အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုတွင် နိုင်ငံအဆင့်နှင့် နိုင်ငံတကာ အဆင့် ပညာပေး မြှင့်တင်ပေးသွားမည်ဟု သိရသည်။
အဆိုပါ လှုပ်ရှားမှုအစပိုင်းအဖြစ် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ စမ်းချောင်းသာကွင်း၌ ညနေ ၃ နာရီမှ ညနေ ၆ နာရီအထိ ပြည်သူများအားလုံး ပါဝင်နိုင်အောင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် လူထုအသိပညာပေး အခမ်းအနာ အစီအစဉ်တရပ်ကို လူမှုအဖွဲ့အစည်းပေါင်း ၂၇ ဖွဲ့မှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်အထိ ၁၆ ရက်တာ ကာလအတွင်း ဂျာနယ်၊ သတင်းစာစောင်များတွင်လည်း ဆောင်းပါးများ၊ ဆောင်ပုဒ်များနှင့် သရုပ်ဖော်ပုံ ကာတွန်းများ ရေးသားထည့်သွင်း ဖော်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၂၅ နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးနေ့အတွက် ၁၆ ရက်တာ လှုပ်ရှားမှု၏ အဓိက ဆောင်ပုဒ်မှာ “အိမ်တွင်းငြိမ်းချမ်းရေးမှသည် ငြိမ်းချမ်းသော ကမ္ဘာဆီသို့” ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရန်နှင့်
ပတ်သက်ပြီး လူထုအတွင်း အသိပညာမြှင့်တင်ရန်၊ အကြမ်းဖက်မှုအား ကာကွယ်တားဆီးရာတွင် အမျိုးသားများ၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း ဒါနရှေ့ဆောင်မှ ဥက္ကဌ ကိုချမ်းငြိမ်းအောင်က ယမန်နေ့က ရွှေဂုံတိုင်ရှိ ရွှေရသာ စားသောက်ဆိုင်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“ကျနော်တို့ ဒီနှစ်အတွင်း အမျိုးသမီးကဏ္ဍနဲ့ ပတ်သတ်ပြီး လုပ်ခဲ့တဲ့ လုပ်ငန်းတွေ တော်တော်များပါတယ်။ တနိုင်ငံလုံးဆိုင်ရာ
အမျိုးသမီးတွေအသံတွေ ဦးစားပေးပြီး နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ခဲ့ပါတယ်။ ကျနော်တို့ မေ့လို့မရတာ ပြည်သူတွေထဲမှာရှိတဲ့ မိသားစုတွေမှာ အကြမ်းဖတ်မှုတွေ ပပျောက်အောင် လုပ်ရမယ်။ အမျိုးသမီးကိုတန်ဖိုး ထားလာတတ်အောင်၊ အခန်းကဏ္ဍကို အလေးအနက် ထားလာတတ်အောင်ပါ” ဟု ကိုချမ်းငြိမ်းအောင်က ဆိုသည်။
ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် မှ မမေစံပယ်ဖြူက “ကျမတို့ ဒီနှစ်လှုပ်ရှားမှု အနေနဲ့ အခြားနှစ်တွေနဲ့ မတူအောင် ဆောင်ရွက်သွားမှာပါ။ ၁၆ ရက်တာအတွက်လည်း တရက်နဲ့တရက် မတူအောင် ဆောင်ပုဒ်တွေ၊ ကာတွန်းတွေ လုပ်ထားပါတယ်။ပြီးတော့ နိုဝင်ဘာ၂၄ ရက်မှာလည်း ပြည်သူတွေအားလုံး ပါဝင်လို့ရအောင် ဂိမ်းများ၊ လက်ကမ်းစာစောင်တွေ၊ ပြဇာတ်တွေ၊သီချင်းတွေ၊ သံချပ်ထိုးတာတွေ ပါဝင်ပါတယ်”ဟု ပြောသည်။
ယခုနှစ်၏ ထူးခြားချက်မှာ အားလုံးမေ့နေတတ်သည့် အမျိုးသမီး မသန်စွမ်းအဖွဲ့များနှင့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ
အမျိုးသမီးများလည်း ပါဝင်မည် ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့်လည်း ငြိမ်းချမ်းရေး ကိုယ်စားပြုသည့် အဖြူရောင်
ကမ်ပိန်းလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မမေစံပယ်ဖြူက ဆိုသည်။
“ကျမတို့ အနေနဲ့ ဒီလှုပ်ရှားမှုကို တနိုင်ငံလုံး အတိုင်းအတာအထိ လုပ်ချင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ အနေအထား အရ
လုပ်ပိုင်ခွင့်ကျဖို့ ခက်တယ်။ အခုတော့ လားရှိုးမြို့၊ တောင်ငူမြို့၊ ဧရာဝတီတိုင်း၊ တောင်ကြီးတွေမှာတော့ လုပ်ဖို့ စီစဉ်နေပါတယ်။ နေရာအနှံ့ ပညာပေးလို့ရရင် ကောင်းတာပေါ့” ဟု ဖန်မီးအိမ်မှ မရွှေရည်ဝင်းက ဧရာဝတီသို့ ပြောသည်။
အဆိုပါ လှုပ်ရှားမှုကို ၁၉၉၁ တွင် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးခေါင်းဆောင်မှု ဗဟိုဌာန (Centre for Women’s Global Leadership) မှ နိုင်ငံတကာလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ၎င်း လှုပ်ရှားမှုကို ရေဒီယိုအသံလွှင့်ခြင်း၊ ဗီဒီယိုနှင့်ရုပ်ရှင်များ ရိုက်ကူးပြသခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ စကားရည်လုပွဲများ ကျင်းပခြင်း၊ ပြဇာတ်များ၊ ဂီတပွဲများ၊စာအုပ်ပြပွဲများ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကိုလည်း ပြုလုပ်ခဲ့ကြသည်။
၂၀၁၂ ခုနစ် နိုဝင်ဘာ ၂၅ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးကို ကျား၊ မရေးရာ တန်းတူညီမျှရေး ကွန်ရက်နှင့်အတူ တခြားလူမှုအဖွဲ့အစည်း ၂၂ ဖွဲ့တို့မှ ရန်ကုန်မြို့တွင် လူထုလမ်းလျှောက်ပွဲနှင့် ကန်တော်ကြီး ပန်းခြံတွင် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။