“ကျနော် ငိုခဲ့မိတယ်” ဟု OIC အထွေထွေ အတွင်းရေးမှူး ဆို
This article has been converted from Zawgyi One to Unicode
ကမ္ဘာ့ အစ္စလမ်နိုင်ငံများ ပေါင်းစည်းထားသည့် အဖွဲ့အစည်း OIC ၏ အထွေထွေအတွင်းရေးမှူးက ကာလရှည်ကြာစွာ ဖိနှိပ်ချုပ်ချယ်ခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင် အသိုင်းအဝိုင်းနှင့် သွားရောက်တွေ့ဆုံ ခဲ့ရသည့် စိတ်လှုပ်ရှားဖွယ်ရာ ခရီးစဉ်က သူ့ကို မျက်ရည်ကျစေခဲ့ကြောင်း ပြောဆိုလိုက်သည်။
“ဒီလို ခံစားမှုမျိုး ဘယ်တုန်းကမှ ကျနော် မခံစားခဲ့ရပါဘူး” ဟု Ekmeleddin Ihsanoglu က စနေနေ့တွင် ပြောကြား ခဲ့ကြောင်း AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ အပြင်ဖက်မှာ ပြန့်ကျဲနေသည့် အမှိုက်ပုံလို ဒုက္ခသည်စခန်းတွေမှာ ဆင်းရဲပင်ပန်းစွာနေ ထိုင်နေရသည့် အရေအတွက် များပြားလှသည့် ဒုက္ခသည်တွေကို မြင်တွေ့ရသည့် အဖြစ်က စိတ်ကို အထိခိုက်စေဆုံး ဖြစ် သည်ဟု သူက ဆိုသည်။ “ကျနော် ငိုခဲ့မိတယ်” ဟု Ihsanoglu က ပြောသည်။
သူနှင့် OIC မှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့ပြီး သမ္မတ၊ ဒုတိယသမ္မတ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ဗုဒ္ဓဘာသာဝင် အများဆုံးဖြစ်သော မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ခ န့် ရှိပြီး ရာစုနှစ်ဝက်မျှ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးလက်အောက်မှ ၂၀၁၁ ခုနှစ်တွင် လွတ်မြောက်လာခဲ့သော်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် လူ ၂၄၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း ၂၄၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် လူမျိုးရေး ဘာသာရေး ခွဲခြားမှု အဓိကရုဏ်းများကြောင့် ထိခိုက်နစ်နာမှုများ ဖြစ်ခဲ့ရသည်။
အဓိကရုဏ်းများ၏ သားကောင် အများစုမှာ “ရိုဟင်ဂျာ”ခေါ် မွတ်ဆလင်များ ဖြစ်ကြသည်။ ၎င်းတို့ထဲမှာ မိသားစု အများအပြားသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်မှာ မျိုးဆက်နှင့် ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အစိုးရက နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်ခံရသူများလည်း ဖြစ်သည်။
ဒုက္ခသည်စခန်းများမှ ကလေးငယ် အများစုသည် ကျောင်းသို့ သွားနိုင်ခြင်း မရှိသည်မှာ တနှစ်ကျော်ခဲ့ပြီဖြစ်သည်။ ဆေးဝါးကုသမှုခံယူရန်ဖြစ်စေ အခြားအကြောင်းနှင့် ဖြစ်စေ စခန်းမှ ထွက်ခွာလိုလျှင် လာဘ်ငွေ အများအပြား ပေးရသည်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဝန်ထမ်းများမှာလည်း မွတ်ဆလင်များကို ပို၍ ဦးစားပေးသည် ဆိုသော စွပ်စွဲချက်ဖြင့် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ကြရသည်။
“ကျနော် ခံစားရတာကို ရှင်းပြလို့တောင် မရပါဘူး။ သိပ်စိတ်ထိခိုက်စရာ ကောင်းပါတယ်” ဟု Ihsanoglu က ပြောကြောင်း AP သတင်းက ဆိုသည်။
OIC အဖွဲ့၏ မြန်မာနိုင်ငံခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြမှုများ ရှိခဲ့သည်။ ရန်ကုန်မြို့နှင့် စစ်တွေမြို့ များသို့ OIC ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိချိန်တွင် လူထောင်ပေါင်းများစွာက “OIC ထွက်သွား” “ ပြည်တွင်းရေးကို စွက်ဖက်ခြင်းကို ရပ်တန့်ပါ” အစရှိသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်သံများ အော်ဟစ် ဆန္ဒပြခဲ့ကြသည်။
သို့သော် မြန်မာအစိုးရ၏ ဖိတ်ခေါ်မှုဖြင့် လာရောက်ရသော ခရီးစဉ်သည် အတော်အသင့်အောင်မြင်မှု ရှိခဲ့သည်ဟု ဆိုနိုင်ကြောင်း Ihsanoglu က ပြောသည်။
ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ဒုက္ခသည်များ၏ နိုင်ငံသားဖြစ်ခွင့်ကိစ္စကို ဖြေရှင်းနိုင်ရန် လုပ်ဆောင်နေကြောင်း အစိုးရထံမှ အာမခံချက် ရရှိခဲ့သည်ဟုလည်း သူကပြောသည်။ အသေးစိတ်အချက်များကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ထို့ပြင် Ihsanoglu က မြန်မာနိုင်ငံမှ မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာဝင်များကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရေးအတွက် အချင်းချင်း နားလည်ယုံကြည်မှု တည်ဆောက်ကြရန်လည်း တိုက်တွန်းလိုက်သည်။
“OIC အနေနဲ့လည်း အသိုင်းအဝိုင်း နှစ်ခုလုံး ငြိမ်းချမ်းစွာနဲ့ ဟန်ချက်ညီညီ အတူတကွ နေထိုင်သွားနိုင်ဖို့ လုပ်ဆောင်သွား ပါမယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ကလည်း မွတ်ဆလင်များ ပြန်လည် နေရာချထားရေးအတွက် အစိုးရ၏ လုပ်ဆောင်မှုများကို OIC အဖွဲ့အား ရှင်းပြခဲ့သည်။ OIC ကိုယ်စားလှယ် အဖွဲ့သည် ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်တောမြို့ရှိ ဒုက္ခသည်စခန်း ၃ ခုကို သွားရောက်လေ့လာခဲ့သည်။
ရခိုင် ဗုဒ္ဓဘာသာဝင်တွေနှင့် တွေ့ဆုံရာတွင် Ihsanoglu က OIC သည် ဘာသာရေးအဖွဲ့အစည်းတခု မဟုတ်ကြောင်း၊ မြန်မာနိုင်ငံမှာ အစ္စလမ်ဘာသာ ပြန့်ပွားရေးလုပ်ဆောင်ရန် သို့မဟုတ် မွတ်ဆလင်တွေကိုသာ ကူညီ်ရန် မဟုတ်ကြောင်း၊ ပဋိပက္ခများတွင် ထိခိုက်ခံစားခဲ့ရသူတွေ အားလုံးကို ခွဲခြားမှုမရှိဘဲ ကူညီပေးရန် ဖြစ်ကြောင်း ထပ်တလဲလဲ ပြောပြခဲ့သည် ဟု OIC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
Ihsanoglu နှင့် ဝန်ကြီးအဆင့် ကိုယ်စားလှယ် အဖွဲ့ဝင်များသည် သောကြာနေ့က သဗြုချိုင်ကျေးရွာဗလီမှ ဝတ်ပြုပွဲတွင် ပါဝင်ခဲ့ကြပြီး သူတို့နှင့် အတူ လူထောင်ပေါင်းများစွာ တက်ရောက် ဝတ်ပြုခဲ့ကြသည်။ Ihsanoglu က ၎င်းတို့၏ အခက်အခဲ များကို အချိန်ယူနားထောင်ပေးခဲ့ပြီး စာနာမှုဖြင့် အားပေးစကားများ ပြောကြားခဲ့သည်။
ပြန်လည်မထွက်ခွာမီ သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်၌ စနေနေ့ မနက်ပိုင်းတွင် တွေ့ဆုံခဲ့သေးသည်။ သို့သော် ယင်းအကြောင်း ပြန်ကြားရေးဝန်ကြီးဌာနပိုင် မီဒီယာများက မည်သည့်သတင်းမျှ ထုတ်ပြန်ကြေညာခြင်း မရှိဘဲ ကြာသပတေးနေ့က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဌ ဦးနန္ဒကျော်စွာ တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်သတင်းသာ ဖော်ပြခဲ့သည်။
OIC အဖွဲ့ဝင်ခုနစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး၊ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးငါးဦးနှင့် OIC အတွင်းရေးမှူးချုပ်တို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခွင့်ရရန် မျှော်လင့်ထားခဲ့သော်လည်း သူတို့၏ တွေ့ဆုံပွဲများသည် နေပြည်တော်တွင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့တွင် ရောက်ရှိနေခဲ့သောကြောင့် တွေ့ဆုံရန် အခွင့်မသာဟု Ihsanoglu က ပြောကြောင်း VOA သတင်းဌာနက သတင်းပေးပို့သည်။
တွေ့ဆုံမှုတိုင်းတွင် Ihsanoglu က မြန်မာ အစိုးရက လက်ရှိဆောင်ရွက်နေသော ဒီမိုကရေစီ ဖော်ဆောင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြုပြင်ပြောင်းလဲရေးနှင့် ရခိုင်ပြည်နယ်အပါအဝင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကို လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အပြည့်အ၀ အလေးထား၍ အဆုံးသတ်နိုင်ရန် အားထုတ်မှုများကို အသိအမှတ်ပြု လေးစားပါကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ပြင် OIC ၏ အထွေထွေအတွင်းရေးမှူးက မြန်မာနိုင်ငံနှင့် ဆွေးနွေးပြောဆိုနိုင်ရေး၊ ဆက်သွယ်နိုင်ရေးအတွက် လမ်းကြောင်းများ ဖွင့်လှစ်ထားရန် ဆန္ဒရှိကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။
OIC သည် ဒီမိုကရေစီကို ထောက်ခံသောကြောင့် ဆန္ဒပြသူများ၏ သဘောထားကို လေးစားကြောင်း၊သို့ရာတွင် OIC အဖွဲ့က မွတ်ဆလင်များကို ငွေတွေပေးနေသည်ဆိုသော သတင်းမှားများကို ယုံကြည်နေသောသူများကို ထောက်ပြပြီး သူတို့အနေဖြင့် ငွေတပြားတချပ်မှ မပေးဟု အခိုင်အမာပြောကြောင်းနှင့် လက်ရှိအချိန်တွင် OIC ရုံးခွဲဖွင့်လှစ်ရန် မရှိဟု Ihsanoglu က VOA ကို ပြောသည်။
“လူတွေရဲ့ တောင်းဆိုချက်ကို ကျနော် လေးစားပါတယ်။ အဲဒါကို သူတို့ မလိုချင်ပါဘူး။ လက်ရှိအချိန်မှာ ဘယ်လိုရုံးမျိုးမှ ကျနော်တို့ဖွင့်ဖို့မရှိပါဘူး။ တစ်ကမ္ဘာလုံးမှာ ကျနော်တို့ရုံးတွေ ရှိပါတယ်၊ နယူးယောက်မှာရှိပါတယ်၊ ဂျီနီဗာမှာရှိပါတယ်၊ ဘရပ်ဆဲလ်မှာရှိပါတယ်။ ကမ္ဘာပေါ်က နေရာအများအပြားမှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကျနော်တို့ရုံးခွဲ မရှိသေးဘဲ ဒီ နားလည်လွဲမှားမှုတွေ ကျော်လွန်သွားတဲ့အထိ ကျနော်တို့ စောင့်နိုင်ပါတယ်” ဟု ဆိုသည်။
OIC ကိုယ်စားလှယ် အဖွဲ့က နားလည်မှု လွဲမှားခြင်းများကို ဖြေရှင်းနိုင်ရန်လိုအပ်ကြောင်းလည်း ဆိုပြီး ရခိုင်ပြည်နယ်အပါအဝင် ပဋိပက္ခတွင် ထိခိုက်ခံစားခဲ့ရသည့် ဒေသများ၊ ပြည်သူများအတွက် လူသားချင်း စာနာ ထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေး အထောက်အကူများ ပေးအပ်ရန် အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့ ကြသည်။