ရုရှား- မြန်မာ နှစ်နိုင်ငံ စစ်တပ်အကြား စစ်ဘက် နည်းပညာများ ပိုမိုပူးပေါင်း ဆောင်ရွက်ဖို့နဲ့ ဆက်ဆံရေး ပိုမိုတိုးမြှင့်ဖို့ ရှိကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှား- မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲ ဥက္ကဋ္ဌ အလက်ဇန္ဒား ဗာစီလီဗစ်ချ် ဖိုမင် တို့ဟာ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ဖို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါတယ်။
အခုလို ရုရှား- မြန်မာ စစ်ဘက်နည်းပညာ ပိုမိုပူးပေါင်းဆောင်ရွက်ရေး လုပ်ဆောင်လာခြင်းဟာ ယခုနှစ် ဇွန်လက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ စစ်ဘက်ဆက်ဆံရေး ဖြစ်ပါတယ်။
အဲဒီ ရုရှားခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ Lykh ovitsy နာမည်ကျော် မစ် (MiG) တိုက် လေယာဉ်များ ထုတ်လုပ်ရာ စက်ရုံ၊ တင့်ကားဖျက် ဒုံးကျည်၊ လေကြောင်းရန် ကာကွယ်ရေးနဲ့ အမြှောက် စစ်လက်နက် ပစ္စည်းများ ထုတ်တဲ့ KBP Instrument Design Bureau, JSC Admiralty Shipyards သင်္ဘောကျင်းကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။
ထူးခြားတာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အတူ စစ်အစိုးရလက်ထက် မြန်မာ့တပ်မတော်ကို ရုရှားလုပ် လက်နက် တပ်ဆင်ရေး၊ ရဟတ်ယာဉ်များ ဝယ်ယူရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ သတင်းထွက်ခဲ့သူ ဦးတေဇ အပါအဝင် တခြား စီးပွားရေး လုပ်ငန်းရှင်တွေကြီးများကို ခေါ်ဆောင်သွားခြင်း ဖြစ်ပါတယ်။
ဦးတေဇဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က MI 17 ရဟတ်ယာဉ်များ ထုတ်လုပ်ရာ ရုရှားနိုင်ငံ တာတာစတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ MI 17 စက်ရုံကို သွားရောက်ခဲ့ပါသေးတယ်။
ဒါပေမယ့် အခုအခါမှာတော့ မြန်မာ့တပ်မတော်အတွက် ရုရှားလုပ် လက်နက်များ တပ်ဆင်ရေးမှာ ကြားခံ လက်နက် ဝယ်ယူရေး ကုမ္ပဏီအဖြစ် ထူးကုမ္ပဏီအပြင် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ရင်းနှီးတဲ့ မန္တလေး အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီကြီး တခုကလည်း ဝင်ရောက် လုပ်ကိုင်လာနိုင်တယ်လို့ နေပြည်တော် စစ်ဘက်အသိုင်းအဝန်းနဲ့ နီးစပ်သူတွေ အဆိုအရ သိရပါတယ်။
အစိုးရသစ်လက်ထက် မြန်မာ့တပ်မတော်ဟာ အမေရိကန်၊ ဗြိတိန် စတဲ့ နိုင်ငံတွေနဲ့ စစ်ရေးဆက်ဆံမှုတွေ စတင် လုပ်ဆောင်နေပေမယ့်၊ စစ်ပစ္စည်းလက်နက် အကူအညီကတော့ ရနိုင်ဖွယ် မရှိသေးပါဘူး။
ဒါကြောင့်လည်း စစ်ဘက်လေ့လာသူ တချို့ကတော့ ရုရှားနိုင်ငံကနေပြီး တိုက်လေယာဉ်နဲ့ ရေငုပ်သင်္ဘော တချို့ ဝယ်ယူ ဖြည့်ဆည်းလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။