ယာမြေ ဧက ၁၂၀၀ ကျော်အား ဖြတ်သန်း သွားလာခွင့် ကို လွန်ခဲ့သည့် နိုဝင်ဘာ ၁၂ ရက်က တားမြစ် ပိတ်ပင်လိုက်၍ ဒေသခံများ၏ ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ သည်။
ယခု သတင်း ရေးသားနေသည့် အချိန်အထိလည်း ဒေသခံများက ကန့်ကွက်ဆန္ဒပြမှုများ ဆက်လက် လုပ်ဆောင်နေရာ အဓိ က တောင်းဆိုချက် ၅ ခုကို တောင်းဆိုနေကြသည်။
“ရဲကင်းများ ဖယ်ရှားပေးရေး၊ မတရား ဖမ်းဆီးခံထားရသူတွေ ချက်ချင်းလွှတ်၊ အကြမ်းဖက် ပစ်ခတ်မှုတွေ ချက်ချင်းရပ်၊ ပြည် သူ့ ရဲ ပီပီ ပြည်သူ့ဘက်က ရပ်တည်ပေး၊ ရဲနဲ့ ပြည်သူ ရန်တိုက်ပေးနေတဲ့ ဦးပိုင်၊ ဝမ်ပေါင် အလိုမရှိ ဆိုတဲ့ အဲဒီ ၅ ချက် တောင်း ဆိုနေတာပါ”ဟု ကိုဇော်ဝင်းသန်းက ပြောပြသည်။
လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဒေသခံများ၏ ဆန္ဒသပိတ်စခန်းကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၉ ရက်က လုံခြုံရေး ရဲတပ်ဖွဲ့များက မီးလောင်စေတတ်သည့် ဗုံးများသုံး၍ အကြမ်းဖက်ဖြိုခွင်းခဲ့သောကြောင့် သံဃာတော်တချို့နှင့် ဒေသခံ တချို့ မီးလောင် ဒဏ်ရာများ ရခဲ့ကြသည်။
ယင်းစီမံကိန်းကို တရုတ် ဝမ်ပေါင် ကုမ္ပဏီနှင့် စစ်တပ်ပိုင် ဦးပိုင် လီမိတက် ကုမ္ပဏီတို့ ပူးပေါင်း လုပ်ကိုင်နေခြင်း ဖြစ်သည်။