တလောတုန်းက မြန်မာပြည်က မိတ်ဆွေတချို့ဆီကို ဖုန်းဆက်ဖြစ်ပါတယ်။ အဲသည့်ထဲမှာ တယောက်သော မိတ်ဆွေ ကတော့ အမရပူရမြို့မှာ နေပါတယ်။ အမရပူရကို ဒေသခံများက တောင်မြို့လို့လည်း ခေါ်ပါသေးတယ်။ တောင်မြို့လို့ ခေါ်ရတာကတော့ မင်းတုန်းမင်းက အမရပူရထီးနန်းကို မန္တလေးရွှေ့တော့ မန္တလေးက အမရပူရရဲ့ မြောက်ဖက်မှာ ရှိတာ ကြောင့် နန်းမြို့ဟောင်းဖြစ်သွားတဲ့ အမရပူရကို တောင်မြို့လို့ ခေါ်တာပါ။
မန္တလေးမှာ အခုတော့ အသစ်ဝင်ရောက်လာတဲ့ တရုတ်တွေက များလွန်းလှတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ တရားဝင် ဝင်လာတာလား တရားမဝင် ဝင်လာတာလား ဆိုတာကတော့ အာဏာပိုင်များက ပိုသိမှာပါ။ တောင်မြို့က မိတ်ဆွေနဲ့ ဖုန်း ပြောတော့ သူပြောတာက မန္တလေးမှာ တရုတ်တွေက အိမ်ကြီးအိမ်ကောင်းနဲ့ နေရာကောင်းတွေကို ဝယ်ယူပိုင်ဆိုင်နိုင်တာ ၁၉၉ဝ ခုနှစ်နောက်ပိုင်းနှစ်တွေက စလို့ များလာတယ်လို့ ပြောပါတယ်။
သူတို့ဟာ မြန်မာစာ မြန်မာစကားကို မရေးတတ် မပြောတတ်သလို တိုင်းရင်းသား ဘာသာစကား တမျိုးမျိုးကိုလည်း မပြောတတ်ကြဘူးလို့ သိရပါတယ်။ ဆိုလိုတာကတော့ ရှမ်းပြည်မှာ အစဉ်အဆက်နေခဲ့တဲ့ မြန်မာနိုင်ငံသား တရုတ်ဖြစ်တယ်ဆိုရင် အနည်းဆုံးတော့ မြန်မာလို မတတ်ဘူး ဆိုရင် တောင် တရုတ်လိုသာမက ရှမ်းလိုလဲ ပြောတတ်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း ရှမ်းစကားလည်း မတတ်ကြဘူးလို့ ဆိုပါ တယ်။ တချိန်ထဲမှာလည်း သူတို့တတွေဟာ မြန်မာမှတ်ပုံတင်များ ကိုင်ဆောင်ထားကြပါတယ်။
ကျနော်တို့ ငယ်ငယ်တုန်းက မန္တလေးမှာပေါက်တဲ့ မြန်မာပြည်ဖွား တရုတ်တွေဟာ တရုတ်တန်းမှာ အနေများပါတယ်။ တရုတ်စကားကော မြန်မာစကားပါ ရေလည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ကလေးများလည်း မြန်မာစာသင် ကျောင်း တွေမှာ ပညာသင်ကြတာကိုး။ အမရပူရ တရုတ်တန်းက တရုတ်အဆက်အနွယ်တွေကတော့ တရုတ်လိုတောင် သိပ်မတတ်တော့ဘဲ မြန်မာစကား မြန်မာစာကိုပဲ အသုံးပြုကြပါတယ်။
ဘုရင်က အမရပူရကနေ မန္တလေး ရွှေ့သွားတော့ တချို့သော တရုတ်အိမ်ထောင်စု တွေကလည်း မန္တလေးကို လိုက်ပြောင်းပါတယ်။ တချို့လည်း အမရပူရမှာ ကျန်ရစ်ခဲ့တာ အခုအထိပါပဲ။ အမရပူရက မြို့တည်ခဲ့တာ နှစ်ပေါင်း ၂ဝဝ ကျော်လောက် ရှိပါပြီ။ ဒါကြောင့် အထက်မြန်မာပြည်မှာ တရုတ်တွေ များများစားစား အခြေချနေထိုင်ခဲ့တာ အမရပူရမှာ ဖြစ်ပါတယ်။ သူတို့ စတင်အခြေချခဲ့တာဟာ အမရပူရ မြို့တည်တဲ့ သက်တန်းနဲ့ အတူတူလောက်ရှိနေပြီလို့ ဆိုရင်လည်း ဆိုလို့ရပါတယ်။
သူတို့တတွေဟာ တရုတ်ဆိုပေမယ့် မြန်မာဆန်တဲ့ တရုတ်တွေပါ။ မြန်မာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ စတာတွေကိုလည်း သူတို့ခုံမင်ပါတယ်။ ပွေ့ဖက်ပါတယ်။ ကျင့်သုံးပါတယ်။ ဥပမာ တခုလောက် ပြရရင် ရုပ်ရှင်ဒါရိုက်တာ ပန်းချီဆရာကြီး ဖြစ်တဲ့ ဆရာကြီး ဦးဝင်းဖေရဲ့ အဖိုးဟာ တရုတ်လူမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးမှာ တရုတ်နွယ်ဖွား ဘုရားဒကာ ကျောင်းဒကာတွေ အများကြီး ရှိခဲ့ဘူးပါတယ်။
အခုခေတ် ၁၉၉ဝ နောက်ပိုင်းကြမှ ဝင်ရောက်လာတဲ့ မြန်မာမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ တရုတ်တွေကတော့ မြန်မာ တွေနဲ့ မပေါင်းစပ်ပါဘူး။ ကူးလူးဆက်ဆံခြင်း မရှိဘူးလို့ ဆိုပါတယ်။ တခါ သူတို့ရဲ့ ဓနပိုင်ဆိုင်မှုက ကြီးမားလွန်းတော့ ရပ်ကွက်လူကြီး အဆင့်လောက်က သူတို့တိုက်တာတွေမှာ ဧည့်စာရင်းစစ်ဖို့ဆိုပြီး အိမ်တံခါးတောင် မခေါက်ရဲဘူးလို့လည်း ကြားရပြန်ပါတယ်။
ဘယ်လိုဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာ တရုတ်တွေ မန္တလေးမှာ ဒီလောက်များလာရတာလဲ။ ဘယ်သူကခွင့်ပြုခဲ့တာလဲ။ ဘာကြောင့် ခွင့်ပြုခဲ့တာလဲ။ ဘယ်လိုကြောင့် မြန်မာမှတ်ပုံတင်တွေ လွယ်လွယ်ကူကူနဲ့ ရခဲ့ကြတာလဲ။ သူတို့မှာပါလာတဲ့ ထုထည်ကြီးမားလှတဲ့ ငွေတွေက ဘယ်လိုနည်းနဲ့ ရခဲ့တဲ့ငွေတွေလဲ။ အခု မန္တလေးမှာ မှတ်ပုံတင်ကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည် ကိုင်တွယ်စစ်ဆေးမယ်ဆိုတာ ကြားရပါတယ်။ စနစ်တကျ လုပ်ဖို့တော့ လိုပါလိမ့်မယ်။ လူမျိုးရေးဖိနှိပ်တဲ့ အသွင်မျိုး ခွဲခြားတဲ့ အသွင်မျိုးနဲ့ ချည်းကပ်လုပ်ဆောင်တာမျိုး မဟုတ်ဘဲ ကိုယ့်နိုင်ငံမှာရှိနေတဲ့ တည်ဆဲလူဝင်မှုကြီးကြပ် ရေး ဥပဒေများနဲ့အညီ လုပ်ဆောင်တာမျိုး ဖြစ်ဖို့လိုပါတယ်။
သူများနိုင်ငံတွေမှာ ဘယ်လိုလုပ်ကိုင်ကြသလဲ။ ထိုင်းနိုင်ငံမှာ ကနေ့ကြုံတွေ့ ဖြစ်ပျက်နေတဲ့ ထိုင်းမှတ်ပုံတင် ကိုင်ဆောင်တဲ့ နေရာမှာ တွေ့ရတဲ့ ကိစ္စရပ်များကို တဆင့်ပြောလိုပါတယ်။ ထိုင်းနိုင်ငံမှာ လူတဦးတယောက်ဟာ ထိုင်းစာလည်းမတတ် အနည်းဆုံး ထိုင်းစကားလည်း မပြောတတ်ဘဲ ထိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားတုန်း ဖမ်းမိတယ်ဆိုရင် အဲသည့် မှတ်ပုံ တင်ဟာ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ကွန်ပြူတာ စာရင်းထဲမှာ ရှိနေတယ် ဆိုရင်တောင် အကြုံးမဝင်ပါဘူး။ ဖမ်းပါတယ်။ ဘာဖြစ်လို့တုန်း ဆိုတော့ လူဝင်မှုကြီးကြပ်ရေး အရာရှိတဦးဦး လာဘ်စားပြီး နိုင်ငံသားအဖြစ် ကွန်ပြူတာစာရင်းထဲ သွင်း ပေးထားပြီး မှတ်ပုံတင်ကို ထုတ်ပေးထားတယ်လို့ သတ်မှတ်တာကြောင့် ဖြစ်ပါတယ်။ အကယ်၍ ထိုင်းစကား အတော်လေး ပြောတတ်သူ တဦးကို ထိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားပေမယ့် သံသယ ရှိတယ်ဆိုရင်လည်း ဆက်လက်စစ်ဆေးပါတယ်။ ဘယ်လိုစစ်သလဲ ဆိုတော့ ပထမဆုံး ထိုင်းနိုင်ငံတော် သီချင်းကို ဆိုခိုင်းပါတယ်။
ထိုင်းနိုင်ငံမှာ သူငယ်တန်းကနေ အထက်တန်းအဆင့်အထိ ကျောင်းမှာ မနက်တိုင်း နိုင်ငံတော်အလံကို အလေးပြုရပြီး နိုင်ငံတော်သီချင်းကို ဆိုရတာဖြစ်လို့ ထိုင်းနိုင်ငံသားဆိုရင် လူတိုင်းနိုင်ငံတော်သီချင်းကို အလွတ်ရပါတယ်။ နိုင်ငံတော် သီချင်း ကိုတောင်မှ မဆိုတတ်ဘူးဆိုရင် ထိုင်းအခမဲ့ပညာရေး စနစ်အတွင်းမှာ ကျောင်းမနေဘဲ တသက်လုံးဘယ်ရောက် နေသလဲ ဆိုတာ မေးစရာဖြစ်လာပါတယ်။ ဆိုလိုတာကတော့ နောက်မှအသစ်ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ဖြစ်တယ် ဆိုတာ သံသယ ဖြစ်စရာရှိလာပါတယ်။
အကယ်၍ နိုင်ငံတော်သီချင်းကို ဆိုတတ်ရင်လည်း နောက်ထပ်သီချင်းတပုဒ် ရှိပါ သေးတယ်။ အဲတာကတော့ ထိုင်းနိုင်ငံဘုရင်မင်းမြတ်ကို အရိုအသေပေး စပ်ဆိုထားတဲ့ သီချင်းဖြစ်ပါတယ်။ နောက်ထပ် နိုင်ငံတော် သီချင်းတပုဒ်လို့လည်း ဆိုနိုင်ပါသေးတယ်။ ဒီသီချင်းကိုလည်း လူတိုင်းကျောင်းသားငယ် ဘဝကထဲက ဆိုလာရ တာကြောင့် ထိုင်းနိုင်ငံမှာ ကလေးဘဝကထဲက နေလာတဲ့သူဆိုရင် ဆိုတတ်ပါတယ်။
တခါ အဲဒါတွေနဲ့မှ မလုံလောက်ရင် ထိုင်းစာတွေ ရေးခိုင်းပါတယ်။ မရေးတတ်ရင်လည်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ် ရေး ဒါမှမဟုတ် ရဲအရာရှိများက သံသယဖြစ်ပါတယ်။ နောက်တချက်ကတော့ လူတိုင်းလူတိုင်းဟာ မှတ်ပုံတင်ထုတ်တဲ့ အခါမှာ သက်ဆိုင်ရာ ကျေးရွာအလိုက် ရပ်ကွက်အလိုက် မွေးစာရင်းတွေ ရှိသလို ရပ်ကွက်လူကြီးရဲ့ ထောက်ခံစာပါမှ မှတ်ပုံတင်ကို ထုတ်ခွင့်ရပါတယ်။ ကျေးရွာလူကြီးနာမည် ရပ်ကွက်လူကြီးနာမည်ကို အတိအကျ အပြောခိုင်းပါတယ်။ တခါ အိမ်နီးချင်းတွေက ဘယ်သူတွေလဲ။ သူတို့နာမည်တွေ ပြောပါဦးဆိုတာမျိုးလည်း ရှိပါသေးတယ်။
ဆိုလိုချင်တာကတော့ ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ဖို့ ပိုက်ဆံရှိယုံ တခုထဲသက်သက်နဲ့ မရဘူးဆိုတာ ပြောလိုခြင်း ဖြစ်ပါ တယ်။ ပြောရမယ်ဆိုင် လူတဦးတယောက်ဟာ မြန်မာနိုင်ငံထဲမှာ မြန်မာစကားအပြောများတဲ့ ဒေသတွေထဲမှာ မွေးဖွား ကြီးပြင်းတဲ့သူ မဟုတ်ရင်လည်း ကိစ္စမရှိပါဘူး။ ရှမ်းပြည်ထဲမှာ မွေးဖွားကြီးပြင်းတယ်ဆိုရင် အနည်းဆုံး ရှမ်းစကား၊ ရှမ်း သီချင်း၊ ရှမ်းရိုးရာ ယဉ်ကျေးမှု အစရှိတာတွေကို သိကိုသိနေရပါလိမ့်မယ်။ ချင်းပြည်နယ်မှာ မွေးဖွားကြီးပြင်းတယ်ဆိုရင် လည်း ချင်းစကား၊ ချင်းသီချင်း၊ ချင်းရိုးရာယဉ်ကျေးမှုတွေကို သိရှိနားလည်ဖို့တော့ လိုပါတယ်။ ပြည်ထောင်စုအတွင်းက တိုင်းရင်းသား ဘာသာ စကားတွေကို ဘာတခုမှ မပြောတတ် မဆိုတတ်ဘူးဆိုရင် မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင် ထားယုံနဲ့ မြန်မာ နိုင်ငံသား ဖြစ်တယ်လို့ သတ်မှတ်ဖို့ ယုံကြည်ဖို့ ခက်ခဲပါလိမ့်မယ်။
အမရပူရက မိတ်ဆွေနဲ့ ဖုန်းစကားပြောတာကို ပြန်ကောက်ပါ့မယ်။ အခု မန္တလေးမှာ နောက်ဝင်လာတဲ့ တရုတ်လူမျိုးတွေ ဟာ မန္တလေးမြို့ပေါ်က နေရာကောင်းတွေကို ဝယ်ယူနေတာကနေ မြို့အပြင်က လယ်မြေယာမြေတွေကိုလည်း ဝယ်ယူနေ တယ်လို့ မိတ်ဆွေက ပြောပါတယ်။ သူတို့ဟာ မြန်မာစကား မပြောတတ်ပေမယ့် မြန်မာမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ အတွက် မြန်မာနိုင်ငံသား စစ်စစ်တဦးလို မြေယာကို ပိုင်ဆိုင်ခွင့်တွေ ရနေတယ်လို့ ထောက်ပြပါတယ်။
ဥပမာ တခုလောက် ပြောရမယ် ဆိုရင် အမရပူရမြို့နဲ့ ကပ်လျှက်မှာ ယဉ်တော်ဆိုတဲ့ ရွာတရွာ ရှိပါတယ်။ ယဉ်တော်ရွာဟာ မိုးတွင်း ဧရာဝတီမြစ် ရေတက်ရင် ရေဝင်လေ့ ရှိတာကြောင့် အိမ်တိုင်းဟာ ခြေတံရှည်အိမ်တွေ ဖြစ်ပါတယ်။ ရွာသားအများစုဟာ ကိုင်းလုပ်ငန်းနဲ့ အသက်မွေးကြ ပါတယ်။ ကျနော်တို့ ငယ်ငယ်တုန်းကဆိုရင် ယဉ်တော်ရွာဟာ မြန်မာ့ရိုးရာလက်ဝှေ့သမားတွေ ထွက်တဲ့ရွာ အဖြစ်လည်း သိကြပါတယ်။ အမျိုးသမီး လက်ဝှေ့သမား အနည်းအပါးတောင် ပေါ်ခဲ့ဘူးပါတယ်။ အခု ယဉ်တော်ရွာထဲက အိမ်တွေမြေတွေကို မန္တလေးက တရုတ်တွေလာဝယ်နေကြတယ်လို့ ပြောပြပါတယ်။ ကျနော့် အနေနဲ့ ယဉ်တော်ရွာထဲက အိမ်တွေမြေတွေက ဘယ်လောက်တောင် တရုတ်တွေအတွက် အရေးပါနေလို့ အလုအယက် လာဝယ်ကြတာလဲလို့ တွေးနေမိပါတယ်။
နောက်တော့ သူငယ်ချင်းက ရှင်းပြပါတယ်။ အစိုးရက ဧရာဝတီမြစ်ကူးတံတား အသစ်ကြီး ဆောက်လုပ်ခဲ့တဲ့ ရွှေ ကြက်ယက် ရွာကနေ မန္တလေးတက်သေးအင်း အထိ တာရိုးဖို့ပြီး ကားလမ်းဖောက်လိုက်တဲ့အတွက် ယဉ်တော်ရွာဟာ အရင်ကလို နှစ်တိုင်းရေဝင်တဲ့ အရပ်မဟုတ်တော့ဘူးလို့ ဆိုပါတယ်။ ရေမဝင်တော့တဲ့အခါ အရင်ကလို ခြေတံရှည် အိမ်တွေ ဆောက်စရာ မလိုတော့တဲ့အပြင် ရွာကလည်း မြို့နဲ့ဆက်သွား တာကြောင့် ရွာဆိုတဲ့ အဆင့်အတန်းကနေ မြို့စွန် လူနေအိမ်ရာ အဆင့်အတန်းမျိုး ပြောင်းသွားပါတယ်။ အဲတာကြောင့်များ တရုတ်တွေ လှိမ့်ဝယ်နေတာ ဖြစ်လိမ့်မယ်လို့ မိတ်ဆွေက သုံးသပ်ပါတယ်။
အိမ်မြေဝယ်တာ ရောင်းတာဆိုတာဟာ ကမ္ဘာတည်သရွေ့ ရှိနေဦးမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင် ထားတဲ့ နောက်ဝင်လာတဲ့ တရုတ်လူမျိုးတွေ လက်ထဲ ဓားမဦးချလယ်မြေတွေ ရောက်ကုန်တာကတော့ စီစစ်ဖို့ လိုတယ်လို့ ပြောလိုပါတယ်။ သက်ဆိုင်ရာ ဥပဒေကြောင်းအရ မြန်မာနိုင်ငံသား ဖြစ်ထိုက်သူ တရုတ်လူမျိုးတွေ မြန်မာနိုင်ငံသား ဖြစ် တာကို ကန့်ကွက်စရာမရှိပါ။
ဒါပေမယ့် တဖက်မှာ တရုတ်မှတ်ပုံတင်လည်း ခိုးကိုင်ထားပြီး၊ မြန်မာမှတ်ပုံတင်ကိုလည်း ကိုင်ထားတဲ့ တရုတ်လူမျိုးတွေလက်ထဲ တိုင်းရင်းသားတွေရဲ့ မြေရာတွေ ရောက်ကုန်တာကတော့ ဘယ်လိုမှ မဖြစ်သင့်ဘူး လို့ မြင်ပါတယ်။ မြန်မာမှတ်ပုံတင် ကိုင်ဆောင်ထားရုံနဲ့ သေချာပေါက် မြန်မာနိုင်ငံသား ဖြစ်ပြီလား။ စနစ်တကျ ပြန်လည် စီစစ်တာမျိုးတွေ အလျှင်အမြန် လုပ်သင့်နေပြီလို့ ပြောလိုပါတယ်။
ဟိုတုန်းက သုံးခေါက်ချိုး မှတ်ပုံတင်တွေရဲ့ အောက်ဆုံး မှာ ရေးထားတဲ့ စာကြောင်းကတော့ “ဤသက်သေခံ လက်မှတ်ကို ကိုင်ဆောင်ထားခြင်းဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ သား ဖြစ်သည်ဟု အလျဉ်း သက်သေခံ မဖြစ်စေရ” တဲ့။