Crime

နေပြည်တော် ဟိုတယ်ဇုန်တွင် ဆီးဂိမ်းကာလ လုံခြုံရေး အထူးတင်းကျပ်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံက လာမည့် ဒီဇင်ဘာလ အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကာလအတွင်း နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များတွင် လုံခြုံရေးအထူးတင်းကျပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ နှင့် နမ့်ခမ်းမြို့အပါအဝင် နိုင်ငံတဝန်း  ဗုံးကွဲမှု၊ ဗုံးတွေ့ရှိမှုများ အောက်တိုဘာလ အတွင်း ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုများ ကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် အစိုးရ အုပ်ချုပ်ရေးယန္တရားအခြေစိုက်ရာ နေပြည်တော်မြို့တော်ရှိ နာမည်ကျော် သင်္ဂဟိုတယ်တွင် အောက်တိုဘာ လ ၁၄ ရက်နေ့က  တည်းခိုနေသည့် ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတဦး၏ အခန်းတွင်းသို့  ဖောက်ထွင်း ဝင်ရောက် လုယက်မှု တခု ဖြစ်ပွားခဲ့ကြောင်း၊ ဗုံးကွဲမှုများနှင့် ဖောက်ထွင်းမှုများကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနက ဆီးဂိမ်းကာလ  နေပြည်တော်ဟိုတယ်ဇုန်တွင် လုံခြုံရေး တင်းကျပ်ရန် ညွှန်ကြားလာ ခြင်း ဖြစ် ကြောင်း သိရှိရသည်။

ဆီးဂိမ်းကာလ နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များလုံခြုံရေးနှင့် ပတ်သက်၍ ညိနှိုင်းအစည်းအဝေးတခုကို နိုဝင်ဘာ ၁၁ ရက်နေ့က ကျင်းပခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမြင့်အောင်သန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်း တို့အပါအဝင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့နှင့် မှုခင်းရဲတပ်ဖွဲ့မှ ထိပ်တန်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း၊ အစည်းအဝေးတွင် ဟိုတယ်များ၏ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်မည့် အစီအစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

လတ်တလော နေပြည်တော် ဟိုတယ်ဇုန်အတွင်းရှိ ဟိုတယ် ၅၂ လုံး တွင် မိုင်းရှာ၊ ဗုံးရှာကိရိယာများ တပ်ဆင်နေခြင်း၊ ဟိုတယ်အဝင် ဂိတ်ပေါက်၊ ဝင်ပေါက်၊ လျှောက်လမ်းများ နှင့် ဟိုတယ်ခန်းများနှင့် အနီးတဝိုက်နေရာများတွင် လုံခြုံရေး ကင်မရာများကို ပိုမို တင်ဆင်ထားခြင်း၊ လုံခြုံရေး ဝန်ထမ်းများအပါအဝင် ဟိုတယ်ဝန်ထမ်း များကို လုံခြုံရေးဆိုင်ရာ သင်တန်းများ ပေးခြင်းနှင့် သက်ဆိုင်ရာက ဟိုတယ်များ၏ လုံခြုံရေး အခြေအနေကို လိုက်လံ စစ်ဆေးမှုများရှိနေကြာင်း  သိရှိရသည်။

နေပြည်တော်ဟိုတယ်ဇုန်၊ မန်းမြန်မာဟိုတယ်မှ အထွေထွေမန်နေဂျာ ဦးသန့်ဇော်ဦးက  “ ဟိုတယ်အတွင်းစည်းနဲ့ ဗဟိုစည်းကိုတော့ ဟိုတယ်မှာရှိတဲ့ လုံခြုံရေးဝန်ထမ်းတွေက ဆောင်ရွက်မယ်၊ အပြင်စည်းတွေကိုတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နဲ့ ပူးပေါင်း မှာပါ၊ အခုကတည်းက ဆီးဂိမ်းအတွက် လုံခြုံရေး အစီအစဉ်တွေ ကြိုတင်လုပ်နေပါပြီ”ဟု ပြောသည်။

သင်္ဂဟ ဟိုတယ်တွင်ဖြစ်ပွားခဲ့သော ဖောက်ထွင်းမှု အပါအဝင် ဟိုတယ်များတွင် မှုခင်းဖြစ်စဉ်များ မဖြစ်ပွားစေရေးအတွက်  ဟိုတယ်ဝန်ထမ်းများကိုလည်း လုံခြုံရေးအရ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း၊ ဖောက်ထွင်းမှုဖြစ်ပွားခဲ့သည့် သင်္ဂဟဟိုတယ်တွင်  ဟိုတယ်နှင့် တည်းခိုသူများ၏ လုံခြုံရေးကို ယခင်ထက် ပိုမိုတင်းကျပ်ထားကြောင်း သိရှိရသည်။

အောက်တိုဘာ ၂၁ရက်မှ နိုဝင်ဘာ၁ရက်အထိ  ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံ၊ တောင်ကြီးမြို့၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ၊ စစ်တွေနှင့် မြစ်ကြီးနား စသည့် မြို့ကြီးများတွင် ဟိုတယ် ဆိုင်ရာ လုံခြုံရေးသင်တန်းများ သက်ဆိုင်ရာက ပို့ချဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် အစိုးရဝန်ကြီးဌာနများသို့ ဆီးဂိမ်းကာလ လုံခြုံရေး စီမံထားရှိမှုနှင့်ပတ်သက်၍ ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ခံဖြေဆိုမည့်သူမရှိဟုသာ အကြောင်းပြန်ကြားကြသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ရက်မှ ၂၀ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ငွေဆောင်ကမ်းခြေတို့ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading