အစိုးရနှင့် တိုင်းရင်းသားများ ကြားတွင် ညှိနှိုင်းရမည့် အချက် များပြားနေသောကြောင့် ယခု အချိန်အထိ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးနိုင်သေးခြင်း ဖြစ်ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့(KIO)မှ ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က ပြောကြား လိုက်သည်။
ရန်ကုန်မြို့ Business Alliance Hotel တွင် နိုဝင်ဘာ ၁၈ ရက်က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ဗိုလ်ချုပ် ဂွမ်မော် က မီဒီယာများကို ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
“ညှိနှိုင်းရမယ့် အချက်တွေက များပါတယ်။ တိတိကျကျ ပြောနိုင်ဖို့ အသေးစိတ် လေ့လာနေတယ်။ တိုင်းရင်းသား အဖွဲ့တွေ အနေနဲ့ တဖွဲ့ချင်းစီ အသေးစိတ် လေ့လာမှုကို ဒီလ၂၀ မှာ တင်ပြကြမယ်။ ဒီကျမှ ဘယ်အချက်တွေ ဖြစ်မယ်ဆိုတာ ပြောနိုင်မှာပါ”ဟု ၎င်း က ပြောသည်။
ထို့အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မူဝါဒပိုင်းတွင်ပါဝင်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အတိုင်း လိုက်နာရန်ဆိုသည့် အချက်နှင့်ပတ်သက်၍ အဆိုပါ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားပေါင်းစုံ အတူ တကွ နေထိုင်နိုင်မည့် ဥပဒေတခု မဟုတ်ကြောင်းလည်း ဗိုလ်ချုပ် ဂွမ်မော်က ထပ်လောင်း ပြောကြားသည်။
“၂၀၀၈ ဖွဲ့စည်းပုံက တိုင်းရင်းသားတွေ အတွက် တန်းတူအခွင့်အရေး ပေးနိုင်တဲ့ ဥပဒေ မဟုတ်ပါဘူး။ ဒီတော့ ဒီဥပဒေကို ကျနော်
တို့ အနေနဲ့ လက်မခံနိုင်တာပါ”ဟု ၎င်းက ပြောဆိုသည်။
နိုဝင်ဘာ ၂၅ တွင် အစိုးရဘက်က ပေးထားသည့် သဘောတူညီချက် မူကြမ်းကို အခြေခံ၍ တိုင်းရင်းသား ပေါင်းစုံ၏ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို အသေးစိတ်ရေးဆွဲပြီး အစိုးရဘက်သို့ တင်ပြသွားမည်ဟု တိုင်းရင်းသား ပေါင်းစုံ ကိုယ်စားပြုအဖွဲ့ Nation Wide Cease-Fire Coordination Team (NCCT)မှ အတွင်းရေးမှူး ၂ လည်းဖြစ်သူ ဗိုလ်ချုပ် ဂွမ်မော် က ဆက်လက် ပြောကြားသည်။
“အသစ် ရေးဆွဲမှာတော့ မဟုတ်ပါဘူး။ လိုင်ဇာမှာ ရေးဆွဲထားတာက ခေါင်းစဉ်တွေပဲ ရှိပါသေးတယ်။ အခုရေးဆွဲမှာက အဲဒီခေါင်း စဉ် တွေကို အသေးစိတ် ရေးဆွဲသွားမှာပါ”ဟု ၎င်းက ပြောသည်။
အဆိုပါ တိုင်းရင်းသားများ ရေးဆွဲထားသည့် သဘောတူညီချက်တွင် အခြေခံမူများချမှတ်ရေး၊ ရည်ရွယ်ချက်များ၊ နှစ်ဘက်လက်ခံ နိုင်သည့် လမ်းပြမြေပုံ၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ပါဝင်ရမည့် အချက်၊ စတင် အကောင်အထည်ဖော်ခြင်း၊ နှစ်ဘက် ယုံကြည်မှု တည်ဆောက်ခြင်း၊ မတရားအသင်း ပယ်ဖျက်ရေး၊ ဆွေးနွေးကာလ အစီအစဉ်၊ လက်မှတ်ရေးထိုးခြင်း၊ ပြန်လည် ထူထောင်ရေး နှင့် အထွေထွေအချက်များ စသည့် ခေါင်းစဉ်ကြီး ၁၁ ခု ပါဝင်ထားပြီး အသေးစိတ် ဆက်လက် ရေးဆွဲ၍ ဒီဇင်ဘာ လ မတိုင်မီတွင် အစိုးရထံသို့ ပြန်လည်ပေးပို့သွားရန် ရှိကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ သွားရောက်ရန် စီစဉ်ထားပြီး တိုင်းရင်းသားပေါင်းစုံနှင့် ညှိနှိုင်းဆွေးနွေးသွားရန် ရှိသည် ဟုလည်း ဗိုလ်ချုပ် ဂွမ်မော် က ဆိုသည်။ သို့သော် နိုင်ငံကူး လက်မှတ် လက်ဝယ် မရရှိသေးကြောင်း သိရသည်။
ချင်းမိုင် မြို့၌ လာမည့် နိုဝင်ဘာ ၂၁ ရက်မှ စတင်၍ ၄ ရက်ခန့် ကျင်းပမည့် ဆွေးနွေးပွဲတွင် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင် စီ (UNFC) အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပြည်တွင်း နိုင်ငံရေး ပါတီများ တက်ရောက်၍ နိုင်ငံတဝန်း အပစ် အခတ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး စသည်တို့ကို ဆွေးနွေးကြမည် ဖြစ်သည်။
“အခု ရန်ကုန်ကိုရောက်လာတာ တဘက်နဲ့တဘက် ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ အပေါင်းလက္ခဏာ ဆောင်တယ်လို့ ပြော လို့ ရပါတယ်။ ဒီခရီးစဉ်ကလည်း အစိုးရပိုင်းက စီစဉ်ပေးတာပါ”ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ် ဂွမ်မော် ရန်ကုန်သို့ ရောက်ရှိလာချိန်တွင် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံ သည်ဟု ဆိုသော်လည်း ဆွေးနွေးမှု အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
“ဦးအောင်မင်းနဲ့ တွေ့ဆုံတာမှာ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို အကြမ်းဖျင်း တင်ပြတဲ့ သဘောပါ။ ဘာမှ အသေးစိတ် မဆွေးနွေးရ သေးပါဘူး”ဟု ၎င်းက ပြောဆိုသည်။
ထို့အပြင် လက်ရှိ တိုက်ပွဲများဖြစ်ပွားနေရခြင်းနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ် ဂွမ်မော်က တိုက်ပွဲများ ဆက်လက်ရှိနေသော်လည်း
KIOအနေဖြင့် ငြိမ်းချမ်းရေး အတွက် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောသည်။
“တိုက်ပွဲတွေ ဖြစ်ရတာက မန်စီဘက်မှာ အစိုးရပိုင်းကကော ဒီဘက်ကပါ နေရာချထားမှု များတယ်။ ဒီတော့ တဘက်နဲ့တဘက် ထိ တွေ့မှုတွေ ဖြစ်နေရတာပါ။ အခုလက်ရှိအချိန်မှာ တိုက်ပွဲတွေဖြစ်နေတယ် ဆိုပေမယ့် ငြိမ်းချမ်းရေးကို သွေဖည်ဖို့တော့ မရှိပါဘူး။ ဒီ လုပ်ငန်းစဉ် ကို မပျက်အောင် လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ဆိုသည်။
ကချင်ပြည်နယ် မန်စီမြို့နယ် နမ့်လင်းပါ ကျေးရွာတွင် နိုဝင်ဘာ ၁၆ ရက်မှစတင်၍ ၂ ရက်ဆက်တိုက် အစိုးရ စစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒုက္ခသည် ၂၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။