မြန်မာ့စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂ ရင်းနှီးမြှုပ်နှံမှုဘဏ်မှ နှစ်စဉ် ယူရို သန်း ၁၀၀ ခန့် အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးမည်ဖြစ်ကြောင်း မြန်မာ-ဥရောပ သမဂ္ဂ လုပ်ငန်းပူးတွဲ ကြေညာချက်အရ သိရသည်။
နိုဝင်ဘာလ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည့် မြန်မာ-ဥရောပ သမဂ္ဂ လုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲ ပူးတွဲ ကြေညာချက်အရ ဖွံ့ဖြိုးရေးကာလ ၇ နှစ်တာအတွင်း သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ သစ်တောနှင့် အသေးစား အလတ်စား လုပ်ငန်းများအတွက် နှစ်စဉ် ယူရို သန်း ၃၀ မှ သန်း ၁၀၀ အထိ ထုတ်ချေးမည်ဟု သိရှိရသည်။
ထို့အပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ကဏ္ဍ ၅ ခုတွင်လည်း ဥရောပသမဂ္ဂ (EU) က ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည်နှစ်အထိ ၇ နှစ်တာအတွင်း ဒေါ်လာ သန်း ၁၂၀ ကူညီ ထောက်ပံ့သွားရန် အစီအစဉ် ရှိကြောင်းသိရသော်လည်း မည်သည့်ကဏ္ဍများတွင် မည်မျှ ထောက်ပံ့မည်ကိုမူ မသိရသေးပေ။
“ကဏ္ဍ ၅ ခုက ဟိုတယ်နဲ့ခရီး၊ စွမ်းအင်ဆိုင်ရာ၊ မွေးမြူရေးပိုင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာနဲ့ အသေးစား အလတ်စားပိုင်းတွေဘက်မှာ ကူညီသွားဖို့ စီစဉ်ထားပါတယ်။ ဘယ်လောက်ကူညီမလဲ၊ ဘယ်အပိုင်းတွေ ကူညီမလဲဆိုတာကတော့ ဆွေးနွေးတိုင်ပင်နေဆဲပါ” ဟု ဥရောပသမဂ္ဂ ကော်မရှင်နာမင်းကြီး Andris Piebalgs က ပြောကြားသည်။
ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဦးသက်လွင်တိုးက “သူတို့ဘက်ကနေပြီးတော့ ဟိုတယ်ပိုင်းကတော့ နည်းပညာပိုင်း ကူညီဖို့တွေ ပြောထားတယ်။ အခုလက်ရှိ ဒီမှာ နိုင်ငံတကာက လာသင်ပေးနိုင်အောင်ရယ်၊ ဒီကလူတွေကို ဟိုမှာ ပညာသင်နိုင်ဖို့အတွက် လုပ်ပေးဖို့တွေ ပြောထားတယ်။ သူတို့ဘက်က ဘယ်လိုတွေ ကူညီမလဲတော့ ်အခု သေချာမသိသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
EU နှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှု တိုးတက်စေရေးနှင့် ဥရောပတွင် မြန်မာ့လုပ်ငန်းများ ပိုမိုသိရှိလာနိုင်ရေးအတွက်
ဥရောပ လုပ်ငန်းဝန်ဆောင်မှု အထောက်အကူပြု ကွန်ရက်ကိုလည်း မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ရန် သဘောတူထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ-ဥရောပသမဂ္ဂ လုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲကို ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကျင်းပခဲ့ပြီး ကဏ္ဍစုံမှ ဥရောပ ရင်းနှီးမြှုပ်နှံသူများနှင့် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ခဲ့ကြကြောင်း၊ ဥရောပမှ လုပ်ငန်းရှင် ၁၀၀ ကျော်နှင့် မြန်မာ လုပ်ငန်းရှင် ၆၀၀ ခန့် တက်ရောက်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ကူညီရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် သမ္မတ ဦးသိန်းစိန်က ဥရောပ လုပ်ငန်းရှင်များကို မြန်မာနိုင်ငံတွင်း ရေရှည်လုပ်ဆောင်နိုင်မည့် တာဝန်သိသည့် ရင်းနှီးမြှုပ်နှံမှုများ လျင်လျင်မြန်မြန် ပြုလုပ်ကြရန် တိုက်တွန်းခဲ့သည်။
“ရှေ့ခရီးမှာ အလုပ်တွေ တပုံတပင်ရှိနေပါတယ်။ ဆင်းရဲမွဲတေမှု လျော့ချရေးလုပ်ငန်းစဉ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။ ပြည်သူဗဟိုပြု စီးပွားရေးဖြစ်ဖို့ လုပ်ဆောင်ဖို့ လိုနေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း အပစ်ခတ် ရပ်စဲရေးကို လုပ်ဆောင်နိုင်ခဲ့သလို ကျန်တဲ့အဖွဲ့တွေနဲ့လည်း လုပ်ဆောင်နေပါပြီ။ ရင်းနှီးမှုတွေရှိမှ တိုင်းရင်းသားဒေသတွေမှာ ဆင်းရဲမွဲတေမှု လျော့နိုင်ပါမယ်။ ရင်းနှီးမှုမှာ တာဝန်သိတဲ့ ရင်းနှီးမှုတွေ မြန်မြန်ထက်ထက် လုပ်ဆောင်ဖို့လိုပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။
ရန်ကုန်တွင် ကျင်းပသည့် ဆွေးနွေးပွဲ ပထမနေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကမူ ရင်းနှီးမြှုပ်နှံမည့် သူများအနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသို့ ဦးတည်နေသည့် အရေးပါသော နိုင်ငံရေး စိန်ခေါ်မှုများကို ပစ်ပယ်မထားသင့်ကြောင်း ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် တနိုင်ငံလုံးနှင့် သက်ဆိုင်သော လူမှုရေး၊ နိုင်ငံရေး ဖွံ့ဖြိုးမှုပေါ်တွင်
အခြေခံသည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ပြည်သူလူထူ၏ ယုံကြည်မှုကို မရရှိသည့် မည်သည့် အစိုးရကမှ ဝင်ရောက်လာမည့် စီးပွားရေး လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုကို အကာအကွယ် ပေးနိုင်မည် မဟုတ်သည့်အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် ဆိုပါက နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုသည့် အမြင်မှ ထည့်သွင်း စဉ်းစားရန် မမေ့သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့သည်။
EU ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန်က ဖိနှိပ်ထားမှုမှ လွတ်မြောက်လာသည့် နိုင်ငံတနိုင်ငံအနေဖြင့် ဤခရီးအား ဖြတ်သန်းရမည်ကို EU အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များရော၊ ဥရောပမှ စီးပွားရေး ကိုယ်စားလှယ်များရော၊ EU တခုလုံးကပါ ကောင်းစွာ သိထားပြီး ယင်းခရီးစဉ်အတွက် ထောက်ပံ့ပေးရန် ဆန္ဒရှိကြောင်း ပြောသွားသည်။
ရခိုင်ပြည်နယ်အတွင်း မွတ်စလင်များနှင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအပါအဝင် တိုင်းရင်းသား ပဋိပက္ခများကို မြန်မာနိုင်ငံက ရင်ဆိုင်နေရပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် ခြိမ်းခြောက်မှုတခု ဖြစ်နေကြောင်း ဥရောပသတင်းစဉ်တွင် ရေးသားထားသည်။
“(မြန်မာ) နိုင်ငံရဲ့ တိုးတက်မှုတွေကို ဥရောပ သမဂ္ဂက ထောက်ခံပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အားကောင်းအောင် လာရောက်တာပါ။ ဒါပေမယ့် ဒီဆွေးနွေးပွဲ ခရီးစဉ်က တိုင်းရင်းသားအတွင်း တိုက်ခိုက်မှုများနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီးနေတဲ့ သတင်းတွေအပေါ်မှာ စိုးရိမ်မှု ရှိပါတယ်” ဟု ဥရောပ သတင်းစဉ်မှ အစ္စဘယ် မားကက်စ် ဒါ ဆီလ်ဗာက ပြောထားသည်။