သတင်း

လွှတ်တော်က နိုင်ငံတဝန်း ဒေသဖွံ့ဖြိုးရေး ကျပ် ၃၃ ဘီလီယံ သုံးစွဲမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတဝန်းလုံးတွင် ပြည်သူ လူထုကို တိုက်ရိုက် အကျိုးပြုမည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် လွှတ်တော်က ကျပ် ၃၃ ဘီလီယံကို မြို့နယ်ပေါင်း ၃၃၀ အတွက် ချထားပေးကြောင်း လွှတ်တော် အသိုင်းအဝိုင်းမှ သိရသည်။

နိုင်ငံတော်ဘတ်ဂျက်ဟု ခေါ်သော အစိုးရ အသုံးစရိတ်တွင် မပါဝင်ဘဲ ပြည်ထောင်စု လွှတ်တော်က ပြည်သူလူထု အကျိုးအတွက် တိုက်ရိုက် ချထားပေးသည့်ဘတ်ဂျက် ဖြစ်သည်။ အဆိုပါ ဘတ်ဂျက်ကို ၂၀၁၃ ခု ဧပြီလ၌ ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် စတင် ချထားပေးခြင်း ဖြစ်သည်။

ယင်းငွေများကို သက်ဆိုင်ရာဒေသရှိ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တို့၏ ဦးဆောင်မှုဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး အစီအစဉ် ၅ ခုဖြင့် အကောင် အထည် ဖော်သွားမည်ဟု ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးနုက ဧရာဝတီသို့ ပြောသည်။

ဦးစားပေးအစီအစဉ် ၅ ခုဖြစ်သော ရေရရှိရေး၊ ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး ၊ ကျန်းမာရေး နှင့် အခြား လို အပ်ချက်များ အကောင်အထည် ဖော်ရေးတို့တွင် ဒေသအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းများ ဖြစ်သော မြို့နယ် စည်ပင် သာ ယာရေး အဖွဲ့၊ စီမံခန့်ခွဲရေး အဖွဲ့၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီတို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဟု သိရသည်။

“ပြည်သူ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့နေရာမှာ လုပ်ဆောင်ချက်တွေကို ကျနော်တို့ လွှတ်တော် ပြန်တင်ရပါမယ်။ လုပ် ငန်းတွေ အားလုံးကို လွှတ်တော်ရုံးရဲ့ ခွင့်ပြုချက်နဲ့ တိုက်ရိုက်ဆောင်ရွက်မှာပါ”ဟု ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၀ မှ လွှတ်တော် အမတ် တဦးလည်း ဖြစ်သည့် ဦးနုက ပြောသည်။

ယခုကဲ့သို့ ဆောင်ရွက်ရခြင်းသည် အိန္ဒိယနိုင်ငံတွင် မဲဆန္ဒရှင် ပြည်သူလူထုအတွက် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များအတွက် သီးသန့် ရန်ပုံငွေတရပ်ကို စီမံကိန်း အသုံးစရိတ်တွင် ထည့်သွင်း ရေးဆွဲထားကြောင်း သူရ ဦးရွှေမန်းက သူ၏ အိန္ဒိယခရီးစဉ်အတွင်း သိရှိခဲ့သောကြောင့် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင် က“အခုဟာက အိန္ဒိယမော်ဒယ်။ အိန္ဒိယမှာ အောင်မြင် လို့ သူရ ဦးရွှေမန်းက သဘောကျပြီး မြန်မာပြည်ကို သယ်လာတာ။ အိန္ဒိယမှာတော့ အစိုးရက ဒီကိစ္စကို လက်ရှောင်တယ်။ အိန္ဒိယ အမတ်နဲ့ လူထုကို သူ့စည်းကမ်းနဲ့သူ သုံးခွင့်ပြုထားတယ်။ အိန္ဒိယအမတ်တွေက ဘာပြောလဲဆိုတော့ ငွေကို ကိုယ်တို့ကို မကိုင်နဲ့တဲ့။ ကန်ထရိုက် ဆောက်မယ်ဆိုရင်လည်း ကန်ထရိုက်တွေနဲ့ မပတ်သက်ဘဲနဲ့ လူထုနဲ့ပဲ တိုက်ရိုက်ပေးတွေ့ပြီး လုပ်လို့ မှာတယ်။ အခု ပိုက်ဆံကလည်း ဒေသဖွံဖြိုးရေး ဘတ်ဂျက်ဆိုပြီး ချပေးတာ။ မြို့နယ် ၃၃၀ အတွက် ကျပ် သိန်းပေါင်း ၃၃၀၀ ဆိုတာ ကျပြီး သား”ဟု ပြောသည်။

လွှတ်တော် ကိုယ်စားလှယ်များ ၏ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ချက်များနှင့် အသုံးပြုထားသော ငွေစာရင်းကို လွှတ်တော် ပြည်သူ့ ငွေ စာရင်း ပူးပေါင်းကော်မတီက စစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ယခု အစီအစဉ်အရ ဒေသတခုတွင် ဖွံဖြိုးရေးလုပ်ငန်း တခု၌ ကျပ် သိန်း ၅၀ စီ အသုံးပြုခွင့် ပေးထားကြောင်း၊ ဒေသဖွံဖြိုးရေးများကို လည်း စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီးမှ အမျိုးသား လွှတ်တော်အမတ် ဦးလှဆွေ က ဧရာဝတီသို့ ပြော သည်။

“ကျနော် နယ်က ဘဏ်တွေမှာ ငွေစာရင်းဖွင့်ပြီးပြီ။ သူတို့က ဘဏ်အကောင့်ထဲကို သိန်းတထောင်စီ လှမ်းထည့်ပေးမှာ ဖြစ်ပါတယ်။ ပြီးရင် ကျနော်တို့ ဒေသခံ လွှတ်တော်အမတ်တွေက သိန်း ၅၀ ထက်မပိုသော ဒေသဖွံဖြိုးရေးတွေကို လုပ်ရမှာ ဖြစ်ပါတယ်။ သိန်း ၅၀ ထက် ကျော်ရင်တော့ ဘတ်ဂျက်ကြီးမှာ တင်ပေါ့။ ဆိုလိုတာက စာသင်ကျောင်းမှာ သွပ်မိုးလေး မကောင်းဘူးဆိုရင် သွပ် မိုးလေး ၁၀ ချပ်လောက် လဲလိုက်ပေါ့။ ကျနော်ကတော့ ပိုက်ဆံလက်ထဲ မရောက်သေးပေမယ့် စသုံးနေပြီ”ဟုလည်း ဦးလှဆွေက ပြောပြသည်။

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရရှိလာမည့်ငွေကြေးမှာ နိုင်ငံတော် စီမံကိန်းများတွင် အသုံးပြုမည့် ငွေကြေးများကို လွှတ်တော်က စိစစ်လျှော့ပေါ့ ဖြတ်တောက်၍ ရရှိလာသည့်ပိုငွေကို အသုံးပြုခြင်းဖြစ်ကြောင်း လွတ်တော် ကိုယ်စားလှယ်များက ပြော ဆို သော်လည်း လွှတ်တော် ဘတ်ဂျက် လျာထား သုံးစွဲမှုသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွှတ်ရန်လိုကြောင်း သမ္မတရုံး အကြီး တန်း အရာရှိတဦးက ဧရာဝတီသို့ ပြောဆိုခဲ့သည်။

ယင်းဘတ်ဂျက်သည် အမှန်တကယ် ပြည်သူလူထု၏ လိုအပ်ချက်ဖြစ်ပါက ဥပဒေတရပ် ရေးဆွဲအကောင်အထည် ဖော်သင့်ကြောင်း လည်း ၎င်းက ဆိုသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လွှတ်တော်၏ လုပ်ဆောင်မှုသည် အခြေခံ ဥပဒေနှင့် ညီညွှတ်မှုရှိပြီး ဘတ်ဂျက်သီးခြားဖြင့် တရားဝင် သုံးစွဲခွင့်ရှိကြောင်း ပြည်သူ့လွတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးသန်းမောင် (စစ်တွေ)က ပြောသည်။

“လွှတ်တော် ဘတ်ဂျက် သပ်သပ်ရှိပါတယ်။ ဒါတွေက Main Body(အဓိက မဏ္ဍိုင်)တွေလေ။ အခြေခံဥပဒေ အရလည်း လွှတ် တော် က ဘတ်ဂျက် သီးခြားရှိပါတယ်။ သုံးခွင့်ရှိပါတယ်”ဟု ဦးသန်းမောင်(စစ်တွေ)က ပြောဆိုသည်။

မကွေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးရွာတချို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်နှင့် ဧရာဝတီ မြစ်ကမ်း နဘေး ရှိ ကမ်းပါးပြိူမှုကြောင့် ရွှေ့ပြောင်းရတော့မည့် စာသင်ကျောင်းလေး တခုကို ကုန်ကျစရိတ် ကျပ် ၂၆ သိန်းကို ထုတ်ပေး ထားပြီး ဖြစ်ကြောင်း အမျိုးသား လွှတ်တော်အမတ် ဦးလှဆွေကလည်း ပြောပြသည်။

ဦးလှဆွေက ဆက်လက်ပြီး“ဒီ ငွေတွေကို စည်/ပင် လက်ထဲ အပ်လိုက်လို့ကတော့ ပလုံစွပ် ဖြစ်သွားမှာဆိုတော့ ဘုန်းကြီး လက်ထဲ ကိုပဲ အပ်ထားမယ်။ အခုရွာမှာ လမ်းခင်းဖို့ လုပ်နေတော့ ဘုန်းကြီးဦးစီးလိုက်ရင် ၅ မိုင် လောက်ကတော့ ရတယ်။ မဝယ်မဖြစ် ဝယ် ရမယ့် ဘိလပ်မြေနဲ့ ဒီဇယ်ဆီတို့ပဲ သုံးမှာ။ ကျန်တာက ရွာသားတွေရဲ့ ပူးပေါင်းမှုနဲ့ လုပ်ကြမှာ”ဟုလည်း ပြောဆိုသည်။

သို့သော် ထိုသို့ လွှတ်တော်က ဒေသ ဖွံ့ဖြိုးရေးများ အတွက် ချထားပေးသော အသုံးစရိတ် အစီအစဉ်နှင့် ပတ်သက်ပြီး တချို့သော လွှတ်တော် အမတ်များက မသိရှိကြသေးကြောင်း ပြောဆိုကြသည်။

လွှတ်တော်၏ ဘတ်ဂျက်ချထားပေးမှုနှင့် ပတ်သက်၍ ရှင်းလင်းသော လုပ်ထုံးလုပ်နည်းများ ချထား မပေးသေးသောကြောင့် ရှင်းရှင်း လင်းလင်း မသိရသေးကြောင်း၊ ယခုတပတ် လွှတ်တော် နောက်ဆုံးရက်တွင် ကြေညာမည်ဟု မျှော်မှန်းထားသော်လည်း မသိရှိခဲ့ရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

“ကိုယ့်အသိ အမတ်တယောက်က လှမ်းပြောလို့ ဘတ်ဂျက်ကျတော့မယ်လို့ သိတယ်။ လွှတ်တော်ရုံးက ဘာမှ အကြောင်းမကြား ဘူး။ အခုကို သိတဲ့သူကသိ၊ မသိတဲ့သူက မသိတာတော့ မကောင်းဘူး”ဟု ဦးရဲထွန်းက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်ရုံးခန်းများ ဖွင့်လှစ်ခွင့်ကို ဥပဒေအရ ခွင့်ပြုထားပြီး ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် မိမိတို့ လိုအပ် ချက်များကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ရုံးခန်းများသို့ လာရောက် အကူအညီတောင်းခံနိုင်ကြောင်း၊ လူထု လိုအပ်သော အကူအညီများကို ဥပဒေ ဘောင်အတွင်းမှ အကူအညီပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။

အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သည့် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် ဥပဒေများတွင် လွှတ်တော် ကိုယ်စားလှယ်သည် ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် ရန်ပုံငွေ သီးခြားသုံးစွဲခွင့် ရှိသည်ဆိုသော အချက် ပါဝင်ကြောင်း၊ ၎င်းအချက်ကို သမ္မတရုံးမှ သဘော မတူခဲ့သောကြောင့် သမ္မတ လက်မှတ်မထိုးဘဲ အတည်ပြုထားသော ဥပဒေများ ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading