မီးပွိုင့်မိနေတဲ့ ကားတန်းကြီးတွေကြားမှာ ဝါးခမောက်ကိုယ်စီဆောင်း၊ မောင်းထောင်ချိုင့် ကိုယ်စီကိုင်ပြီး ကွေ့ပတ်သွားလာနေတဲ့ အမျိုးသမီးတစုကို မကြာခဏ မြင်တွေ့ရပါတယ်။
အိမ်ကနေ ရုံးကို သွားတဲ့လမ်းမှာ ဦးဝိစာရမီးပွိုင့်ကို ကျမ နေ့စဉ်ဖြတ်ရတယ်။ အကြိမ်အတော်များများမှာ စောစောကပြောတဲ့ အမျိုးသမီး တွေကို တွေ့ရတာပါ။
“ဒီမိန်းမတွေက လူတွေကို လိမ်ပြီး အလှူခံနေကြတာဗျ။ တနေ့က ကျနော်က မေးတယ်။ ခင်ဗျားတို့ ဘာအတွက် အလှူခံနေတာလဲ ဆိုတော့ တရားပွဲအတွက်လို့ ဖြေတယ်။ ဘယ်မှာလုပ်မယ့်တရားပွဲလဲလို့ ကျနော်ထပ်မေးတော့ မြေနီကုန်း အောက်ချိုင့်မှာ လုပ်မှာတဲ့။ သူတို့ပြောတဲ့ ရပ်ကွက်မှာ ကျနော်နေတာ။ ဘာတရားပွဲမှ မရှိဘူး”လို့ ကျမ စီးလာတဲ့ အငှားယာဉ်မောင်းက ပြောပြပါတယ်။
သူတို့ရင်ဘတ်မှာ ရင်ထိုးတံဆိပ် အဝိုင်း အဟောင်းတွေကို တပ်ထားတယ်။ တခါတလေမှာ ယောဂီဝတ်စုံ ခပ်နွမ်းနွမ်း၊ တခါတလေမှာ ပါတိတ် ဝမ်းဆက် ခပ်နွမ်းနွမ်းတွေ ဝတ်ပြီး ကျောက်စရစ်ခဲလေးတွေ ထည့်ထားတဲ့ ဒန်မောင်းထောင်ချိုင့်ကို လှုပ်ရင်း ကားကြိုကားကြားမှာ သွားလာနေတာကို တွေ့ရတယ်။
တခါတလေမှာ သူတို့နားက ဖြတ်လျှောက်သွားမိရင် “ညီမလေး..လှူသွားပါဦး” ဆိုပြီး ဒန်ချိုင့်ကို တဂျောက်ဂျောက် လှုပ်ပြတယ်။
ဒါက သင်္ကြန်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း စတဲ့ ဗုဒ္ဓဘာသာတွေရဲ့ အထင်ကရ ပွဲတော်ကာလမျိုးတွေမှာ တွေ့ရတတ်တဲ့ ရန်ကုန်မြို့က မြင်ကွင်းတွေပါ။
နောက် မြင်ကွင်း တမျိုးရှိသေးတယ်။ ရန်ကုန်မှာ သွားလာနေတဲ့ လူအများစုကြုံဖူးလေ့ရှိတဲ့ သင်္ကန်းဝတ် ပုဂ္ဂိုလ် တချို့ ဖိနပ်ပြတ် တဲ့ ပြဿနာပါ။ ရန်ကုန်မြို့ရဲ့ လူစည်ကားရာ လမ်းတွေမှာ သင်္ကန်းကို ဖြစ်ကတတ်ဆန်း ရုံထားပြီး တောင်ကြည့်မြောက်ကြည့် ရပ် နေတဲ့ ဦးပဉ္စင်း တချို့ကို တွေ့ရပါလိမ့်မယ်။ တချို့ဘုန်းကြီးတွေကျတော့လည်း သင်္ကန်းကို သပ်သပ်ရပ်ရပ် လက်ကတော့ ထိုးပြီး ဆင်မြန်း ထားကြပါတယ်။
အဲဒီ ဦးပဉ္ဖင်းတွေဘေးက ဖြတ်လျှောက်သွားမိချိန်မှာ “ဒကာလေး/ဒကာမလေး ဦးပဉ္စင်း ဖိနပ်ပြတ်သွားလို့ ဖိနပ်ဖိုးလေး လှူခဲ့ပါ” “ဦးပဉ္စင်းတို့ ဆွမ်းမဘုန်းရသေးလို့ ဆွမ်းဖိုးလေး လှူခဲ့ပါ” ဆိုပြီး အလှူခံလေ့ ရှိပါတယ်။ အဲဒီ ကိုယ်တော်တွေရဲ့ လက်ဖျံတွေ၊ လက်မောင်းတွေမှာ ဘာရုပ်မှန်းမသိတဲ့ ဆေးမင်ကြောင်တွေဖြစ်စေ၊ လက်တဆစ်နီးပါး ရှည်နေတဲ့ ဆံပင်တွေနဲ့ ဦးခေါင်းကိုဖြစ်စေ၊ ကွမ်းချေးတွေ အထပ်ထပ်ကပ်နေတဲ့ သွားမည်းကြီးတွေကိုဖြစ်စေ ကြည်ညိုချင်စရာ မကောင်းတဲ့ ဥပတိရုပ်မျိုးတွေနဲ့ တမျိုးမဟုတ် တမျိုး တွေ့ရလေ့ ရှိပါတယ်။
“အဲလိုလိုက်တောင်းတာ ကျမ ခဏခဏကြုံဖူးတယ်။ တခါတုန်းကဆိုရင် ဘူတာကြီးနားက သမ္မတ ခုံးကျော်တံတား ပလက်ဖောင်း မှာ အဲဒီလို လိုက်တောင်းတာ မလှူနိုင်ဘူးပြောလို့ ရိုင်းရိုင်းပြပြ ဆဲရေးတိုင်းထွာတာ ခံရဖူးတယ်”လို့ ကိုယ်တွေ့ကြုံရတဲ့ မိတ်ဆွေ အမျိုးသမီး တယောက်က ပြောပြတယ်။
ဒီလိုမျိုး အတွေ့အကြုံတွေကို အခုနောက်ပိုင်း ခေတ်စားနေတဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ တက်ပြီးရင်ဖွင့်တာတွေ မကြာခဏ ဖတ်ရသလို ကိုယ်တိုင်လည်း ကြုံဖူးပါတယ်။
အဲဒီ သင်္ကန်းဝတ်တွေကို ဆွမ်းဖိုးလှူမယ့်အစား ဆွမ်းဝယ်ပြီးကပ်မယ်၊ သင်္ကန်းဖိုးလှူမယ့်အစား သင်္ကန်းဝယ်လှူမယ်လို့ ပြန်ပြော မိ လို့ သင်္ကန်းကြားမှာဖွက်လာတဲ့ အဆောင်ဓားကို ထုတ်ပြတာမျိုးအထိ ကြုံဖူးသူတွေ ရှိပါတယ်။ ဒါက ရန်ကုန်လမ်းမတွေပေါ်က နောက်မြင်ကွင်း တခုပါ။
အိမ်အထိ ရောက်လာတဲ့ အလှူခံ ပုဂ္ဂိုလ်မျိုးလည်း ရှိပါသေးတယ်။ ဝါတွင်းကာလ တရက် မနက် ခပ်စောစောမှာ ကျမတို့ အိမ်တံခါးကို တယောက်ယောက်က အသံခပ်ကျယ်ကျယ်နဲ့ တဒုန်းဒုန်းထုပါတယ်။ တခါးလာအဖွင့်ကို မစောင့်ဘဲ တခါးကို ဆက်တိုက် ထုနေတဲ့ အသံဟာ ဘယ်လောက်အထိ စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။
အိမ်ရှေ့ကိုပြေးပြီး တံခါးဆွဲဖွင့်လိုက်တဲ့ အချိန်မှာ ရပ်နေတဲ့ သံဃာတပါးကို တွေ့လိုက်ရပါတယ်။ ဘာအတွက်မှန်း မသိခင်မှာဘဲ အဲဒီ ဦးပဉ္စင်းက ဝါဆိုသင်္ကန်းဖိုး အလှူခံပါတော့တယ်။ ကျပ် ၅၀၀ ကို လှူလိုက်တော့ သူက ပြန်ပြောပါတယ်။ “ ၃ ထောင် လောက် တော့ လှူပါ” တဲ့။ ၁ ထောင်ကျပ် လှူပြီး တံခါးကိုပြန်ပိတ်လိုက်တယ်။ အဲဒီ ဦးပဉ္စင်းက အပေါ်ထပ်က တိုက်ခန်းတွေကို ဆက်တက် သွားတယ်။
တပတ်လောက်နေတော့ နောက်ထပ် ဘုန်းကြီးတပါးက အလားတူပဲ အိမ်တံခါးကိုထု၊ ဝါဆိုသင်္ကန်းဖိုး အလှူခံပြန်တယ်။ ဒုတိယ အကြိမ်မှာတော့ ဘယ်လောက်လှူပါ ဆိုပြီး ဈေးမဆစ်ဘူး။
သံဃာတပါးဟာ ဝါဆိုသင်္ကန်းအတွက် အိမ်တိုင်ရာရောက် အလှူခံခွင့်ရှိပါသလား။ အိမ်အရောက် အလှူခံခွင့်ကို ဝိနည်းတော်တွေမှာ ပြဋ္ဌာန်းထားပါသလား ကျမ မသေချာပါဘူး။ ဒါပေမယ့် ဘယ်လောက်တော့ လှူပါဆိုပြီး ဈေးဖြတ်တာက အေးဓားပြတိုက်သလို ဖြစ် မနေပေဘူးလားလို့ အတွေးဝင်တယ်။ လှူလိုက်တာတွေအတွက် ကုသိုလ်တရား ပွားရမယ့်အစား သံသယစိတ်တွေနဲ့ မခံချင် စိတ်တွေပဲ ဖြစ်လာတယ်။
နောက်ပြီးတော့ ဘုရား ဆင်းတုတော်တွေကို တင်ပြီး ဘယ်ကျောင်းတိုက်အတွက်မှန်း မသိ၊ ဘာရည်ရွယ်ချက်မှန်း မသိ၊ ရတဲ့အလှူငွေကို ဘယ်လိုသုံးစွဲမယ်မှန်း မသိရဘဲ ရန်ကုန်မြို့အနှံ့ အသံချဲ့စက်ကြီးတွေ တင်ပြီး လှည့်လည်အလှူခံလေ့ရှိတဲ့ ကားတချို့ကို လည်း မြင်နိုင် ပါလိမ့်မယ်။
ရပ်ကွက်ထဲက အလှူခံတွေအကြောင်းကလည်း ပြောစရာတခုဖြစ်လာပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် မျိုးမှာ နတ်တွေကို ရည်ညွှန်းပြီး သီဆိုထားတဲ့ နတ်ချော့ တေးတွေ၊ ခေတ်အလိုက် ပေါ်လာတဲ့ ဒိုးဒိုးဒန့်ဒန့် သီချင်းတွေကို အသံ ချဲ့စက်ကြီး အစွမ်းကုန် တင်ဖွင့်ပြီး ရပ်ကွက်ထဲ လှည့်လည်နေတဲ့သူတွေကို ဘယ် ထေရ်ကြီး ဝါကြီး ဆရာတော်ဘုရားတွေက မှ မဆုံး မ၊ မပဲ့ပြင် တော့ဘူးလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။
အလားတူပဲ မြင်လို့ မသင့်တော်တဲ့အရာတခုကတော့ ကျမတို့တွေ အထွဋ်အမြတ်ထားရာ ကထိန်ပွဲတော် မြင်ကွင်း တခုပါ။ ပဒေသာ ပင်တွေ တင်ပြီး စီတန်းလှည့်လည်တဲ့ ယာဉ်တန်းပေါ်မှာ ဘီယာ၊ အရက် ဘူးတွေ၊ ပုလင်းတွေကို ကိုင်ထားတဲ့ လူကြီး၊ လူငယ်တချို့ကိုလည်း မြင်တွေ့ရတာဟာ ဗုဒ္ဓအဆုံးအမကို တန်ဖိုးထားတဲ့ ဗုဒ္ဓဘာသာဝင်တွေ အတွက်တော့ စိတ် ထိခိုက် ဖွယ် မြင်ကွင်းပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ပေါ်ထွန်းခဲ့တဲ့ ဗုဒ္ဓဘာသာဟာ ခေတ်နဲ့လျော်ညီစွာ ပြောင်းလဲရမယ်လို့ ယူဆကြ မယ်ဆိုရင်တော့ ကျမတို့မျိုးဆက်ကို ဒီလောကကြီးမှာ ထားခဲ့ရမှာ ရင်လေးစရာကောင်းလှပါတယ်။
အလှူခံနဲ့ပတ်သက်လို့ နောက်တခုကတော့ မနက်စောစော အချိန်တွေမှာ အသက်အရွယ် ကြီးရင့်နေတဲ့ ဘုန်းဘုန်းတွေကို လက် တဖက် တချက်စီက ကိုင်တွဲပြီး ရပ်ကွက်တွေလှည့် အလှူခံတဲ့ လူနှစ်ယောက် ဒါမှမဟုတ် တယောက် ကို မြင်ရတဲ့ မြင် ကွင်း ပါ။ ဘယ်ကျောင်းက ကြွလာတဲ့ ဘုန်းဘုန်းလဲ။ ဘေးက အိတ်တလုံးစီ လွယ်ပြီး၊ အဝတ်အစား ကပိုကရိုနဲ့၊ အဆီပြန် နေ တဲ့ မျက်နှာ တွေနဲ့ လူတွေက တကယ့် ကပ္ပိယ အစစ်တွေဟုတ်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။ အလှူတခုကို လှူလိုက်ရင် စေတနာ သုံးတန်ပြတ်သားတတ်တဲ့ ကျမတို့ ဗုဒ္ဓဘာသာဝင်တွေဟာ ရေသာခို အချောင်လိုက်နေသူတွေအတွက် အလုပ် အကျွေး ပြုနေရသလို မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။
အတုမှန်းမသိ၊ အစစ်မှန်း မသိတဲ့ အလှူခံတွေဟာ မြို့ကြီးပြကြီးမှာ အင်မတန် များပြားလာပါတယ်။ ဒါကို ဘယ်သူတွေက တာဝန် ယူ ဖြေရှင်း ကြရမှာပါလဲ။
သံဃ မဟာနာယက လား။ သာသနာကို အသက်နဲ့လဲကာကွယ်မယ်ဆိုတဲ့ အဖွဲ့တွေ လား။ သာသနာထွန်းကား ပြန့်ပွားရေးနဲ့ တည်တံ့ ခိုင်မြဲရေး အဖွဲ့လား။ ရဲတပ်ဖွဲ့လား။ စည်ပင်သာယာ လား။ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေလား။ အစိုးရ လား။ ကျမတို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံး လား။ ဒါဟာ အဖြေလိုနေတဲ့ မေးခွန်းတခု ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေရဲ့ ဒါနရင့်သန်တဲ့ စိတ်စေတနာကို အခွင့်ကောင်းယူနေတဲ့ ဒီလိုကိစ္စတွေကို ဖြေရှင်းဖို့၊ ဘယ်သူ့မှာ တာဝန် အရှိဆုံး ပါလဲ။
အခုလို ဘာသာရေး ပွဲလမ်းသဘင်တွေရှိတဲ့ ကာလမျိုး၊ ဝါတွင်း ကာလမျိုးတွေမှာ ရန်ကုန်မြို့ပေါ်က ဓမ္မာရုံတွေဟာ မနက် ၃ နာရီ မထိုးခင် ကတည်းက အသံချဲ့စက်ကြီး ဟီးနေအောင် ထဖွင့်တာက ပတ်ဝန်းကျင်ကို အနှောင့်အယှက် အများကြီး ပေးနေတယ် ဆိုတာ ပြောမိမယ်ဆိုရင် ပြောတဲ့သူ ရန်အလုပ် ခံရနိုင်ပါတယ်။ အသံချဲ့စက် ဥပဒေ ရှိတယ်ဆိုတာ ကြားဖူးပေးမယ့် ဘယ်ရပ်ကွက် တာဝန်ရှိသူကမှ ဓမ္မာရုံတွေကို သတိပေးတယ် ဆိုတာမျိုး မကြားဖူးပါဘူး။
ပြွတ်သိပ်နေတဲ့ တိုက်တာ အဆောက်အအုံတွေ ကြားထဲမှာ တည်ဆောက်ထားတဲ့ ရပ်ကွက် ဓမ္မာရုံတွေက အလှူခံ အသံချဲ့စက်သံ တွေဟာ လူသူ လေးပါး အိပ်စက်အနားယူနေတဲ့ အချိန်ကာလမျိုးမှာ သက်ကြီးရွယ်အိုတွေကို ဖြစ်စေ၊ မကျန်းမာတဲ့ သူတွေကို ဖြစ် စေ၊ မွေးကင်းစ ကလေးသူငယ်တွေကို ဖြစ်စေ အများကြီး စိတ်အနှောင့်အယှက် ပေးနိုင်တယ်ဆိုတာ လူတိုင်း သိပါတယ်။
အဲဒီလိုမျိုး ဘာသာရေး အရိပ်ကိုခို ခုတုံးလုပ်ပြီး ထင်တိုင်း ကျဲနေကြသူတွေ၊ အမျိုး ဘာသာ သာသနာကို ညှိုးနွမ်းအောင် လုပ်နေသူတွေ ဒီထက် ပိုများမလာဖို့ ဝိုင်းဝန်း ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။ ။