Crime

ခေတ်သစ်ပြည်သူ့ပါတီဝင် တချို့ကို လယ်သမားများ တရားစွဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လယ်ယာမြေများ ပြန်ရအောင် လုပ်ဆောင်ပေးမည် ဟုဆိုကာ ငွေလိမ်လည်သွားသည့် ခေတ်သစ်ပြည်သူ့ ပါတီဝင်ဆိုသူများကို ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ် အတွင်းရှိ လယ်သမားများက တရားစွဲဆိုထားကြောင်း သိရသည်။

လပွတ္တာမြို့နယ်ရှိ မောင်းတီးနှင့် မြွေဟောက်ကျေးရွာတို့တွင် ပါတီဝင်ရန် လယ်သမားများကို မြှူဆွယ်ပြီး အသိမ်းခံထားရသည့် လယ်ယာမြေများ ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးမည်ဟု စည်းရုံးကြောင်း၊ လယ်ယာမြေများ ပြန်ရရေး အကြောင်းပြု၍ ငွေလိမ်လည်ခဲ့ကြောင်း၊ ယခုအခါ ကိုးမိုင်ကျေးရွာ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း လပွတ္တာမြို့နယ် တောင်သူလယ်သမား သမဂ္ဂမှ ဦးလှစိုးက ဧရာဝတီသို့ ပြောသည်။

“အခုလောလောဆယ်တော့ ခေတ်သစ်ပါတီ အဖွဲ့ဝင်နှစ်ဦးကို လိမ်ညာမှု ပုဒ်မ ၄၂၀ နဲ့ ကိုယ်ကျိုးအဖြစ် အလွဲသုံးစားမှု ပုဒ်မ ၄၀၆ နဲ့
စွဲထားပါတယ်။ အမှုဖွင့်တာကတော့ ဒီလ ၁၄ ရက်က စဖွင့်ပါတယ်။ ပါတီဝင်ကတ်ကို ၆ ထောင်နဲ့ လုပ်ပေးပြီး လယ်သမားတွေကို လယ်ပြန်ရအောင် လုပ်ဖို့ မြှူဆွယ်တယ်။ ပါတီဝင်သွားတာ တော်တော်များတယ်” ဟု ဦးလှစိုးက ပြောသည်။

ဝန်ကြီးများနှင့် တွေ့ဆုံရန်ဟုဆိုကာ လယ်သမားများထံမှ ပိုက်ဆံ ထပ်မံတောင်းသွားကြောင်း၊ ခေတ်သစ်ပါတီကို အကြောင်းကြားထားပြီး ဖြေရှင်းချက် မရရှိသေးကြောင်း၊ လယ်သမားများထံမှ တောင်းယူသွားသည့် ပိုက်ဆံမှာ သိန်းရာဂဏန်းရှိကြောင်း သိရသည်။

“အခုလောလောဆယ်တော့ အမှုဖွင့်ထားတာ လယ်သမား ၄ ဦးပဲ ရှိသေးတယ်။ ကျန်တဲ့ လယ်သမားတွေကလည်း အမှုထပ်ဖွင့်ဖို့
လုပ်ဆောင်နေပါတယ်။ ကျနော်တို့က ပါတီကို ဖုန်းဆက်တော့ (အဲဒီလူတွေဟာ) ပါတီဝင် ဟုတ်ပါတယ်၊ မြို့နယ်စည်းလုံးရေးမှူး တာဝန်ယူထားတဲ့ သူတွေပါလို့ ပြောတယ်။ သူတို့နာမည်က ဦးနေလင်းနဲ့ ဦးညွန့်စိုးပါ” ဟု လပွတ္တာမြို့နယ် တောင်သူလယ်သမား သမဂ္ဂမှ ဦးမြင့်စိုးက ပြောသည်။

လယ်သမားများ၏ စာပေမတတ်မြောက်မှု၊ မသိနားမလည်မှုနှင့် လယ်ယာမြေကိစ္စတို့ကို အခွင့်ကောင်းယူက ပါတီဝင်အဖြစ် မမြှူဆွယ်သင့်ကြောင်း ဦးမြင့်စိုးက ဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ခေတ်သစ်ပြည်သူ့ပါတီ ဌာနချုပ်မှလည်း စုံစမ်းစစ်ဆေးရေး လုပ်ဆောင်နေကြောင်း၊ စစ်ဆေးပြီးသည့်အခါ မှန်ကန်မှုရှိပါက ပါတီအဖွဲ့ဝင်မှ ထုတ်ပယ်မည်ဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပါတီမုန်းတီရေး၊ အဖွဲ့အစည်းမုန်းတီရေး ဖန်တီးပြီး လုပ်ဆောင်နေပါကလည်း သေချာရှင်းလင်းပြီး သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်ကြောင်း ခေတ်သစ်ပြည်သူ့ပါတီ ဥက္ကဌ ဦးထွန်းအောင်ကျော်က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ဆီမှာ ပါတီဝင်ကတ်က တကတ်ကို ၅၀၀ ကျပ်ပဲ ရှိပါတယ်။ ၆ ထောင်ဆိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဓာတ်ပုံကြေး၊ ဖောင်ကြေးကတော့ ရှိပါတယ်။ အခုသတင်းကတော့ အကြမ်းဖျဉ်းပဲ ကျနော် သိရသေးတာပါ။ ကျနော်တို့လည်း စုံစမ်းနေတုန်းပါ” ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

ခေတ်သစ်ပြည်သူ့ပါတီသည် ခေတ်သစ် သိပ္ပံ နိုင်ငံရေး ဘောဂဗေဒ လေ့လာရေး ကျောင်းတော်သားစု ဆိုသော နိုင်ငံရေးအဖွဲ့မှ အသွင်ပြောင်းထားခြင်း ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

တနိုင်ငံလုံးတွင် စစ်တပ်မှ အကြောင်းအမျိုးမျိုးပြ သိမ်းယူထားသော မြေဧက ၂ သိန်းခွဲနီးပါး ရှိကြောင်း၊ လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် လယ်ယာမြေစုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ လွှတ်တော်စုံစမ်းရေး ကော်မရှင်သို့ စစ်တပ်နှင့် သက်ဆိုင်သော တင်ပြ တိုင်ကြားစာပေါင်း ၅၆၅ စောင်ရှိပြီး စစ်တပ်သိမ်းမြေ ဧကပေါင်း ၂၄၇၀၇၇ ဒသမ ၆၀ ရှိကြောင်း ယင်းကော်မရှင်၏ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသော အစီရင်ခံစာတွင် ပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading