ရန်ကုန်မြို့မှာ ကထိန်ရာသီရောက်ပြီဆိုရင် ကထိန်ပွဲတွေ ဖြစ်မြောက်အောင် အပြိုင်အဆိုင် အလှူခံတဲ့ ဆိုက်ကားဂိတ်၊ ကားဂိတ်၊ ရပ်ကွက်လူငယ်၊ အသင်းအဖွဲ့တွေက အလှူခံထွက်ကြတဲ့အခါ အရင်လို မြန်မာသံစဉ်၊ ရိုးရာတီးလုံးတွေ၊ သီချင်းတွေ ဖွင့်ပြီး အလှူခံတဲ့ ဓလေ့ထက် နိုင်ငံတကာတီးလုံးတွေ၊ DJ နဲ့ Remix တွေလို ဂီတတွေနဲ့ အလှူခံကြတာ ပိုများနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အလှူခံမှာ ဖွင့်နေကြတဲ့ သီချင်းတွေရဲ့ အဓိပ္ပာယ်ဟာ မြန်မာလိုပြန်ရင် ယဉ်ကျေးမှုမရှိဘဲ တော်တော်လေး နားမခံသာဘဲ ဘာသာရေးအမြင်နဲ့ ကြည့်ရင် မလျော်ညီတဲ့ သီချင်းတွေ ဖြစ်နေတယ်လို့ ဒေါပုံမြို့နယ်မှာ နေတဲ့ မမီးမီးက ဧရာဝတီကို ပြောပါတယ်။
“နိုင်ငံခြားသီချင်းတွေကို အဓိပ္ပာယ် မသိဘဲ ဖွင့်နေကြတာ တော်တော်ဆိုးတယ်။ ဥပမာ ဂျနီဖာလိုပက်ဇ်ရဲ့ On the Floor ဆိုတဲ့ သီချင်းက နိုက်ကလပ်တွေမှာ ဖွင့်သင့်တဲ့ သီချင်းမျိုး။ Hotel Room Service ဆိုတဲ့ သီချင်းမျိုးတွေ။ ပြီးတော့ အင်္ဂလိပ်လို Low, Low လို့ဆိုတဲ့ သီချင်းတပုဒ်ကို မြန်မာလို အသံလိုက်ထွက်ပြီး ဆိုနေကြတာ ကြားရတာ တော်တော်ဆိုးတယ်” လို့ မမီးမီးက သူရဲ့ အမြင်ကို ပြောပါတယ်။
ရန်ကုန်မြို့မှာ အလှူခံထွက်ကြတဲ့အခါ ကိုရီးယားအဆိုကျော် PSY ရဲ့ အိုပါဂန်းနမ်းစတိုင် သီချင်းကို အသံချဲ့စက်နဲ့ အသံကုန် ဖွင့်ကြောင်း၊ နေ့ညအချိန်မလပ် အလှူခံတော်တော်များများမှာ ဒီသီချင်းကို နှစ်နှစ်ခြိုက်ခြိုက်ဖွင့်ပြီး ဒီသီချင်းထဲက သရုပ်ဆောင်ရဲ့ ဟန်အတိုင်း မကတတ်ကတတ်နဲ့ လိုက်ကကြကြောင်း၊ တချို့ဆိုရင် အလှူခံထွက်ရင် သောက်စားမူးယစ် နေတာမျိုးတွေပါ ရှိကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းမှာနေတဲ့ ဒေါ်ဥမ္မာက ပြောပါတယ်။
“လှူဖို့ အလှူခံရင်တော့ မပြောပါဘူး။ တချို့ကြတော့ အလှူခံပြီးတော့ အဲဒီပိုက်ဆံထဲက အရက်ဝယ်သောက် နေတာမျိုးတွေကတော့ မကောင်းဘူးပေါ့လို့” ဒေါ်ဥမ္မာက ဆက်ပြောပါတယ်။
အိုပါဂန်းနမ်းစတိုင် သီချင်းအပါအဝင် သီချင်းအမြူးလေးတွေ ဖွင့်ရတာဟာ လူစိတ်ပါလာပြီး လှူချင်တန်းချင်လာအောင် လုပ်ရတာ ဖြစ်ပြီး အလှူခံလှည့်တဲ့အခါ ကတဲ့သူတွေကို မြူးအောင်၊ စိတ်ပါလက်ပါ ကချင်လာအောင် လုပ်ရတာဖြစ်ကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်း (၄၀) ရပ်ကွက်မှာ ဘုံကထိန်ဖြစ်မြောက်ရေး ဦးဆောင်အလှူခံတဲ့ ကိုသီဟက ဧရာဝတီကို ပြောပါတယ်။
“ဂန်းနမ်းစတိုင် သီချင်းက မြူးတယ်။ အဲတာကြောင့် လူများတဲ့နေရာရောက်ရင် ဂန်းနမ်းစတိုင်သီချင်း ဖွင့်ထည့်လိုက်တာပဲ။ တခါတလေ ဗီဗာဟိန်း၊ DJ သီချင်းတွေ ဖွင့်တယ်” လို့ ကိုသီဟက ဆိုပါတယ်။
ဘာသာရေး၊ ဓမ္မသီချင်းတွေ ဖွင့်ရင် အလှူခံငွေ နည်းနည်းပဲ ရတယ်လို့ အလှူလှည့်ခံတဲ့သူတွေက ယုံကြည်နေကြပြီး ဂီတအသံစုံနဲ့ ဖွင့်ပြီးအလှူခံတာ တရက်ကို မြန်မာကျပ်ငွေ ခြောက်သောင်းကနေ တစ်သိန်းထိရတယ်လို့ သိရပါတယ်။
အလှူခံထွက်တဲ့ အခါမှာလည်း တချို့ရပ်ကွက်တွေက ပေးမဝင်တာမျိုးတွေရှိကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဆီကို တရက်ကြိုပြီး အကြောင်းကြားမှ ရပ်ကွက်ထဲ ဝင်ခွင့်ရလေ့ရှိကြောင်း၊ ကြိုတင် အကြောင်းမကြားမိလို့ ဒဂုံမြို့သစ် မြောက်ပိုင်း (၃၆) ရက်ကွက်မှာ သွားအလှူခံတဲ့အခါ မရဘဲ လှည့်ပြန်ခဲ့ရတာ ရှိကြောင်းလည်း ကိုသီဟက ပြောပါတယ်။
“သောက်တာစားတာ ရှိကြတာတော့ ဟုတ်တယ်။ လူအမျိုးမျိုး စိတ်အထွေထွေပဲ။ သောက်တာစားတာကတော့ သိပ်မဆန်းတော့ဘူးလို့ ပြောရမယ်” လို့လည်း သူက ဆိုပါတယ်။
အခုလိုမျိုး သောက်စား အလှူခံနေတာမျိုးတွေ ဖြစ်မှာစိုးလို့ ကထိန်အလှူခံကို ကိုယ်ထူကိုယ်ထ အနေနဲ့ ဖြစ်အောင် ကထိန်ရာသီ မတိုင်ခင် လွန်ခဲ့တဲ့ လေးလလောက်က စပြီးတော့ ကိုယ့်ဂိတ်က တက္ကစီ ယာဉ်မောင်းတွေကို တယောက်လျှင် တရက် ၂၀၀
ကျပ်နဲ့ ကြိုပြီးတော့ အလှူခံထားလို့ တခြားနေရာတွေမှာ လိုက်ပြီးတော့ အလှူခံဖို့ မလိုတော့ဘူးလို့ ဒဂုံမြို့သစ် မြောက်ပိုင်း (၄၀) ရက်ကွက် ကုန်းထိပ်မှတ်တိုင် တက္ကစီဂိတ်က ကိုမြင့်နိုင်က ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ ဂိတ်မှာက တက္ကစီ ယဉ်မောင်း ၂၅ ဦးလောက် ရှိတယ်။ သူတို့ဆီက ငွေနဲ့ ကိုယ့်အသိ အိမ်လေးတွေမှာပဲ အလှူခံလိုက်တာ ၇ သိန်းကျော် ရတယ်။ အလှူမခံဘူးဆိုတာက အရက်သေစာသောက်စားမှာ၊ သရုပ်ပျက်တာမျိုးတွေ
မဖြစ်စေချင်လို့” လို့ ကိုမြင့်နိုင်က ဆိုပါတယ်။
ကထိန်ပွဲဆိုတာဟာ တနှစ်မှာတခါ၊ တလမှာတကြိမ်၊ တကြိမ်မှာ တခါပဲဆိုသလို့ ပြုလုပ်ရတဲ့ ကာလဒါန တမျိုးဖြစ်ပြီး ဘုရားကိုယ်စား သံဃာတွေကို ပူဇော်တာဖြစ်လို့ တတ်နိုင်ရင် တရားနဲ့ ပူဇော်တာ၊ ပဌာန်းနဲ့ ပူဇော်တာမျိုးကသာ အကောင်းဆုံးလို့ တောင်ဥက္ကလာ (၂) ဝိုင်းမှာ ရှိတဲ့ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်က စာချဆရာတော် အရှင် ဥတ္တရက ဧရာဝတီကို မိန့်ပါတယ်။
“ပုံစံအမျိုးမျိုးနဲ့ အလှူခံကြတာက သူတို့ရဲ့ လုပ်ငန်းအပေါ်မှာ တက်ကြွအောင် လုပ်ကြတာပေါ့။ အတိုင်းအထက်လွန်
သရုပ်ပျက်သွားတာမျိုး ဆိုရင်တော့ မကောင်းဘူးပေါ့။ ဆိုင်ကယ်တွေ၊ ကားတွေရှေ့မှာ အရုပ်ကြီးတကားကားနဲ့ ပိတ်ပြီး အတင်းအလှူခံတာမျိုးတော့ မကောင်းဘူးပေါ့” လို့ အရှင် ဥတ္တရက မိန့်ပါတယ်။
ကထိန်သင်္ကန်းကို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ကနေ တန်ဆောင်မုန်း လပြည့်နေ့အထိ ကပ်လို့ရပြီး ကထိန် အကျိုးတရားကိုတော့ တပေါင်းလပြည့်နေ့အထိ ခံစားလို့ရတယ်လို့ သိရပါတယ်။