မြန်မာနိုင်ငံတွင်း စစ်ပွဲများ အပါအဝင် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ နေရပ်စွန့်ခွာ တိမ်းရှောင်နေ ရသည့် ဒုက္ခသည်များ အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ အဖြစ် အမေရိကန်နိုင်ငံက ဒေါ်လာ ၂၅ သန်း ကူညီထောက်ပံ့မည် ဖြစ်ကြောင်း သိရသည်။
အမေရိကန်၊ ဆွစ်ဇာလန်၊ ဗြိတိန်နိုင်ငံတို့မှ သံတမန် ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် အောက်တိုဘာ နှင့် နိုဝင်ဘာ လ အတွင်း ရခိုင်၊ ကရင်၊ ကယား၊ မွန်၊ ကချင်ပြည်နယ် များရှိ နိုင်ငံရေး အခြေအနေနှင့် လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေ များကို လေ့လာခဲ့ပြီးနောက် ယခုကဲ့သို့ အကူအညီပေးရေး အစီအစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ယင်းထောက်ပံ့ငွေ ဒေါ်လာ ၂၅ သန်းကို ဒုက္ခသည်များ အတွက် စားဝတ်နေရေး၊ ကျန်းမာရေး ဆိုင်ရာများတွင် အသုံးပြုသွားမည် ဖြစ်သည် ဟုလည်း ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း အစားအစာ၊ သောက်ရေသန့် ရရှိရေး၊ ရေလွှမ်းမိုးမှု ကာကွယ်ရေး၊ မွေးကင်းစနှင့် ကလေးသူငယ်များ အာဟာရ တိုက်ကျွေးရေးနှင့် ကျန်းမာရေး စောင့်ရှောက်ရေး စသည့် ကဏ္ဍများတွင် အသုံးပြုသွားမည်ဟု အမေရိကန် နိုင်ငံခြား ရေး ဝန်ကြီးဌာန ၏ ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်၌ ပါရှိသည်။
ကချင်၊ ကရင်၊ ကယား၊ မွန် ပြည်နယ်များရှိ နေရပ်စွန့်ခွာ ဒုက္ခသည်များအတွက်လည်း ယာယီ အမိုးအကာ ဆောက်လုပ်ရေး၊ အိမ်ရာ ပြန်လည် ဆောက်လုပ်ရေး၊ အစားအစာ၊ သောက်ရေသန့် ရရှိရေး နှင့် အာဟာရ ဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍများတွင် အသုံးပြု သွားမည်ဟုလည်း ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံ အရှေ့တောင်ဘက်ဒေသရှိ မွန်၊ ကရင် နှင့် ကယားပြည်နယ် များရှိ နေရပ်ပြန်လာသူများ အတွက် လူမှုဘဝပြန်လည် ပျိုးထောင်ရေး အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖန်တီးပေးရေး၊ လူမှု အဖွဲ့အစည်းကို အခြေခံ သည့် အစီအစဉ်များ အားကောင်းစေရေးနှင့် ဒုက္ခသည်များ မိမိ ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးတို့ အတွက်လည်း ကူညီ ထောက်ပံ့ သွားမည်ဟု သိရသည်။
အမေရိကန် အစိုးရအနေဖြင့် မြန်မာအစိုးရ၏ အကူအညီကိုလည်း ရယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာအလှူရှင်များ၊ နိုင်ငံတကာက အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကြေညာ ချက်က ဆိုသည်။
ထိုင်းနိုင်ငံအခြေစိုက် မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ နိုင်ကဆော့မွန်က အမေရိကန်အနေဖြင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ ကို နှစ်ပေါင်းများစွာကတည်းက တိုက်ရိုက်သော်လည်းကောင်း၊ နိုင်ငံတကာ INGO များ၊ ကုလသမဂ္ဂအေဂျင်စီ အဖွဲ့များ၊ ပြည် တွင်း ပြည်ပ အခြေစိုက် NGO များနှင့်သော်လည်းကောင်း ချိတ်ဆက် အကူအညီပေးနေခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြော သည်။
“အဓိက ဖြစ်စေချင်တာ ကတော့ ဖွံ့ဖြိုးရေးလုပ်ငန်းပဲ ဖြစ်ဖြစ်၊ အကူအညီပေးရေး လုပ်ငန်းပဲ ဖြစ်ဖြစ် နိုင်ငံတကာ NGO တွေက တဆင့် ဒေသတွင်းမှာ အလုပ်လုပ်နေကြတဲ့ လူမှုရေးအဖွဲ့အစည်းတွေကို တိုက်ရိုက် အကူအညီပေးပြီးတော့မှ ပူးပေါင်း ဆောင် ရွက်တာမျိုး ဖြစ်စေချင်တယ်”ဟု နိုင်ကဆော့မွန် က ဆိုသည်။
ယခုကဲ့သို့ အမေရိကန် အစိုးရက ကူညီထောက်ပံ့မည်ဟု ကြေညာချက်ထွက်ပေါ်ချိန်တွင် လတ်တလော ကချင်ပြည်နယ် အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ အနည်းဆုံး ၂ ထောင်ကျော် ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၁၆ ရက်နေ့ မှစတင်၍ ၂ ရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်က နမ့်လင်းပါ ကျေးရွာကို သိမ်းပိုက် လိုက်၍ ဒုက္ခသည်များ မန်စီမြို့နယ် မန်ဝိန်းကြီးသို့ ပြောင်းရွှေ့နေရကြောင်း၊ ဒုက္ခသည်များအတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း ကရုဏာ လူမှုကူညီရေးအဖွဲ့မှ ကိုနော်ဒင်း က ဧရာဝတီသို့ ပြောသည်။
ထိုကဲ့သို့ လတ်တလော နေရပ်ရွှေ့ပြောင်း ဒုက္ခသည်များအတွက် အကူအညီပေးရေး ဆိုင်ရာများသည် အစိုးရမှ လက်လှမ်း မမီသည့်အတွက် အမြန်ဆုံး ထိရောက်စွာ အကူအညီပေးနိုင်ရေး အဓိကကျကြောင်း ကချင် ဒုက္ခသည်များကို အကူအညီ ပေး နေသူများက ပြောဆိုကြသည်။