မြန်မာနိုင်ငံတွင် သားဆက်ခြား ပညာပေးရေးနှင့် ပတ်သက်၍ ဆင်းရဲချမ်းသာ၊ နေရာဒေသအလိုက် ကွဲပြားမှု မရှိစေရန် ပိုမို ကျယ်ပြန့်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။
သားဆက်ခြားလုပ်ငန်းကို အမျိုးသားစီမံကိန်းနှင့်အညီ ဆင်းရဲချမ်းသာ နေရာဒေသအလိုက် ကွဲပြားမှုမရှိစေရန်
လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ သားဆက်ခြားနည်းကို အသုံးမပြုခြင်းကြောင့် ကိုယ်ဝန်ဖျက်ချကာ ဖြစ်ပွားသည့် နောက်ဆက်တွဲ ပြသာနာကို ကြိုတင်ကာကွယ်လိုခြင်း၊ သားဆက်ခြားခြင်းကြောင့် ပျော်ရွှင်သည့် မိသားစုဘ၀ ပိုင်ဆိုင်မှုကို မြန်မာပြည်ရှိ ပြည်သူများ ရစေလိုကြောင်း နိုဝင်ဘာ ၁၅ ရက်နေ့က နေပြည်တော်ရှိ ရွိုင်ရယ် ကုမုဒြာ ဟိုတယ်တွင် ကျင်းပသော Family Planning 2020 Press Conference တွင် ပြောကြားသည်။
“သားဆက်ခြားခြင်းဟာ နိုင်ငံရဲ့ အရေးကြီးတဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်။ မိသားစုတိုင်းဟာ ကလေးဘယ်နှယောက် ယူမယ်ဆိုတာ
ကိုယ်ပိုင်ဆုံးဖြတ်လို့ ရပါတယ်။ တဆက်နဲ့ တဆက်ကြား ခြားရင်တော့ ကလေးတွေ ဖွံ့ဖြိုးမှု၊ ပညာရေးပါ တိုးတက်လာမှာပါ။ ပြီးတော့ ကိုယ်ဝန်ဖျက်ချပြီး နောက်ဆက်တွဲဖြစ်တဲ့ မိခင်သေဆုံးမှုနှုန်းတွေ လျော့လာမယ်။တခြားနိုင်ငံလို မိသားစု ဘယ်နှယောက်မွေး ဆိုတာတော့ မလုပ်ပါဘူး” ဟု ဒု ဝန်ကြီး ဒေါက်တာ ဒေါ်သင်းသင်းဌေးက ဆိုသည်။
အစိုးရက ကျန်းမာရေးနှင့် ပညာရေးအတွက် ယခင်နှစ်ကထက် ပိုမို ထောက်ပံ့လာသည့်အတွက် သားဆက်ခြား ကျန်းမာရေးနှင့် ပတ်သက်၍ စီမံချက် နယ်မြေမှအပ တခြားမြို့နယ် အားလုံးကို ထောက်ပံ့လာနိုင်ကြောင်း၊ ဆေးဝါးများကိုလည်း ဝယ်ယူ စုဆောင်းလာနိုင်ကြောင်း၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) နှင့် တခြား အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုကြောင့်လည်း သားဆက်ခြားလုပ်ငန်းကို ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်လာနိုင်ကြောင်း သိရသည်။
ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာနစိတ်မှ လက်ထောက် ညွန်ကြားရေးမှူး ဒေါက်တာ မြင့်မိုရ်စိုး က “ဝေးလံတဲ့ ဒေသတွေမှာလည်း သားဆက်ခြားဆေးတွေ ပေးနိုင်ဖို့ ဒေသခံတွေကို လိုအပ်ချက် ဘယ်လောက်ရှိလဲ ဆိုတာ စာရင်း လုပ်ခိုင်းထားပါတယ်။ တဆက်နဲ့ တဆက်ခြားခြင်းဟာ ကျန်းမာရေးအပြင် လူမှုရေး အခွင့်အရေးအရ ကျန်းမာပျော်ရွှင်မှုနဲ့ ကလေးပညာရေးလည်း ဖွံ့ဖြိုးလာနိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပဋိပက္ခဖြစ်ပွားသည့်နေရာများကို UNFPA အဖွဲ့မှ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေကြောင်း၊ သားဆက်ခြား နည်းပညာ အသုံးချရန်အတွက်လည်း အဖွဲ့အစည်းများက ပညာပေးမှုများ ပြုလုပ်ပေးနေကြောင်း၊ သားဆက်ခြားဆေးဝါး သုံးစွဲခြင်းကြောင့် မိခင်သေဆုံးမှု သိသာစွာ လျော့ကျခဲ့ကြောင်း ဒေါက်တာ မြင့်မိုရ်စိုးက ဆိုသည်။
Family Planning International Assistance (FPIA) ၏ အထောက်အပံ့နှင့် မိသားစု ကျန်းမာရေး စီမံကိန်းကို ၁၉၉၁ ခုနစ်မှ
စတင် ဆောင်ရွက်ခဲ့ပြီး စမ်းသပ် ၁ မြို့နယ်မှ ၆ မြို့နယ်အထိ တိုးချဲ့ကာ၊ ၁၉၉၂ ခုနစ်တွင် မြို့နယ်ပေါင်း ၂၀ ကျော် လုပ်ခဲ့ကြောင်း၊ ၁၉၉၇ ခုနစ်တွင် မြို့နယ်ပေါင်း ၅၂ မြို့နယ်အထိ တိုးခ့ျဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေး ဝန်ကြီးဌာနနှင့် UNFPA အဖွဲ့၏ အထောက်အပံ့ဖြင့် မြို့နယ်ပေါင်း ၁၆၃ မြို့နယ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တခြားအစိုးရ မဟုတ်သည့် အဖွဲ့အစည်းဖြစ်သည့် PSI, MSI, IPPF နှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း (MMCWA) တို့မှလည်း သားဆက်ခြားလုပ်ငန်းကို မြို့နယ် အများအပြား ဆောင်ရွက်နေကြောင်း သိရသည်။
အစိုးရကလည်း မိသားစု စီမံကိန်း ၂၀၂၀ (Family Planning 2020) အတွက် လိုအပ်သည် ကျန်းမာရေး အသုံးစရိတ်ကို
နှစ်စဉ် ပိုမိုသုံးစွဲရန်နှင့် မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရောက်လျှင် သားဆက်ခြားနည်းလမ်း သုံးစွဲရန် ဇနီးမောင်နှံ သန်း ၃၀ ခန့်ကို ကျန်းမာရေး အသုံးစရိတ်ရန်ပုံငွေ မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် Commission on Information and Accountability for Women’s and Children’s Health (COIA) ဆိုင်ရာ နိုင်ငံအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၃ခုနစ် ဖေဖော်ဝါရီလတွင် ကျင်းပနိုင်ခဲ့ကြောင်း၊ ၂၀၁၄ ခုနစ်တွင် FP/RH Best Practices Conference နှင့် ၂၀၁၆ ခုနစ်တွင် လိင်မှု ကျန်းမာရေးနှင့် အခွင့်အရေး၊ မျိုးပွားခြင်းဆိုင်ရာများ အာရှ ပစိဖိတ် ဒေသတွင်း ညီလာခံ (APCRSHR) တို့ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
၂၀၀၅ ခုနှစ်တွင် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ကျန်းမာရေးဌာနတို့ ပြုလုပ်သည့် စစ်တမ်းအရ မြန်မာနိုင်ငံတွင် မိခင်လောင်းသေဆုံးမှု အချိုးအစား (MMR) အရ ၁ သိန်းလျှင် ၃၁၆ ဦး ရှိကြောင်း၊ ယင်းတို့အနက် ၁၀ ရာခိုင်နှုန်းမှာ ကိုယ်ဝန်ဖျက်ချမှုနှင့် ဆက်စပ်ကြောင်း သိရသည်။