Politics

နေပြည်တော် NLD ပွဲတွင် ၈၈ ရာခိုင်နှုန်းက ဖွဲ့စည်းပုံ ဥပေဒ ပြင်ရေး ထောက်ခံဟု ဆို

This article has been converted from Zawgyi One to Unicode

အမျိုးသားဒီမိုကရေစီ အဖွဲချုပ် (NLD) ပါတီ၏ နေပြည်တော် လူထုစည်းဝေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အကြမ်းဖျဉ်းအားဖြင့် တက်ရောက်လာသူပြည်သူ ၈၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်ခရိုင် ဇမ္ဗူသီရိမြို့နယ်၊ လက်ပံခါးလှကျေးရွာတွင် NLD ပါတီက၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒရယူပွဲနှင့် ဟောပြောပွဲပြုလုပ်ခဲ့ရာ လူပေါင်း၂ သောင်းခွဲခန့် တက်ရောက်ခဲ့ပြီး အများစုမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံခဲ့သည်ဟု သိရသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်လာသော ယင်းဟောပြောပွဲသို့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး ဒေသများမှ NLD ပါတီဝင်များ၊ ပါတီထောက်ခံသူ ပြည်သူများစွာ တက်ရောက်ခဲ့ကြသည်ဟု နေပြည်တော်ခရိုင် NLD ဥက္ကဋ္ဌ ဦးဇာနည်က ဧရာဝတီသို့ ပြောသည်။

“တက်လာတဲ့ လူဦးရေက တာလီစနစ်နဲ့ ကောက်တာ၊ ၂ သောင်းခွဲကျော်လောက် တက်တယ်။ ရန်ကုန်ကဆိုရင် ဗဟန်းမြို့နယ် အပါအဝင် တောင်ပိုင်းခရိုင်က ပါတီဝင်တွေ လာတက်တယ်။ နောက် မန္တလေးကလည်း မြို့နယ်စုံ လာတက်တယ်။ ကျောက်ဆည်၊ သပိတ်ကျင်း၊ ကျောက်ပန်းတောင်း၊ မလှိုင်၊ ရမည်းသင်း၊ ရေတာရှည် မြို့နယ်တွေ ပါတယ်” ဟု ဦးဇာနည်က ဆိုသည်။

လက်ပံခါးလှကျေးရွာ ဟောပြောပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ NLD ပါတီက လူထုဆန္ဒရယူရာတွင် ပြင်ဆင်ရန် အဆိုပြုသူ ၈၈ ရာခိုင်နှုန်း၊ အသစ်ရေးဆွဲရန် အဆိုပြုသူ ၈ ရာခိုင်နှုန်း ရှိပြီး ကျန်သူများမှာ သဘောထား မပေးကြဟု သိရပြီး လူထုဆန္ဒကို လက်ထောင်စနစ်ဖြင့် ရယူခြင်း၊ သဘောတူပါသလားဟု အသံဖြင့် မေး၍ ရယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

”၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ဟောပြောပွဲပြီးရင် ဒီပွဲကို မလာခင်ကနဲ့ လာပြီးနောက် ဘာကွာခြားလဲ ဆိုတာမျိုး အမေစုက မေးခွန်းထုတ်တယ်။ ဟောပြောတာကို နားမလည်လို့ရှိရင် မေးခွန်းပြန်မေးလို့ ရတယ်ဆိုတဲ့ သဘောပါ။ ကိုယ်မသိတာတွေ သိသွားအောာင် မေးသွားကြဖို့ ပြောတယ်။ လူထုက မေးတာကတော့ အဓိကကတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ မေးခွန်းတွေပါပဲ ” ဟု ဦးဇာနည်က ဆိုသည်။

NLDက ကြားဖြတ်ရွှေးကောက်ပွဲတွင် ကြွေးကြော်ခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ NLD ပါတီ၏ မဟာမိတ် တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးရာ အသစ်ပြန်ရေးဆွဲလိုသော သဘောထားများ ရှိလာသည့်အတွက် ယခုကဲ့သို့ လူထုဆန္ဒ ခံယူပွဲများ ကျင်းပနေခြင်းဖြစ်ကြောင်း NLD ပါတီဝင်၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသူက ဧရာဝတီသို့ ပြောသည်။

”၂၀၀၈ ဖွဲ့စည်းပုံမှာ တိုင်းရင်းသား တန်းတူရေးမရှိတဲ့ ပြဋ္ဌာန်းချက်တွေ၊ လူ့အခွင့်အရေး အပြည့်အဝရဖို့ အဟန့်အတားဖြစ်နေတဲ့ အချက်တွေ၊ အပြန်အလှန် ထိန်းကျောင်းရမဲ့ ဒီမိုကရေစီ မဏ္ဍိုင်ကြီး ၃ ရပ်ကို တဖက်စောင်းနင်း ဖြစ်စေတဲ့ ပြဋ္ဌာန်းချက်တွေ၊ နိုင်ငံသားတိုင်းရဲ့  တန်းတူညီမှုကို အကာအကွယ် မပေးနိုင်တဲ့ ပြဌာန်းချက်တွေနဲ့ ၂၀၁၅ ရွှေးကောက်ပွဲမှာ လွပ်လပ်ပြီး တရားမျှတမှုကို ထိခိုက်စေတဲ့ ပြဋ္ဌာန်းချက်မျိုးကို တွေ့ရတယ်” ဟု ဦးမင်းသူက ဆိုသည်။

ယင်းဟောပြောပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရခြင်းနှင့် ပတ်သက်၍ NLD ပါတီ၏ သဘောထား ရည်ရွယ်ချက် ၉ ချက်ကို လွှတ်တော်အမတ် ဦးမင်းသူက ဖတ်ကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒရယူပွဲနှင့် ဟောပြောပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ”ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ သဘောမတူတဲ့လူတွေ ရှိလို့ရှိရင် အဲဒီလူတွေနဲ့ ဆွေးနွေးပြီးတော့ ကျမတို့ အမြင်တွေကို တင်ပြသင့်တယ်။ ပွင့်ပွင့်လင်းလင်း ကျမတို့တင်ပြမယ်၊ ဘာကြောင့် ကျမတို့က ပြုပြင်ပြောင်းလဲဖို့ လိုတာလဲဆိုတာ။ တဖက်ကလည်း ဘာကြောင့် ပြုပြင်ပြောင်းလဲဖို့ မလိုဘူးလဲဆိုတာ ပီပီပြင်ပြင် ပြောနိုင်ရမယ်။ ပြည်သူတွေကို မပြောင်းနိုင်ဘူး ဆိုတာ ပြောလာရင် ပြည်သူတွေက ပြန်မေးပိုင်ခွင့်ရှိရမယ်။ ဘာ့ကြောင့် မပြောင်းသင့်တာလဲဆိုတာ။ ဘာကြောင့် မပြုပြင်သင့်တာလဲ။ မပြောင်းခြင်း၊ မပြုပြင်ခြင်းဟာ ဒီနိုင်ငံကို ဘယ်လို အကျိုးဖြစ်စေမှာလဲဆိုတာ ပြည်သူလူထုတွေက ပြန်ပြီးတော့ မေးခွန်းထုတ်နိုင်ရမယ်။ အဲဒီလို မေးခွန်းထုတ်နိုင်ဖို့ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ သိသင့်သိထိုက်တာတွေကို ပို့ချပေးနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

NLDက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အသစ်ပြန်လည် ရေးဆွဲရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲများကို ဒီဇင်ဘာလ ၁၅ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရရှိသော ပြည်သူ့ဆန္ဒ သဘောထားကို ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ပေးပို့သွားမည် ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အတိုက်အခံ နိုင်ငံရေး အင်အားစုများအကြား သဘောထားကွဲလွဲမှု အားနည်းချက် များစွာ ရှိနေပြီး တိုင်းရင်းသားများက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထက် အသစ်ပြန်လည် ရေးဆွဲရေးသာ လိုလားကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးတွင် ညီညွတ်မှု ပျောက်ဆုံး နေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

Loading