ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ တန်ဆောင်တိုင်ပွဲတော်ကို ပါဝင်ဆင်နွှဲဖို့ ထောင်နဲ့ သောင်းနဲ့ချီတဲ့ လူတွေဟာ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ကို ရောက်ရှိလာခဲ့ကြတယ်။
နှစ်စဉ် (တန်ဆောင်မုန်းလဆန်း) နိုဝင်ဘာလ ရောက်လာတာနဲ့ တိုင်းရင်းသားတွေဟာ ကိုယ့်အုပ်စုနဲ့ကိုယ် မီးပုံးပျံ ပုံသဏ္ဍာန် အမျိုးမျိုးကို ဝါး၊ စက္ကူတွေနဲ့ ကိုယ်တိုင် ချိုးကြပြီး ၈ ရက်ကြာ မီးပုံးပျံလွှတ် ပြိုင်ဆိုင်ကြပါတယ်။ လပြည့် နေ့မှာပြိုင်ပွဲကို အဆုံးသတ်တာ ဖြစ်ပြီး ယခုနှစ်မှာတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လပြည့်နေ့ ကျရောက်ပါတယ်။
ရှေးခေတ်က တန်ဆောာင်မုန်းလ ကထိန်ပွဲဆိုတာက ကထိန်သင်္ကန်း ကပ်လှူခြင်း အထိမ်းအမှတ်ပါ။ အခုလို နှစ်စဉ် မီးပုံးပျံ လွှတ်တင် ပြိုင်ဆိုင်လွှတ်တင်ကြတာကတော့ ဗြိတိသျှ ကိုလိုနီခေတ်က စတင်တာလို့ ဆိုပါတယ်။ သို့ပေမယ့် ဘုရားရှင်အား ရောင်စုံမီးဖြင့် ပူဇော်တာလည်း ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။
အဲဒီနေ့မှာတော့ ပုံအမျိုးမျိုး ချိုးယူပြုလုပ်ထားတဲ့ မီးပုံးပျံတွေကို ပြိုင်ပွဲကျင်းပရာ တောင်ကြီးမြို့ရဲ့ အစွန်းက ကွင်းပြင်မှာ အဆင်သင့်ပြင်ထား ပါတယ်။
ညပိုင်းမှာတော့ အလွန်အရေးကြီးတဲ့ အနေအထား ရောက်လာပါပြီ။ လူတန်းရှည် လူအုပ်စုကြီးကလည်း လွှတ်တင်မယ့် နေရာဆီကို တိုးတိုးဝှေ့ဝှေ့နဲ့ သွားနေကြပါတယ်။ အဲဒီမှာ အားပေးတဲ့ အုပ်စုတွေကလည်း ဗုံတွေတီးကြ၊ ကခုန်ကြ၊ သီချင်းကဗျာတွေ ရွတ်ဆိုကြနဲ့ အားပေးကြပါတယ်။ အဲဒီအချိန်မှာ မီးပုံးပျံကို လွှတ်တင်ဖို့ မီးခိုးတွေ စတင် ထည့်သွင်းလိုက်ပြီးနောက်၊ လွှတ်တင်တော့မယ့် မီးပုံပျံမှာ မီးရှူးမီးပန်းတွေ၊ အလှဆင် မီးတိုင်တွေ တပ်ဆင်လိုက်ပါတယ်။
လာရောက်ကြည့်ရှုတဲ့ ပရိတ်သတ်ကြီးကလည်း မီးပုံးပျံတလွင့်လွင့် မြင့်တက်သွားရာကို အံ့သြငေးမော ကြည့်ရှုနေချိန်မှာ မီးပုံးပျံမှာ တပ်ဆင်ထားတဲ့ အချိန်ကိုက် မီးရှူးမီးပန်းတွေ၊ ဗျောက်အိုးတွေက လေထဲမှာ တဒိုင်းဒိုင်းပေါက်ကွဲ၊ အလင်းရောင် စုံတွေ တလက်လက်ဖြာကျနေပါတော့တယ်။
အဲဒီလို မီးပုံးပျံတခု အမြင့်ပျံလွှင့်တင်နိုင်ဖို့ ဒေါ်လာအနေနဲ့ ထောင်ချီပြီး ကုန်ကျပါတယ်။
မီးပုံးပျံတချို့ကတော့ ကောင်းကင်ကနေ လေထီးနဲ့ တလွင့်လွင့် ပြန်ကျလာအောင် စီစဉ်ထားတွေလည်း ရှိပါတယ်။ မီးပုံပျံလွှတ်တင် တဲ့အခါ ကြိုတင်ပြင်ဆင် ထားသလို မဟုတ်ဘဲ မထင်မှတ်တဲ့ အခက်အခဲနဲ့ တွေ့ကြုံရလေ့ရှိပါ တယ်။ တခါတလေ မီးလောင် ပြုတ်ကျလာတာတွေလည်း ရှိတတ်ပါတယ်။ အဲဒီလို မီးလောင် ပြုတ်ကျလာတဲ့ အခါမှာ တော့ မြေပြင်က ကြည့်ရှုအားပေးနေတဲ့ ပရိတ်သတ်တွေက ဟိုပြေး သည်လွှား ပြေးရှောင်ပုန်းရင်း တအုန်းအုန်းနဲ့ ပါပဲ။
ပျော်စရာကောင်းပြီး အန္တရာယ်လည်း များတဲ့ ပွဲတော်ပါပဲ။