ဒီမိုကရေစီ ဖော်ဆောင်မှုဆိုတာ ကမ္ဘာနဲ့တဝန်း ဖြစ်ပေါ်နေတဲ့ လှုပ်ရှားမှုတခုပါပ။ဲ ဒါပေမယ့် ဒီဖြစ်စဉ်ကြီး စတင်လာရာ နေရာကိုကြည့်ရင် တကမ္ဘာလုံး အတိုင်းအတာ၊ တနည်းအားဖြင့် ယူနီဗာဆယ် သဘောနဲ့ဖြစ်စေ၊ တညီတညွတ်တည်း အောင်အောင်မြင်မြင်နဲ့ ဖြစ်စေ ပေါ်ပေါက်လာတာမျိုးတော့ မဟုတ်ဘူး။ တချို့ အာဏာရှင်၊ ဒါမှမဟုတ်၊ ဒီမိုကရေစီတပိုင်း နိုင်ငံတွေမှာ ဒီမိုကရေစီ လှုပ်ရှားမှုကြီးရဲ့ ဂယက်ရိုက်မှုကို ထိတွေ့ခံစားရတာမျိုး ရှိချင်မှတောင် ရှိမယ်။ အချို့ကတော့ အစမှာတင် ဒီလှုပ်ရှားမှုကို ကဖျက်ယဖျက်လုပ်မယ့် နည်းလမ်းတွေကို ရှာချင်ရှာနိုင်တယ်။ တချို့ကလည်း ဒီမိုကရေစီ လမ်းကြောင်းအတိုင်း လိုက်ပါ ရွေ့လျားလာနိုင်တာမျိုးတွေရှိမယ်။ ပြောင်းလဲမှုတွေကို တဆစ်ချိုး ပြုလုပ်လာရတာမျိုးလည်း ရှိနိုင်တယ်။
တကယ်တမ်းပြောရင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်နဲ့ ဒီမိုကရေစီနိုင်ငံတွေ ဘာကြောင့် အောင်မြင်စွာ ဖြစ်ထွန်း မလာနိုင်သလဲ ဆိုတာအတွက် အကြောင်းရင်းပေါင်း များစွာရှိတယ်။ လူ့အဖွဲ့အစည်းအတွင်း အမြစ်တွယ်နေတဲ့ အရပ်သားပြည်သူ၊ ဒါမှမဟုတ်၊ စစ်ဘက်ဆိုင်ရာ အီလစ် (ခေါ်) ပညာတတ် အထက်တန်းလွှာရဲ့ ခုခံမှုတွေ၊ လူမှုရေး၊ ဒါမှမဟုတ်၊ ယဉ်ကျေးမှုပိုင်း တိုးတက်ဖြစ်ထွန်းတဲ့ အခြေအနေ မရှိမှု၊ လူ့ အဖွဲ့အစည်းအခြေအနေနဲ့ မဆီလျော်ဘဲ တလွဲချော် ပုံစံမျိုးဖြစ်နေတဲ့ အင်စတီကျူးရှင်းတွေ အစရှိတဲ့ အရာတွေကြားထဲမှာ အောင်မြင်စွာ ဖြစ်ထွန်း ပေါ်ပေါက် မလာရတဲ့ အကြောင်းရင်းတွေ တကယ်ကို ရှိနေတာပါ။ အာဖရိက၊ အာရှ၊ အရှေ့ဥရောပနဲ့ အရင် ဆိုဗီယက် ပြည်ထောင်စုဟောင်း စတဲ့ နိုင်ငံတွေ အတော်များများမှာ ဒီမိုကရေစီဖော်ဆောင်မှုဖြစ်စဉ် ကျရှုံးရတဲ့ အဓိက အကြောင်းရင်းတခုက လူမျိုးစု ပဋိပက္ခ ဖြစ်နေတာကို တွေ့ရတယ်။
ဒီမိုကရေစီမှာ ထည့်သွင်းခြင်းနဲ့ ဖယ်ထုတ်ခြင်း၊ ပါဝါအခွင့်အလမ်း ထည့်သွင်းခြင်းနဲ့အတူ ယှဉ်တွဲရှိနေတဲ့ အထူးအခွင့် အရေးတွေနဲ့ ဖယ်ထုတ်ခြင်းနဲ့ အတူရှိတဲ့ ပြစ်ဒဏ်တွေ အဓိကပါဝင်ပါတယ်။ လူမျိုးစု ကွဲပြားမှု ပြင်းပြင်းထန်ထန်ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေထဲမှာ လူမျိုးစု စရိုက်လက္ခဏာ (Ethnic identity) ဟာ ဘယ်သူ့ကို ဖယ်ထုတ်ရမယ်၊ ဘယ်သူ့ကို ထည့်သွင်းရမလဲဆိုတာကို တိတိကျကျနဲ့ မျဉ်းကြောင်းဆွဲ ဆုံးဖြတ်စေနိုင်အောင် လုပ်ပေးတယ်။ ဒီလို ခွဲခြားဆုံးဖြတ်ပေးတဲ့ မျဉ်းလိုင်းတွေဟာ အပြောင်းအလဲ မရှိနိုင်တဲ့ ပုံစံမျိုးရှိနေရင် ဖယ်ထုတ်ခံရခြင်းနဲ့ ထည့်သွင်းခံရခြင်း နှစ်ခုဟာ အမြဲတမ်း အသေလိုပုံစံမျိုး ဖြစ်သွားနိုင်တယ်။ လူမျိုးစုဆိုင်ရာ နိုင်ငံရေးထဲမှာ ထည့်သွင်းခြင်း (Inclusion) ဟာ အရေးပါတဲ့ ရုပ်ဝတ္ထုပိုင်းနဲ့ ရုပ်ဝတ္ထုပိုင်းမဟုတ်တဲ့ ပစ္စည်းတွေကို ခွဲဝေပေးမှုကို သက်ရောက်မှုရှိစေတယ်။ ဒီထဲမှာ လူမျိုးစုအုပ်စု အသီး သီးရဲ့ ဂုဏ်သိက္ခာတွေနဲ့ တခြားအုပ်စုတွေထက် အုပ်စုတခုကိုပဲ ပိုပြီးအားပြုတတ်တဲ့ နိုင်ငံတော်ရဲ့ သီးခြား အမှတ် အသားတွေ ပါဝင်တယ်။ ထပ်ပြီးပြောရရင် ဒီလိုကွဲပြားမှုတွေ ရှိနေတဲ့ လူ့အဖွဲ့ အစည်းတွေမှာ အလေ့အကျင့်တရပ်ရှိတယ်။ ဒါကတော့ အစိုးရအဖွဲ့အတွင်း ထည့်သွင်းခြင်းကို အောက်ခြေရပ်ရွာ အသိုင်းဝိုင်း တခုအတွင်း ထည့်သွင်းခြင်း ပုံစံမျိုးနဲ့ တူတူတခုတည်းဖြစ်အောင် ပေါင်းစည်းထည့်သွင်းသလို၊ ဖယ်ထုတ်တယ် ဆိုရင်လည်း အစိုးရအဖွဲ့ကနေ ဖယ်ထုတ်ခြင်းကို
ရပ်ထဲရွာထဲကနေ ဖယ်ထုတ်ခြင်းပုံစံမျိုးနဲ့ တခုတည်းပေါင်းပြီး တကြောင်းဆွဲမှုနဲ့ လုပ်တတ်တဲ့ အကျင့်ပဲဖြစ်ပါတယ်။ လူမျိုးစု ကွဲပြားစွာ ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ အတိုက်အခံတွေကို ဂုဏ်သိက္ခာရှိရှိ ဆက်ဆံဖို့ ဆိုတဲ့ ဒီမိုကရေစီဆိုင်ရာ ထူးခြားတဲ့ပြဿနာ တခုလည်းရှိတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှာ အစိုးရကို ဆန့်ကျင်တာက ပြည့်သူ့ဆန္ဒကို ဆန့်ကျင်မှုအဖြစ် ပုံဖော်ခံရတတ်တယ်။ ဒီတော့ လူမျိုးစုအရ ကွဲပြားခြားနားနေတဲ့ အတိုက်အခံတဖွဲ့ကို အထူးသဖြင့် အန္တရာယ်ရှိတဲ့ ရန်သူတွေအဖြစ် အလွယ်တကူပဲ သရုပ်ဖော်ပြနိုင်တော့တာ။ သမိုင်းရန်သူတွေ ဆိုပြီး တော့ပေါ့။ ဒီရန်သူတွေဟာ လက်ရှိနိုင်ငံတော်ရဲ့ သီးခြားစရိုက် လက္ခဏာကို လက်မခံတဲ့သူတွေ နိုင်ငံတော်ကို ဖြိုခွဲဖို့၊ ဒါမှမဟုတ်၊ သူတို့အကျိုးအမြတ်တွေအတွက် နင်းခြေပစ်ဖို့ ဇာတ်ကွက်ချ ကြံစည်နေသူတွေအဖြစ် သတ်မှတ်ခံရတော့တာပါပဲ။ တကယ်တမ်းလည်း သူတို့ဟာ လက်ရှိ နိုင်ငံတော်ပါဝါရဲ့ အရေးပါမှု၊ ဒီပါဝါ အဆောက်အအုံ ကနေ ဖယ်ထုတ်ခံရမှုအတွက် နစ်နာမှုတွေရှိတော့ အဲဒီလို ဇာတ်ကွက်ချ ကြံစည်နေသူတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။
အာဏာရှင် ခေတ်ကာလတခုအတွင်းမှာ လူမျိုးစုဆက်ဆံရေးတွေဟာ သိသိသာသာ တိုးတက်မှုတွေရှိလာရင် ဒါဟာ ဒီမိုကရေစီအလားအလာ တိုးတက်လာဖွယ်ရှိတဲ့ ကိစ္စပဲ။ ထိုင်းနိုင်ငံမှာ ထိုင်း-တရုတ်ဆက်ဆံရေးတွေ၊ ထိုင်ဝမ်မှာ တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်တို့ ဆက်ဆံရေးတွေဟာ ရန်စောင်နေကြရုံတင်မကဘူး၊ ဒုတိယ ကမ္ဘာစစ်အပြီးမှာ အကြမ်းဖက်အသွင် အထိတောင် ဖြစ်ခဲ့ကြတာပါ။ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီ ဆက်ဆံရေးတွေဟာ အကြမ်းဖက်မှု လမ်းကြောင်းဆီ ဦးတည်မှု ဒီဂရီနည်းပါးလာခဲ့တယ်။ လူမျိုးစုမတူသူကြား လက်ထပ်ပေါင်းသင်းမှု နှုန်းတွေဟာ ကွဲပြားမှုနက်ရှိုင်းတဲ့ လူ့အဖွဲ့အစည်းတွေမှာ တွေ့နေကျဖြစ်နေတဲ့ နှုန်းထက်တောင်
ပိုမြင့်မားလာခဲ့တာပါ။ ဒီပြောင်းလဲမှုတွေဟာ နှစ်နိုင်ငံစလုံးရဲ့ ဒီမိုကရေစီ ဖော်ဆောင်မှုတွေကို အဆင်ပြေ ချောမွေ့ စေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အုပ်စုတဖွဲ့နဲ့ တဖွဲ့ကြား ရှိခဲ့ကြတဲ့ အကြောက်တရားတွေကို လျှော့ချပစ်ခဲ့ကြလို့ပါပဲ။ အခြားတဖက်စွန်းကိ ြကြည့်လိုက်ရင် အာဖရိကနိုင်ငံအများစုဟာ လူမျိုးစု ကွဲပြားခွဲခြားမှုတွေ အပြင်းအထန်ရှိနေတဲ့ နိုင်ငံတွေ ဖြစ်တယ်။ ဒါဟာ အာဖရိကတိုက်ကြီးတခုလုံး တည်ငြိမ်တဲ့ ဒီမိုကရေစီကို အောင်အောင်မြင်မြင်နဲ့ တည်ဆောက်နိုင်ဖို့အတွက် အဟန့်အတားကြီးဖြစ်နေတာ သက်သေပဲ။
အရှေ့ဥရောပ နိုင်ငံတွေမှာတော့ ဒီမိုကရေစီဟာ အဆုံးစွန် တိုးတက်လာတာ ဖြစ်တယ်။ အဲဒီနိုင်ငံတွေကိုကြည့်ရင် လူမျိုးစုကွဲပြားမှုတွေ ပြင်းထန်မှု အနည်းဆုံး ဖြစ်နေကြတာ တွေ့ရမယ်။ ဟန်ဂေရီ၊ ချက်သမ္မတ နိုင်ငံနဲ့ ပိုလန်တို့ပါပဲ။ နောက် ဒီမိုကရေစီ တိုးတက်မှုဖြစ်စဉ် ပိုပြီးနှေးကွေးမယ်၊ ဒါမှမဟုတ်၊ လုံး၀ မတိုးတက်တဲ့ လူမျိုးစုကွဲပြားမှု
နက်နဲတဲ့ နိုင်ငံတွေလည်း ရှိတယ်။ ဆလိုဗက်ကီးယား၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားနဲ့ တကယ်တမ်းပြောရင် အရင် ယူဂိုဆလားဗီယား နိုင်ငံဟောင်းတို့ ဖြစ်တယ်။ အဲဒီမှာ ပထမအုပ်စုထဲက နိုင်ငံသုံးနိုင်ငံဟာ ဒီမိုကရေစီအလံကို မြင့်မြင့်မားမား လွှင့်ထူနိုင်ခဲ့တော့ တိုင်းပြည်စီးပွားရေး တိုးတက်ဖြစ်ထွန်းတယ်။ သူတို့မှာ အနည်းဆုံး ဒီမိုကရေစီ အစဉ်အလာတချို့ ရှိတယ်။ အဲဒီ နိုင်ငံတွေဟာ အနောက်နိုင်ငံတွေနဲ့ ပိုနီးကပ်မှုရှိတယ်၊ ဆက်နွယ်မှုရှိတယ်။ ဒါ အမှန်ပဲ။
ဒါပေမယ့် ဒုတိယအုပ်စုက နိုင်ငံတွေမှာကျတော့ လူမျိုးစုပဋိပက္ခနဲ့ ဒီမိုကရေစီနည်းကျ မဟုတ်တဲ့ ဖြစ်ပေါ် တိုးတက်မှုတို့ တိုက်ရိုက်ဆက်သွယ်ချက် ရှိနေတာ တွေ့ရတယ်။ ဥပမာ ဆားဘီးယား၊ ခရိုအေးရှားနဲ့ ဘော့စနီးယားတို့မှာ လူမျိုးစုအရ ဖယ်ထုတ်ခြင်းမူကို ကိုင်စွဲတဲ့ အုပ်ချုပ်ရေးနဲ့ အာဏာရှင် အလေ့အကျင့်တွေကို အားပေးအားမြှောက်လုပ်ဖို့ ကွန်မြူနစ်ဟောင်းတွေကနေ လူမျိုးစုပဋိပက္ခကို အသုံးချကြတာ လူအများသိတဲ့ ကိစ္စပဲ။ လူမျိုးစု ပဋိပက္ခ ဖြစ်နေတာ အပေါ်မှာ သူတို့အာဏာကို ခိုင်မာအောင် တည်ဆောက်လိုက်ကြတာ။ ကွန်မြူနစ်ဟောင်း ဗလာဒီမာ မီဆီယာရဲ့ အဆီအငေါ်မတည့်တဲ့ ဆလိုဗက် အုပ်ချုပ်ရေးကို ခရိုအေးရှားနဲ့ ဆားဘီယားက အုပ်ချုပ်ရေးတွေနဲ့ နည်းနည်း နှိုင်းယှဉ် ကြည့်နိုင်တယ်။ ဒါပေမယ့် မီဆီယာရဲ့ အုပ်ချုပ်ရေးမှာ မီဒီယာကို ထိန်းချုပ်တာ၊ ဖွဲ့စည်းပုံ အခြေခံခုံရုံးအပေါ် ချယ်လှယ် အုပ်စီးတာ၊ နိုင်ငံတောင်ပိုင်းက ဟန်ဂေရီ လူမျိုးတွေရဲ့ ဘာသာစကား အခွင့်အရေးတွေကို ကန့်သတ်ချုပ်ခြယ်ဖို့ ကြိုးစားတဲ့ မှတ်တမ်းတရပ်တော့ ရှိထားတယ်။
လူမျိုးစုပေါင်းစုံရှိတဲ့ တရန်ဆဲလ်ဗေးနီးယားမှာ အခိုင်မာဆုံး တွန်းအားတွေကို ရရှိခဲ့တဲ့ ရိုမေးနီးယားက ဒီမိုကရေစီ လှုပ်ရှားမှုကျတော့ ပိုကျဉ်းမြောင်းတဲ့ ရိုမေးနီးယား အမျိုးသားရေး ဝါဒလမ်းကြောင်းဘက်ကို အလျှင်အမြန်ပဲ ကူးပြောင်းသွားခဲ့တယ်။ ရိုမေးနီးယားရဲ့ အမျိုးသားရေးဝါဒ ကျဉ်းမြောင်းမှုဟာ တခါတလေ ကိုယ့်နိုင်ငံက မဟုတ်ရင် ဘယ်သူဖြစ်ဖြစ် ထိတ်လန့်စိုးရွံ့တတ်တဲ့ နိုင်ငံခြားသားကိုကြောက်တဲ့ အဆင့်ထိတောင် ဖြစ်သွားတတ်ပါတယ်။ အထူးသဖြင့် ဟန်ဂေရီ လူနည်းစုတွေကို စိုးရွံ့ကြောက်လန့်နေတာပဲ။ ဒါကြောင့် ရိုမေးနီးယားမှာ ကွန်မြူနစ်ဟောင်းတွေရဲ့ အစိုးရ အခန်းကဏ္ဍက မပျက်မယွင်း ဆက်လက် ဖြစ်ထွန်းနေခဲ့တာပဲ ဖြစ်တယ်။ ဘူလ်ဂေးရီးယားမှာဆိုရင် တူရကီ လူနည်းစု (နဲ့ တခြားမူဆလင်တွေ) ကို လူထုက စိုးရိမ်နေကြပြီး ပါလီမန်ထဲမှာ ကွန်မြူနစ်ဆန့်ကျင်ရေး အမြင်ဟာ ဗဟု အသွင်ဆောင်နေတော့ တူရကီပါတီနဲ့ ပူးပေါင်းပြီး တည်ငြိမ်တဲ့ အစိုးရအဖွဲ့ကို မဖွဲ့စည်းနိုင်ခဲ့ကြဘူး။ အစိုးရဟာ အယုံအကြည်မရှိ မဲပေးခံရတော့ ကွန်မြူနစ်ဟောင်းကြီးတွေရဲ့ ပါတီကနေရာယူတာ ခံခဲ့ရတာပဲ။ ဒီကွန်မြူနစ်ဟောင်းတွေ ဆိုတာ တူရကီဆန့်ကျင်ရေး သွေးထိုး လှုံ့ဆော်ပွဲကို ဦးဆောင်လုပ်ခဲ့သူတွေပါ။ အာဏာရလာတော့ အုပ်ချုပ်ရေးပိုင်းက လူတွေကို သုတ်သင်၊ မီဒီယာကို ဖိနှိပ်ဖယ်ရှားပစ်တဲ့ လုပ်ရပ်တွေကို တလှေကြီး လုပ်လာခဲ့တော့တာ ဖြစ်တယ်။ အခြား နေရာတွေမှာလိုပဲ၊ အရှေ့ဥရောပမှာ လူမျိုးစုပဋိပက္ခဟာ အာဏာရှင် အလေ့အကျင့်တွေကို ပြုစုပျိုးထောင်ပေး လိုက်သလို ဖြစ်နေတယ်။
လူမျိုးစုပဋိပက္ခဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို စတင်ဖို့ကိုရော၊ ဒီမိုကရေစီ အလေ့အကျင့်ပေးဖို ကိုပါ ခက်ခဲစေတယ် ဆိုတာကို အားလုံး အကျယ်အပြန့် နားလည် အသိအမှတ်ပြုထားပြီး ဖြစ်တယ်။ ဒါပေမယ့် အခက်အခဲတွေရဲ့ သဘာဝ၊ အထူးသဖြင့် အဲဒီအခက်အခဲတွေဟာ ဘယ်လောက် အတိုင်းအဆအထိ အဆောက်အအုံပိုင်း အရ ခိုင်မာမှု ရှိနေသလဲ၊ အဆင့်သင့်မဟုတ်ဘဲ ဘယ်လိုမျိုးများ လွယ်လင့်တကူ ဖြစ်ပေါ်လာသလဲ စတာတွေကို အထူးအလေးပေး စဉ်းစားတာမျိုး ရှားတယ်။ လူမျိုးစုသဘာဝဟာ ဒီမိုကရေစီဖော်ဆောင်မှုကို စတင်ဖို့အတွက် အဟန့်အတားတွေကို ဖန်တီးပေးတယ်။ နောက်အဲဒီ ဒီမိုကရေစီ ကူးပြောင်းမှု အစဟာ ကန့်လန့်လုပ်၊ ခွတိုက်ခံရပြီးတဲ့ နောက်မှာ အတားအဆီးတွေကို ထပ်ဖန်တီးပေးတယ်။ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ နည်းလမ်းအမျိုးမျိုးနဲ့ကို လူမျိုးစု ပဋိပက္ခဟာ အကြွင်းမဲ့အာဏာရှင်စနစ် ဖြစ်ထွန်းလာစေဖို့ လမ်းကြောင်းတည် ပေးသွားနိုင်တာပါ။
ဒီမိုကရေစီဟာလည်း လူနည်းစုကို ဖယ်ထုတ်ထားတဲ့ လူများစုအုပ်ချုပ်ရေး ဒါမှမဟုတ် လူများစုကို ဖယ်ထုတ်ထားတဲ့ လူနည်းစုအုပ်ချုပ်ရေးကို အနည်းဆုံး တော့ အဆင်ပြေလွယ်ကူ သွားစေနိုင်တာပဲ။ “ဒီလိုပဲ ဖြစ်မှာပဲလေ၊ ဘာမှတတ်နိုင်တာမှ မဟုတ်ဘဲ” လို့တော့ ဆိုလို့ မဖြစ်ဘူး။ ကံ၊ ကံ၏ အကြောင်းတရားပဲ ဆိုတဲ့ ကံကိုပုံချ၊ ပဓာနထားတဲ့ ကံကြမ္မာပဓာနဝါဒ (Fatalism) ကို လက်ကိုင်ထားလိုက်ခြင်းဟာ သင့်တော်မှန်ကန်တဲ့ တုန့်ပြန်ချက် မဟုတ်တာတော့ အသေအချာပဲ ဖြစ်တယ်။ မလုပ်လို့၊ မဖြေရှင်းလို့ မရနိုင်တဲ့ အရာဆိုတာ မရှိဘူး။ တချို့လူမျိုးစု ကွဲပြားမှုကြီးတဲ့ လူ့အဖွဲ့အစည်းတွေဟာ ဒီမိုကရေစီ နည်းကျပုံစံတွေ ရှိတတ်ကြတယ်။ ဒါပေမယ့် လူမျိုးစုပေါင်းစုံ ပါဝင်တဲ့ ဒီမိုကရေစီ (Multiethnic democracy) ပေါ်ထွက်လာစေမယ့် အင်စတီကျူးရှင်းတွေကို တည်ဆောက်ဖို့ ဘာကြောင့် ခက်ခဲနေရသလဲဆိုတဲ့ စနစ်ကျတဲ့ အကြောင်းပြချက်ကောင်းတွေ ရှိပါတယ်။
အခက်အခဲတွေကို မတင်ပြခင်မှာ အကောင်းဆုံး လုပ်နိုင်တာက ကွဲပြားမှုပြင်းထန်တဲ့ လူ့အဖွဲ့အစည်းတွေဟာ ရောင်စဉ်တန်းတခုရဲ့ အစွန်းတခုမှာ တည်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြဖို့ပဲ။ နောက်ပြီး အခြား အစွန်းတခုမှာ ရှိတဲ့ စုစည်းညီညွတ်တဲ့ လူ့အဖွဲ့အစည်းတွေကိုပြမယ်။ ဒီလူ့အဖွဲ့အစည်းတွေမှာကျတော့ ဝင်ရောက်လာသူ လူမျိုးစု အစဉ်အဆက် ယေဘုယျ လူဦးရေကိုယ်ထည်ကြီး တခုအတွင်းမှာ ရောနှောပေါင်းစပ်ပြီး တည်ရှိ နေထိုင်နေကြတဲ့ အုပ်စုတွေရှိတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ပြင်သစ်နိုင်ငံထဲကို လူမျိုးအသီးသီး ဝင်ရောက်နေထိုင်လာတာကို ကြည့်ပါ။ ဒါမှမဟုတ် ဗြိတိန်နဲ့ သြစတြေးလျမှာရှိတဲ့ အင်္ဂလိပ်၊ ဝေလ၊ စကော့နဲ့ အိုင်းရစ် တို့လိုမျိုး ပဋိပက္ခရေချိန် အနိမ့်ပိုင်းလေးမှာ အချင်းချင်း အပြန်အလှန် ဆက်ဆံထိတွေ့ နေထိုင်နေကြတဲ့ နိုင်ငံတွေကို ကြည့်ပါ။ အစွန်းနှစ်ဖက်ရဲ့ အလယ်မှာက ကွဲပြားမှုပြင်းထန်တဲ့ လူ့အဖွဲ့အစည်းတွေထက် ပိုတယ်။ အဲဒီ အလယ်က လူ့အဖွဲ့အစည်းတွေမှာကျတော့ နိုင်ငံရေး ရည်မှန်းချက်တွေကို ခိုင်ခိုင်မာမာ ဆွဲကိုင်တယ်၊ အုပ်စုတွေအဖြစ် ပူးပေါင်းပြီး အပြန်အလှန်ဆက်ဆံတယ်။ ဒါပေမယ့် လူမျိုးစုပဋိပက္ခရဲ့ သက်ရောက်ချက်ကို အလွန်အကျွံ မဖြစ်အောင် ထိန်းပေးတဲ့ နှစ်သက်သဘောကျစရာ အခြေအနေတွေ လည်းရှိ တယ်။
ဒီနိုင်ငံတွေမှာ ပြည်ပအင်အားစုတွေဟာ ပြည်တွင်းစည်းလုံးမှုကို သမိုင်းအစဉ်အဆက် ထိန်းသိမ်းသွားကြတာပဲ။ အခြားကွဲပြားမှုတွေ (ဘာသာရေး၊ လူတန်းစား၊ နယ်ပယ်ဒေသ) အတော်များများဟာလည်း လူမျိုးစု ကွဲပြားမှုလိုပဲ ဒီမိုကရေစီစနစ်ကို အားနည်းအောင်လုပ်ဆောင်တဲ့အတွက် အာရုံစိုက်သင့်တယ်။ ဒီသဘောဟာ ပါတီစနစ်ထဲမှာ ထင်ဟပ်ဖြစ်ပေါ်နေတယ်။ လူမျိုးစုပြဿနာတွေဟာ အခြားကွဲပြားမှုတွေ၊ ပါတီတွေ ဖံွ့ဖြိုးတိုးတက် လာမှုတွေနဲ့ ယှဉ်လိုက်ရင် နောက်ကျတဲ့အတွက် ပါတီနိုင်ငံရေးဟာ လူမျိုးစုပဋိပက္ခကို အကောင်းဆုံး ထင်ဟပ်ချက် တခုတော့ မဟုတ်ပေဘူး။ ဒီနိုင်ငံတွေထဲမှာ ဆွစ်ဇာလန်၊ ကနေဒါနဲ့ ဘယ်လ်ဂျီယံတို့ ပါဝင်တယ်။ အားလုံး ဖက်ဒရယ် ဖွဲ့စည်းမှုပုံစံတွေ ဖြစ်ကြတာ သိသာပါတယ်။ ဒီလိုအဆောက်အအုံပိုင်း အကျိုးရှိခဲ့တဲ့ နိုင်ငံတွေကနေ ကဲြွပားမှု ပြင်းထန်တဲ့ လူ့အဖွဲ့အစည်းတွေအထိ ပါအောင် ယေဘုယျခြုံပြောဖို့က ခက်တယ်။ မြောက်အိုင်ယာလန်နဲ့ သီရိလင်္ကာနိုင်ငံမျိုးတွေလိုပဲ။ ဒီနေရာတွေမှာကျတော့ မျိုးရိုးဇာစ်မြစ် အမှတ်အသားပြဿနာက အလှည့်အပြောင်းမရှိဘူး။ ပြည်ပ အင်အားစုတွေကလည်း ကြားနေသဘော၊ ဒါမှမဟုတ်၊ ဝင်မပူးပေါင်းတဲ့ သဘောမျိုးပဲ။ ပါတီတွေဟာ လူမျိုးစုအကွဲ (Ethnic cleavage) ကို ထင်ဟပ်တယ်။ အဲဒီလို နိုင်ငံမျိုးတွေမှာ ဒီမိုကရေစီတည်ဆောက်ဖို့ အမြဲတမ်းခက်တာပါ။
ဒီမိုကရေစီ ဖော်ဆောင်မှုအစအတွက် အဟန့်အတားများ
ဒီမိုကရေစီအသွင်ကူးပြောင်းမှု (ဝါ) ဒီမိုကရေစီဖော်ဆောင်မှု(Democratization) တွေ မဖြစ်ပေါ်လာခင်မှာ အရင် အုပ်ချုပ်ရေးဟောင်း အနေနဲ့ အဲဒီလို ကူးပြောင်းဖို့ကို သဘောတူချင်တူ၊ ဒါမှမဟုတ်၊ ဖိအားပေး ခံချင်ရင်ခံ ရနိုင်တယ် ဆိုတာကို သိထားရမယ်။ တကယ်လို့ အပြောင်းအလဲလုပ်ရေးမှာ အောင်မြင်မှုရရင် အောင်နိုင်သူတွေဘက်ကလည်း သူတို့ကိုယ်တိုင် ဒီမိုကရေစီနည်းကျ အသိပညာ၊ အလေ့အကျင့်တွေကို ဖြန့်ဖြူးပေးဝေဖို့ကိစ္စကို သဘောတူညီပေးရမှာ ဖြစ်တယ်။ ကွဲပြားမှုပြင်းထန်တဲ့ လူ့အဖွဲ့အစည်း အတော်များများမှာ ဒီအခြေအနေတွေကို ကိုင်တွယ် မဖြေရှင်းနိုင်ကြဘူး။ လူမျိုးစုပြဿနာရဲ့ သိမ်မွေ့မှုဟာ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ရှိနေတဲ့ ခေါင်းဆောင်မှုပိုင်းရဲ့ ကျေနပ်ရောင့်ရဲမှုနဲ့ ပေါင်းစည်းသွားနိုင်တယ်။ အဲဒီလိုသာ ပေါင်းစည်းသွားရင် ဒီမိုကရေစီဖော်ဆောင်ဖို့အခွင့်အလမ်းတွေကို သူတို့က လက်လွတ် ဆုံးရှုံးသွားနိုင်တယ်။
ခေါင်းဆောင်မှုပိုင်းရဲ့ အတိုက်အခံတွေ ဘက်ကတောင်မှ ဒီရှိရင်းစွဲ အခြေအနေနဲ့သာ ရောင့်ရဲကျေနပ်နေမှုကို ပြောင်းလဲလိုက်ရင် ဆိုးကျိုးဖြစ်နိုင်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကိုသာ လုပ်ဆောင်ရင် ပိုဆိုးသည်ထက် ဆိုးသွားမယ်လို့တောင် မြင်လာနိုင်တာပဲ။ ဒီမိုကရေစီစနစ်ကြောင့် အတိုက်အခံ လူမျိုးစုတွေ အာဏာရလာနိုင်တဲ့အတွက် အာဏာလက်ရှိ လူမျိုးစုအစိုးရကလည်း ပြောင်းလဲမှုတရပ်ကို ခုခံဆန့်ကျင်နေနိုင်တယ်။ တကယ်လို့ လူမျိုးစု သောင်းကျန်းမှုတွေနဲ့ သမိုင်းခေတ်သစ်တခုကို စဖွင့် လိုက်ရင်တော့ ဒီမိုကရေစီဆိုတာကို ဖျက်သိမ်း လိုက်သလို ဖြစ်သွားနိုင်တယ်။ လူမျိုးစုပိုင်းဘက်မှာလည်း ဒီမိုကရေစီ အုပ်ချုပ်ရေးတရပ်အတွင်းမှာ အခြားသူတွေဟာ
သူတို့ထက် အကျိုးအမြတ် ပိုရှိသွားလိမ့်မယ်လို့ ထင်မြင် ယူဆချက်နဲ့အတူ ဒီမိုကရေစီကို ကျောခိုင်းသွားနိုင်တယ်။
ဒီနေရာမှာ အရှေ့တောင်အာရှဘက်က ဒီမိုကရေစီတပိုင်း၊ ဒါမှမဟုတ်၊ အာဏာရှင်တပိုင်း နိုင်ငံအချို့ကို ဒီမိုကရေစီ ဆက်လက် ဖော်ဆောင်ရေး လှုပ်ရှားမှုတွေ ရောက်မလာဘဲ ရှောင်ကွင်းသွားတာက စူးစမ်းကြည့်ချင်စရာ ကောင်းတယ်။ အဲဒီနိုင်ငံတွေမှာ အုပ်ချုပ်ရေးစနစ်တွေက အတိမ်းအစောင်းမခံ ဖြစ်နေပေမယ့် မလေးရှားလို နိုင်ငံတွေက ဒီမိုကရေစီ ပိုရပြီး စင်ကာပူနဲ့ အင်ဒိုနီးရှားမှာကျတော့ ဒီမိုကရေစီ သိပ်မရတာဖြစ်နေတယ်။ ဒါပေမယ့် အဲဒီနိုင်ငံတွေမှာ လူထု မကျေနပ်ချက်က ထိုင်း၊ မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာလောက် မပြင်းထန်ဘူးဖြစ်နေတယ်။ လူမျိုးအပေါ်လိုက်ပြီး ဦးစားပေး ဆက်ဆံတာတွေ ရှိပေမယ့် ထည့်သွင်းခြင်းနဲ့ ဖယ်ထုတ်ခြင်း ပြဿနာက (မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားမှာ) ထင်ထင်ရှားရှား ဖြစ်ပေါ်မနေပဲ အစိုးရတွေကလည်း နောက်ထပ် အပြောင်းအလဲတွေ လုပ်ဖို့ကို အပြင်းအထန် ဆန့်ကျင်ပါတယ်။ အုပ်ချုပ်ရေးတွေကိုယ်တိုင်က ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို အခိုင်အမာ ဆန့်ကျင်ကန့်ကွက် နေခဲ့ကြမှာပဲဖြစ်တယ်။ ကမ္ဘာနဲ့အဝှမ်းမှာ ဒီမိုကရေစီပြောင်းလဲရေး လှုပ်ရှားမှုအလံတွေကို အမြင့်မားဆုံး လွှင့်ထူထားကြတာတောင် မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့မှာ ဒီဖြစ်စဉ်အတွက် မေးခွန်းထုတ်တာမျိုး ခပ်ရှားရှားဖြစ်နေခဲ့တာပါ။
ဖယ်ထုတ်ခြင်းမူကို ပိုပြီး အသေစွဲကိုင်တဲ့ အုပ်ချုပ်ရေးတွေဟာ ပြောင်းလဲမှုကို ဆန့်ကျင်ကန့်ကွက်ဖို့ ဆိုရင် သူတို့အနေနဲ့ ယေဘုယျအားဖြင့် ပိုပြီး တက်တက်ကြွကြွဖြစ်ဖို့ လိုတယ်။ လူမျိုးစုအရ ဖယ်ထုတ်ခြင်းမူ စွဲကိုင်တဲ့ အုပ်ချုပ်ရေးတွေဟာ ယေဘုယျအားဖြင့် ပုံစံနှစ်မျိုးနဲ့ လာတယ်။ နှစ်ဖက်ကွဲထွက်နေတဲ့ အုပ်ချုပ်ရေးပုံစံတွေ (Bifurcated polities) နဲ့ လူနည်းစု လွှမ်းမိုးတဲ့ အုပ်ချုပ်ရေးပုံစံတွေ ဆိုပြီးတော့ပဲ။ ပထမတမျိုးမှာက နိုင်ငံတော်ရဲ့ အကြမ်းဖျင်း တဝက်၊ ဒါမှမဟုတ် တဝက် ကျော်ကျော်လောက် အဖွဲ့ကနေ ကျန်တဲ့သူတွေကို အုပ်ချုပ်တာ။ ဒုတိယတမျိုးရဲ့ အုပ်ချုပ်ရေးအခြေခံက ကျဉ်းမြောင်းမှု ရှိတယ်။ အထူးသဖြင့် ယှဉ်ပြိုင်ရွေးကောက်ပွဲတွေ ပြီးတဲ့နောက်မှာ အုပ်စုငယ်လေး တဖွဲ့၊ ဒါမှမဟုတ် နှစ်ဖွဲ့လောက်က လူများစုအပေါ်ကို အုပ်ချုပ်စီမံတာမျိုးပဲ။ ဒီအုပ်ချုပ်ရေးပုံစံနှစ်မျိုးစီမှာ လူမျိုးစု အတိုက်အခံတွေကို ပါဝါအခွင့်အလမ်း ပေးမယ့် ပြောင်းလဲမှုမှန်သမျှ လက်မခံဘဲ ဆန့်ကျင်တဲ့ သဘောမျိုးရှိနိုင်တယ်။
နှစ်ဖက်ကွဲထွက် အုပ်ချုပ်ရေးတွေကိုကြည့်ရင် စိတ်မချမ်းသာစရာ ရွေးကောက်ပွဲ မှတ်တမ်းတွေ ရှိနေတတ်တာ တွေ့ရမယ်။ အဲဒီ ရွေးကောက်ပွဲတွေမှာ လူမျိုးစု အတိုက်အခံတွေရဲ့ ပါတီတွေက အနိုင်ရမလို ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အလားတူ အခြေအနေမျိုးတွေ ပြန်ဖြစ်မလာအောင် တားဆီးချင်ပါတယ်။ ကိုယ့်လူမျိုးစု အတိုက်အခံတွေရဲ့ပါတီတွေ
အနိုင်ရဖို့အတွက် မမျှတ၊ ညစ်ပတ်တဲ့ ရွေးကောက်ပွဲမျိုးတွေ ဖန်တီးတာမျိုးပဲ။ အလားတူ ရွေးကောက်ပွဲတွေ အဆင်ပြေပြေ ပြန်ပေါ်လာဖို့ဘက်ဆီကို ဒီအုပ်ချုပ်ရေး ပုံစံတွေက တိမ်းယိမ်းနေတတ်ကြတာ။ တိုဂိုနဲ့ ကွန်ဂို သမ္မတနိုင်ငံတို့မှာ မြောက်ပိုင်း အုပ်ချုပ်ရေးပုံစံတွေ ရှိတယ်။ လူမျိုးစုတွေရဲ့ ရွေးကောက်ပွဲရလဒ်တွေကို ပြောင်းပြန်လှန်ပစ်၊ စစ်တပ် အာဏာ သိမ်းယူပြီး အာဏာရလာခဲ့တဲ့ ပုံစံတွေပါပဲ။ တောင်ပိုင်းကအတိုက်အခံတွေနဲ့ အတူပေါင်းပြီး ဒီမိုကရေစီဖြစ်စဉ်ကို ဦးတည် သွားချင်တဲ့ ဆန္ဒမျိုး မရှိခဲ့ကြဘ၊ဲ တဆက်တည်းမှာ နှစ်နိုင်ငံစလုံးဟာ ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်ကို ဖျက်ဆီးပစ်မယ့် ခြေလှမ်းတွေကို လှမ်းခဲ့ကြတာ ဖြစ်တယ်။
သဘောထား ပိုကျဉ်းမြောင်းတဲ့ အုပ်ချုပ်ရေးတွေကျတော့ ဒရာကိုနီယန်း (Draconian) နည်းလမ်းတွေကို အသုံးပြုချင်ကြတယ်။ ဒရာကိုးနီးယန်း ဆိုတာ အလွန်ကြမ်းတမ်း ပြင်းထန်တဲ့ ဖိနှိပ်မှုနည်းလမ်းတွေနဲ့ အုပ်ချုပ်တာကို ပြောတာပါ။ ဥပမာ ဇိုင်ယာနိုင်ငံ (လက်ရှိမှာ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ) ဟာ အတိုက်အခံ အုပ်စုတွေအပေါ်
ဒီနည်းလမ်းတွေနဲ့ နှိပ်ကွပ်ခဲ့တာဖြစ်တယ်။ ဒီဖြစ်စဉ်ကို ကိုင်တွယ်ဖြေရှင်းယူကြတဲ့ အခြား နိုင်ငံအများစုလည်း ရှိပါတယ်။ ကင်ညာနိုင်ငံဆိုရင် ကာလန်ဂျင်း (Kalenjin) လူမျိုးလွှမ်းမိုးတဲ့ လူနည်းစုအစိုးရ အုပ်ချုပ်တဲ့ နိုင်ငံပဲ။ နောက်ဆုံးတော့
အနောက်ရဲ့ ဖိအားပေးမှုကို အရှုံးပေးခဲ့ရပြီး ပါတီစုံရွေးကောက်ပွဲတရပ်ကို ကျင်းပပေးခဲ့ရတယ်။ ဒါပေမယ့် အထောက်အပံ့ ယူနေရတဲ့ သမ္မတ ဒန်နီယဲလ်အာရက် မိုွင်ဟာ သမ္မတနဲ့ ပါလီမန်ရွေးကောက်ပွဲမှာ လူများစုမဲကိုရရှိပြီး အတိုက်အခံတွေ ကြားထဲက ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုနဲ့ လူမျိုးစုကွဲပြားချက်တွေ ပေါင်းစည်းမှုကို အသုံးချနိုင်ခဲ့တယ်။ သူ့ကို ထောက်ခံမဲ အများစုပေးကြတာက သူ့ရဲ့ ကိုယ်ပိုင်အုပ်စုက အဓိက ဖြစ်ပြီး အခြားလူမျိုးစု အဖွဲ့လေးတွေဆီကလည်း မဲအတော်များများ ရခဲ့တာပဲ ဖြစ်တယ်။ ရလဒ်ကတော့ နိုင်ငံရဲ့ အကြီးမားဆုံး လူမျိုးစုအုပ်စုနှစ်ဖွဲ့ဖြစ်တဲ့ ကီကူယူ(Kikuyu) နဲ့ လူအို (Luo) တို့ကို အမြဲဖယ်ထုတ်ထားတဲ့ အုပ်ချုပ်ရေးတရပ် ထွက်ပေါ်လာခဲ့တာပါပ။ဲ
ကင်မရွန်း သမ္မတ ပေါလ် ဘီရာဟာ ဘီတီ (Beti) နဲ့ ဘူလူ (Bulu) လူမျိုးနှစ်စု အဓိက ထောက်ခံထားတဲ့ အစိုးရအဖွဲ့ကို ဦးစီးနေသူဖြစ်တယ်။ သူဟာ လူမျိုးစု စည်းလိုင်းခြားထားတဲ့ အတိုက်အခံ တစုဆီကနေ အကျိုးအမြတ်ရခဲ့တယ်။ အဓိက အတိုက်အခံ ပါတီကြီးတခုက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တော့ သမ္မတ ဘီရာ အမြတ်ထွက်ခဲ့တာပဲ။ ဘီရာဟာ ညွန့်ပေါင်း ဥပဒေပြုလွှတ်တော် ဖွဲ့စည်းပြီး ဒီထဲမှာ သူ့ပါတီက လွှမ်းမိုးထားတယ်။ ပြီးရင် သမ္မတရွေးကောက်ပွဲမှာလည်း လူများစုရဲ့ဆန္ဒမဲနဲ့ အနိုင်ရခဲ့တယ်။ သမ္မတဖြစ်ပြီးတဲ့နောက်မှာ သူ့ရဲ့ အဓိက အတိုက်အခံတွေကို ဖမ်းဆီးခဲ့တော့တာပဲ။ တိုင်းပြည်မှာ သဘောထား ကျဉ်းမြောင်းတဲ့မူနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရတရပ် ဆက်လက်အုပ်ချုပ်ခွင့် ရနေခဲ့တော့တယ်။ ဂါနာနိုင်ငံရဲ့ မပြတ်သားတဲ့ ရွေးကောက်ပွဲကို ဆက်ကြည့်ပါ။ စစ်တပ်အုပ်ချုပ်ရေးသမား ဂျယ်ရီရောလင်းဟာ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်။ သူ့ရဲ့ လူမျိုးစု အီဝီ (Ewe) တွေ လွှမ်းမိုးတဲ့ဒေသမှာ မဲအားလုံးရဲ့ ၉၃ ရာခိုင်နှုန်းရရှိပြီး သမ္မတရွေးကောက်ပွဲကို နိုင်ခဲ့တာပါ။ ဒါပေမယ့် အာရှန်တီဒေသမှာတော့ မဲအားလုံးရဲ့ သုံးပုံ-တပုံလောက်တောင် မရဖြစ်ခဲ့တယ်။ ဒါဟာ အစောပိုင်း သဘောထားအမြင် နှစ်ခြမ်းကွဲနေမှုကို ပြန်ရှင်သန်လာစေတာ။
နေရာတိုင်းမှာ ဖြေရှင်းကိုင်တွယ်မှုတိုင်းဟာ အောင်မြင်နိုင်တာတော့ မဟုတ်ပါဘူး။ ဘီနင်နဲ့ ဇမ်ဘီးယားတို့မှာ ကျဉ်းမြောင်းတဲ့ အုပ်ချုပ်ရေးတွေဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ လူထုရဲ့ ဖိအားပေးမှုကို အလျှော့ပေးခဲ့ရပြီး ရွေးကောက်ပွဲမှာလည်း ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီနိုင်ငံတွေက ဖြစ်ရပ်တွေကတော့ ခြွင်းချက်ကိစ္စတွေလို့ ဆိုရမယ်။ ဒီနိုင်ငံတွေမှာ ခေါင်းဆောင်တွေ လမ်းကြောင်းပေးသွားခဲ့တဲ့အရာကို လူမျိုးစု ပေါင်းစုံပါဝင်တဲ့ ဒီမိုကရေစီပုံစံလို့တော့ ပုံဖော်သတ်မှတ်ကြည့်လို့ မရနိုင်ဘူး။ ကြီးမားတဲ့ လက်နက်ကိုင် တော်လှန်ပုန်ကန်မှုတွေဟာ လူမျိုးစုသဘော အခြေခံအုပ်ချုပ်ရေးကို ဆန့်ကျင်တိုက်ခိုက်ဖို့
ရည်ရွယ်ကြတယ်။ စစ်ရေးအရ အောင်မြင်မှု မရှိတဲ့နေရာမှာ တန်ပြန်စစ်ဆင်မှုတွေကို ယေဘုယျအားဖြင့် လုပ်သွားတတ်တယ်။ သဘောက ဒီမိုကရေစီ အလားအလာတွေကို တိုးမြှင့်တာထက် လျှော့ချပစ်ကြတာမျိုးပဲ။ သီရိလင်္ကာနဲ့ ဆူဒန်မှာ ဒီလိုသဘောတွေ ဖြစ်ပျက်ခဲ့တယ်။ မြန်မာနိုင်ငံမှာလည်း စစ်အစိုးရက ဒီမိုကရေစီ ဖော်ဆောင်ရေးတွေ မလုပ်ချင်တဲ့ အကြောင်းရင်းတွေထဲမှာ လူနည်းစုလက်နက်ကိုင် ပုန်ကန်မှုတွေ ရှိနေတာကလည်း အဓိက အချက် ဖြစ်ပါတယ်။ တကယ်လို့ သောင်းကျန်းသူတွေက အနိုင်ရတယ်ဆိုဦးတော့၊ ဒါမှမဟုတ် အနည်းဆုံး အာဏာရ အုပ်ချုပ်ရေးပိုင်းက လိုက်လျောပေးလာရတယ် ဆိုစေဦးတော့ အကျိုးရလဒ်တွေဟာ ဒီမိုကရက်တို့အတွက် စိတ်ပျက်စရာတွေ ဖြစ်နေနိုင်ဆဲပါ။ လိုက်ဘေးရီးယားနဲ့ ဆိုမားလီယာနိုင်ငံတွေမှာ သောင်းကျန်းသူတွေရဲ့ အောင်ပွဲဟာ နောက်ထပ် လူမျိုးစုအကြမ်းဖက်မှုနဲ့ စစ်ပွဲအခြေအနေကိုသာ ဖန်တီး ဖြစ်ပေါ်စေခဲ့တယ်။
ဇင်ဘာဘွေမှာဆိုရင် နိုင်ငံ လွတ်လပ်ရေးကို ရစေခဲ့တဲ့ မျိုးချစ်တပ်ဦး (Patriotic Front) ရဲ့ အောင်ပွဲဟာ ရောဘတ် မူဂါဘီရဲ့ ရှိုနာ (Shona) လူမျိုး ဦးဆောင်တဲ့ အုပ်ချုပ်ရေးရဲ့ ဂျိူရှုနာ အမ်ကိုမိုရဲ့ အန်ဒီ အီဘီလီ (Nd ebele) လူမျိုးစု အတိုက်အခံတွေကို နှိပ်ကွပ်တိုက်ခိုက်တဲ့ စစ်ပွဲအခြေအနေကို လည်ပတ်ဖြစ် ပေါ်စေခဲ့တာပါပဲ။ အမ်ကိုမိုဟာ တပါတီနိုင်ငံတော်ကို အလျှော့ပေးခဲ့ရတဲ့အထိ နှိပ်ကွပ်ခံခဲ့ရတာပဲ။ အာဖဂန် ပြည်တွင်းစစ်ဟာ လက်တွေ့မှာ နိုင်ငံရဲ့ တောင်ဘက် ပထန်နိုင်ငံတော်၊ နိုင်ငံရဲ့ မြောက်ဘက် တာဂျစ်နဲ့ ဥဇဘက်နိုင်ငံတော်ဆိုပြီး ပေါ်ထွက်စေခဲ့တယ်။ ဒီနိုင်ငံတွေ အားလုံး ဒီမိုကရေစီကို လိုလားခဲ့ကြတာ မဟုတ်ပါဘူး။ အကျိုးရလဒ်အနေနဲ့ တာဂျစ်ကစ္စတန်မှာ လူမျိုးစုအရ ကွဲပြားခြားနားတဲ့ အင်အားစုတွေဟာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီး သိပ်မကြာခင် အချိန်လေးမှာပဲ တိုက်ပွဲသံတွေ ညံလာတော့တာပါပဲ။ သောင်းကျန်းမှုဆိုတာ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေကို တည်ဆောက် ဖြစ်ထွန်းစေနိုင်တာ မဟုတ်ပါဘူး။
တကယ်လို့ တိုက်ပွဲမျက်နှာစာမှာ အာဏာရှင်အုပ်ချုပ်ရေးတွေ အရှုံးတွေ့ရတယ် ဆိုရင်တောင်မှ ဒါဟာ အနိုင်ရတဲ့ သောင်းကျန်းသူတွေဘက်က ကွဲပြားခြားနားမှုရှိတဲ့ လူ့အဖွဲ့အစည်းတရပ်အတွင်း ဒီမိုကရေစီ အကူးအပြောင်း တရပ်ကို ဖန်တီးနိုင်တော့မယ်ဆိုပြီး အဓိပ္ပာယ်ကောက်ယူလို့ မရဘူး။ အဲဒီလို ဦးစားပေးစဉ်းစားရမယ့် အခြေအနေတွေဟာ သေချာတာ အီသီယိုးပီးယားမှာ ဖြစ်ခဲ့တယ်ဆိုတာပဲ။ စိတ်ရှည်ရှည်နဲ့ ဒီမိုကရေစီဘက် တိမ်းယိမ်းလာမှုတွေဟာ အထင်အရှား ဖြစ်ခဲ့တယ်။ နိုင်ငံရဲ့ အဓိက သောင်းကျန်းသူအုပ်စု သုံးဖွဲ့ထဲကနှစ်ဖွဲ့ဖြစ်တဲ့ တီဂရေးယန်းတွေ (Tigrayans) နဲ့ အိုရိုမို (Oromo) တို့ဟာ တတိယအဖွဲ့ အီရစ်ထရီယန် (Eritreans) တွေရဲ့ ကိုယ်ပိုင်သီးခြားနိုင်ငံတော် ဖွဲ့စည်းမှုကို သဘောတူလိုက်ကြတယ်။ ကျန်တဲ့အဖွဲ့တွေအတွက် အက်ဒစ် အဘာဘာမြို့က အုပ်ချုပ်ရေးသမားသစ်တွေဟာ ကျန်တဲ့ လူမျိုးစုအုပ်စုတွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ထည့်စဉ်းစားပေးမယ့် ဒီမိုကရေစီနည်းကျ အီသီယိုးပီးယားနိုင်ငံ တနိုင်ငံကို တည်ထောင်ဖို့ စီစဉ်ခဲ့ကြတယ်။
ဒါပေမယ့် အဲဒီတုန်းက အိုရိုမိုခေါင်းဆောင်တွေဟာ သူတို့ရဲ့ တီဂရေးယန်း လုပ်ဖော်ဟောင်းတွေကို ၁၉၉၂ ခုနှစ် ဒေသအလိုက် ရွေးကောက်ပွဲတွေမှာ အကြံအဖန်လုပ်ဖို့ ကြိုးစားတယ်ဆိုပြီး စွပ်စွဲခဲ့ကြတယ်။ အိုရိုမိုဟာ နိုင်ငံတွင်းမှာ အရေအတွက် အများဆုံးရှိတဲ့ လူမျိုးစု အုပ်စုတခုဖြစ်တယ်။ ဒီတော့ အထက်က စွပ်စွဲချက်ကိုကိုင်ပြီး သောင်းကျန်းမှု မျက်နှာစာသစ်တခုကို စတင်ဖွင့်လှစ်ခဲ့တော့တာပါပဲ။ သူတို့ရဲ့ နိုင်ငံတော်ကနေ နှုတ်ထွက်သွားမှုဟာ ရှောင်လွှဲလို့မရဘဲ လက်ခံပေးရမယ့် အခြေအနေတခုကို ဖန်တီးပေးလိုက်တာ။ ဒါကတော့ ပြည်တွင်း လူမျိုးစုအချင်းချင်း တိုက်ပွဲတွေနဲ့ သောင်းကျန်းမှုတွေပဲ။ ဒီအခါမှာ ရွေးကောက်ပွဲတွေမှာ တီဂရေးယန်းပါတီနဲ့ သူ့အပေါင်းပါတွေဟာ အမတ်နေရာ ၉၀ ရာခိုင်နှုန်းနဲ့ အနိုင်ရပြီး အီသီယိုးပီးယားနိုင်ငံကို လက်တဆုပ်စာ လူနည်းစုလေးက အုပ်ချုပ်တဲ့နိုင်ငံ ဖြစ်သွားစေတယ်။ အီသီယိုးပီးယားနိုင်ငံဟာ အခြေကျယ်ပြန့်တဲ့ သောင်းကျန်းမှုတခုရဲ့ အနိုင်ယူ သိမ်းပိုက်မှုကို ခံခဲ့ရတာပါပဲ။ ပုန်ကန်ထကြွမှုတွေ မရှိဘဲနဲ့လည်း အလားတူရလဒ်တွေ ဖြစ်ပေါ်လာနိုင်ပါသေးတယ်။
(ဆက်လက်ဖော်ပြပါမည်)