ကချင်ပြည်နယ် မန်စီမြို့နယ် နမ့်လင်းပါ ကျေးရွာတွင် ဖြစ်ပွားသည့် အစိုးရ စစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့၏ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဒုက္ခသည် ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။
အဆိုပါတိုက်ပွဲသည် နိုဝင်ဘာ ၁၆ ရက်နေ့ မှစတင်၍ ၂ ရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်က နမ့်လင်းပါ ကျေးရွာကို သိမ်းပိုက်လိုက်၍ ဒုက္ခသည်များ မန်စီမြို့နယ် မန်ဝိန်းကြီးသို့ ပြောင်းရွှေ့နေရကြောင်း၊ ဒုက္ခသည်များအတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း ကရုဏာ လူမှုကူညီရေးအဖွဲ့မှ ကိုနော်ဒင်း က ဧရာဝတီသို့ ပြောသည်။
“ဟိုတလောကတော့ အစိုးရက မန်စီမြို့နယ်မှာ မှောင်ခို ရှင်းလင်းတယ် ဆိုပြီး မုံဒိန်းပါ ကျေးရွာက ဒုက္ခသည်တွေ ဗန်းမော်မြို့ပေါ်ကို ထွက်ပြေးရတယ်။ အခုတော့ ဘာကြောင့် တိုက်တာလဲတော့ မသိဘူး။ နမ့်လင်းပါ ကျေးရွာက ဒုက္ခသည် ၂၀၀၀ ကျော် မန်ဝိန်းကြီး ကို ထွက်ပြေးနေရပြန်ပြီ။ တိုက်ပွဲက ၁၆ ရက်နေ့က စပြီး မနေ့ကအထိ ဖြစ်သွားတယ်”ဟု ၎င်းက ပြောပြသည်။
တိုက်ပွဲအတွင်း နမ့်လင်းပါ ကျေးရွာရှိ နေအိမ်များ အားလုံး နီးပါး မီးရှို့ခံရကြောင်း၊ ဒုက္ခသည်များ အတွက် မန်ဝိန်းကြီးတွင် နေထိုင် စားသောက်ရေး စီစဉ်ပေးနေရကြောင်း၊ မန်ဝိန်းကြီးတွင်လည်း ဒုက္ခသည်ပေါင်း ၂၀၀၀ ကျော်ရှိနှင့် နေကြောင်း ကိုနော်ဒင်း က ဆက်ပြောသည်။
ကချင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ဦးစန်းအောင် က“အခုလို တိုက်ပွဲတွေပြန်ဖြစ်ရင်တော့ ငြိမ်းချမ်းရေး တည်ဆောက် တဲ့နေရာမှာ အချင်းချင်း ယုံကြည်မှုကို အားနည်းစေပါတယ်။ ကျနော် ထင်တာကတော့ ရှမ်းမြောက်နဲ့ ကချင်နဲ့ဆက် တဲ့လမ်းကို ဖြတ်တောက်ချင်တဲ့ သဘောလို့လည်း ပြောလို့ရပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
ငြိမ်းချမ်းရေး တည်ဆောက်သည့် အချိန်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုကြောင့် ငြိမ်းချမ်းရေး ပျက်ပြယ်နိုင်ကြောင်း၊ အစိုးရ စစ်တပ်မှ ပြောင်းလဲမှုမရှိရင်လည်း ငြိမ်းချမ်းရေးအတွက် ခက်ခဲနိုင်ပြီး တနိုင်ငံလုံး အတိုင်းအတာအထိပင် ပြန်လည်၍ တိုက်ပွဲ ဖြစ် ပွားနိုင်ကြောင်း၊ တိုက်ပွဲ မဖြစ်ပွားရန် ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်သင့်ကြောင်း၊ နမ့်လင်းပါ ကျေးရွာတွင်ဖြစ်သည့် တိုက်ပွဲသည် ကြီး မားပြီး အချိန်အလွန် ကြာမြင့်ခဲ့ကြောင်းလည်း ဦးစန်းအောင်က ပြောဆိုသည်။
“နမ့်လင်းပါကျေးရွာက ဒုက္ခသည်တွေ ၁၆ ရက်ညနေက မန်ဝိန်းကြီးကို ခြေလျင်လာကြတယ်။ အခုထိတော့ မရောက်သေးဘူး။ ဒုက္ခသည် ၂၀၀၀ ကျော်နေဖို့ စားဝတ်နေရေးကို အခုကတည်းက ကြိုတင်စီစဉ်နေပါတယ်။ သူတို့ နေဖို့အတွက် တဲတွေဆောက် ပေး နေပါတယ်။ မန်ဝိန်းကြီးမှာလည်း ဒုက္ခသည် ၂၀၀၀ ကျော် လောက်ရှိနေတယ်”ဟု မန့်ဝိန်းကြီးမှ ဒေသခံ ဦးအောင်စိုးလင်း က ဧရာဝတီ သို့ ပြောသည်။
ဒုက္ခသည်များတွင် ကျောင်းသူ ကျောင်းသားများ၊ သက်ကြီးရွယ်အိုများ၊ ကလေးမိခင်များ၊ ကလေးငယ်များ ပါဝင်ကြောင်း သိရသည်။
အောက်တိုဘာ ၂၂ ရက်ကလည်း ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေစိုက် အစိုးရ တပ်က မန်စီမြို့နယ် အတွင်းရှိ မှောင်ခိုလမ်းများကို ဝင်ရောက်ရှင်းလင်းရာ စစ်ပြေး ဒုက္ခသည် ၅၀၀ ခန့် ဗန်းမော်မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
ကချင်ပြည်နယ်တွင်း အခြေအနေများနှင့် ပတ်သက်ပြီး ယနေ့တွင် ရန်ကုန်မြို့Business Alliance Hotel ၌ ကချင် လွတ်လပ်ရေး အဖွဲ့(KIO)က သတင်းစာရှင်းလင်းပွဲ တရပ် ကျင်းပကြောင်း သိရသည်။